News

POST TYPE

IT

မင်းဘူးတွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲရာမှ တစ်ဦးသေဆုံး
06-Jan-2019
မကွေး၊ ဇန်နဝါရီ ၆

မင်းဘူး(စကု)မြို့နယ်၊ ပန်းတောင်းရွာအနီး ကျောက်မီးသွေးတွင်း လုပ်ကွက်အမှတ် (၃)၊ ကျင်းအမှတ် (၁) တွင် ဇန်နဝါရီလ ၅ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လုပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း မကွေးတိုင်းမီးသတ်ဦးစီးဌာနထံမှ သိရသည်။

မင်းဘူးမြို့နယ်မှ ကျောက်မီးသွေးတွင်းလုပ်သား ကျော်လင်းနိုင် (၁၈ နှစ်)နှင့် မျိုးဝေ (၂၆ နှစ်)တို့က ဒေါက်တိုင်များထောက်ပြီး ၁၂ ပေခန့်အမြင့်တွင် အသက်ကယ်လေပေါက်ကို ဂန်းစက်ဖြင့် တက်ဖောက်စဉ် ဂန်းစက်ပွင့်ထွက်ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုကြောင့် ကျော်လင်းနိုင်မှာ မေးစေ့ပေါက်ပြဲပြီး ခန္ဓာကိုယ်တစ်ပြင်လုံးအရေပြားမီးလောင်ဒဏ်ရာများဖြင့် တွင်းအတွင်း သေဆုံးခဲ့ပြီး ၊ မျိုးဝေမှာ အရေပြား မီးဟပ်ဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့သဖြင့် မကွေးတိုင်းဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း မကွေးတိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တွင်းထဲမှာ ရေနံအငွေ့ရည်ရှိတယ်၊ gas ငွေ့တွေရှိတယ်။ တိုင်းကြည့်မှ သိရတာ၊ ဖောက်စက်နဲ့ဖောက်တဲ့အခါ ဓာတ်ငွေ့နဲ့တွေ့ပြီး ပေါက်ကွဲမှုဖြစ်တာ”ဟု မကွေးတိုင်းမီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်က ပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်းတွင် (ပ)၄/၂၀၁၉၊ ပုဒ်မ- ၃၀၄(က)/၃၃၈ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း မင်းဘူးမြို့နယ်အတွင်းရှိ ကျောက်မီးသွေးတွင်းတစ်ခုပြိုကျခဲ့ရာ တရုတ်နိုင်ငံသားများအပါအဝင် လူရှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

R-23