News

POST TYPE

IT

FLICA အွန်လိုင်းအရောင်းဆိုင် တည်ထောင်သူ မပိုးဖြူသဲနှင့်တွေ့ဆုံခြင်း
27-Nov-2018
ပြည်တွင်း၌ နည်းပညာအခြေပြု စီးပွားရေးလုပ်ငန်းများကို လူငယ်များကဦးဆောင်ပြီး တည်ထောင်လုပ်ကိုင်လာကြသည်။ နည်းပညာအခြေပြု စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲ အမျိုးမျိုးကြောင့် နောက်ဆုတ်သွားကြသူများရှိသလို၊ အခက်အခဲများကို ကြံ့ကြံ့ခံပြီး ကြိုးစားရုန်းကန်ရပ်တည်နေကြသူများလည်း အများအပြားပင်ဖြစ်သည်။ ယင်းတို့အနက် FLICA အွန်လိုင်းအရောင်းဆိုင်တည်ထောင်သူ မပိုးဖြူသဲနှင့်တွေ့ဆုံပြီး နည်းပညာအခြေပြုစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် အခြေအနေများကိုမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။ 

The Voice : ပထမဆုံးအနေနဲ့ FLICA ကနေ ပေးတဲ့ဝန်ဆောင်မှုတွေကို အရင်ဆုံး မိတ်ဆက်ပေးပါဦး။
PPT : Flica ဆိုတာတော့ အင်္ဂလိပ်စကားလုံးဖြစ်တဲ့ Flicker ကို တစ်မူထူးခြားအောင် ကျွန်မတို့ နာမည်ပေးထားတာပဲ ဖြစ်ပါတယ်။ 

Flica မှာ အပတ်စဉ် အင်္ဂါနေ့တိုင်း နည်းပညာ အခြေပြုစီးပွားရေးကို လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေ၊ ခုမှစပြီး လုပ်ကိုင်ချင်တဲ့ အမျိုးသမီးတွေရဲ့ အခက်အခဲကို အချင်းချင်း ပြန်လည်ဆွေးနွေးဖို့၊ အကြံဉာဏ်ကောင်းများရရှိနိုင်ဖို့ အစီအစဉ်ကို ပြုလုပ်ထားပါတယ်။

အမျိုးသမီးတွေ အဝတ်အစား ဝတ်ဆင်တဲ့အခါမှာ နေရာကိုလိုက်ပြီး ဝတ်ဆင်ရတဲ့ ပုံစံမျိုးစုံရှိပါတယ်။ အဲဒီထဲကမှ Flica ကနေ မြန်မာ့ရိုးရာ အဝတ်အထည်၊ ရုံးတက်မယ့် Smart Culture အဝတ်အထည်၊ အဲဒီနှစ်မျိုးတည်းကိုသာ အဓိကထားပြီး Retail, Wholesale ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

The Voice : နည်းပညာ အခြေပြုစီးပွားရေးလုပ်ငန်းတွေက မြန်မာပြည်မှာ လုပ်နေကြတာတော့ နှစ်နည်းနည်းရှိသွားပြီပေါ့။ ဒါပေမဲ့ အောင်မြင်မှု အခြေအနေကတော့ ပြောရလောက်အောင် မရှိသေးဘူးထင်တယ်ဗျ။ အဲဒီအပေါ်အမြင်ကရော ဘယ်လိုရှိမလဲ။
PPT : မြန်မာနိုင်ငံမှာ နည်းပညာအခြေပြု စီးပွားရေးကို လုပ်ကိုင်တဲ့အခါ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ခက်ခဲတယ်လို့ ပြောလို့ရပါတယ်။ ဒီတော့လုပ်ငန်းရှင်တွေဟာ အခက်အခဲ အများကြီးကို ရင်ဆိုင်ရပါတယ်။ ကြိုးစားမှုကြောင့် အချိန်တိုအတွင်းမှာ အောင်မြင်မှုရသွားတဲ့လုပ်ငန်းတွေလည်း ရှိပါတယ်။ စီနီယာတွေက တက်သစ်စ လူငယ်တွေကို လက်တွဲခေါ်တာလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ နည်းပညာအခြေပြု စီးပွားရေးကို လုပ်ကိုင်နေတဲ့ နှစ်အနည်းငယ်အတွင်းမှာ တိုးတက်မှုတွေ တွေ့ရပါတယ်။ လူငယ်တွေ ကြိုးစားကြတာလည်း တွေ့ရပါတယ်။

The Voice : တခြားအွန်လိုင်းအရောင်းဆိုင်တွေလည်းရှိမယ်။ အဓိကအားဖြင့် Facebook ပေါ်မှာ ကြော်ငြာပြီး ရောင်းတာပေါ့လေ။ ဒါတွေနဲ့ မတူအောင်ရော FLICA မှာ ဘယ်လိုစီစဉ်ထားသလဲ။
PPT : လုပ်ငန်းတစ်ခုကို စတင်တဲ့အခါ လတ်တလော ဈေးကွက်ထဲမှာရှိနေပြီးသား လုပ်ငန်းတွေထက် တစ်မူထူးခြားအောင် လုပ်နိုင်မယ့်နည်းလမ်းကို သေချာစဉ်းစားရပါတယ်။

Flica မှာ ဈေးဝယ်တဲ့အခါ Customer အနေနဲ့ လူကိုယ်တိုင်နဲ့ ဈေးဝယ်ချင်သလား ဒါမှမဟုတ် ပိုပြီး လွယ်ကူမြန်ဆန်အောင် Messenger Bot နဲ့ ဈေးဝယ်မလားဆိုပြီး နှစ်မျိုးရှိပါမယ်။ Messenger Bot လို့ဆိုရာမှာ ယခု လတ်တလောဆိုရင် JCGV လို ရုပ်ရှင်ရုံတွေမှာ သုံးနေတာကို တွေ့ရပါတယ်။ Online ကနေ အဝတ်အထည်တွေကို လွယ်ကူမြန်ဆန်အောင် Messenger Bot နဲ့ တစ်ခါတည်း ဈေးဝယ်နိုင်မှာဖြစ်ပါတယ်။

နည်းပညာ အခြေပြု စီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်ချင်တဲ့ အမျိုးသမီးတွေအနေနဲ့ ရုံးတစ်ဖက် ကျောင်းတစ်ဖက်နဲ့ ဈေးရောင်းချင်တယ်ဆိုရင် Flica ဆီကနေ Wholesale ယူပြီး ကြိုတင် Prepaid ငွေပေးချေစရာမလိုဘဲ အလွယ်တကူ ရောင်းချနိုင်မှာဖြစ်ပါတယ်။

နောက်ပြီးတော့ Flica က အဓိကထားပြီး ရောင်းတဲ့ ကုန်ပစ္စည်းနှစ်မျိုးတည်းပဲ ရှိပါတယ်။ ဒါဟာလည်း အရည်အသွေးကို ထိန်းသိမ်းတဲ့သဘောပါရှင့်။

အမျိုးသမီးများရဲ့ အခက်အခဲကို အပတ်စဉ် အင်္ဂါနေ့တိုင်း အချင်းချင်း ဆွေးနွေးကြတာ ဖြစ်တာကြောင့် Flica ဆီကနေ ပညာရေးဗဟုသုတတွေ ရမယ်လို့ထင်ပါတယ်။

ဒါတွေက Flica ရဲ့ တစ်မူထူးခြားပြီး စိတ်ဝင်စားစရာကောင်းမယ့် အစီအစဉ်တွေပါ။

The Voice : မပိုးဖြူသဲအနေနဲ့လည်း ဖန်တီးရာရဲ့ Founder Institute အစီအစဉ်မှာ တက်ရောက်အောင်မြင်ထားတာတွေလည်း သိရပါတယ်။ ဒီလိုအစီအစဉ်တွေကနေ လူငယ်တွေအတွက် နည်းပညာအခြေပြုစီးပွားရေးလုပ်ငန်းတွေ စတင်လုပ်ကိုင်နိုင်ဖို့ ဘယ်လောက်အထိ အတွေ့အကြုံတွေ ပေးနိုင်သလဲဗျ။
PPT : ဟုတ်ပါတယ်။ ကျွန်မက Founder Institute Graduate First Batch မှာ တက်ရောက်အောင်မြင်ထားတာ ဖြစ်ပါတယ်။ Founder Institute တက်ရောက်နေတုန်းကလည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများရှေ့မှာ Pitching ပြုလုပ်တာနဲ့ပတ်သက်ပြီး ဆုရခဲ့ဖူးပါတယ်။ 

Founder Institute က သင်တန်းသဘောမျိုး မဟုတ်ပါဘူး။ အတော်များများဟာ စာသင်တဲ့ သင်တန်းလို့ပဲ ထင်နေကြလို့ပါ။ ၃ လခွဲကာလအတွင်းမှာ စီးပွားရေးတစ်ခုကို စတင်ဖို့ ကိုယ်တိုင် ခက်ခက်ခဲခဲ လက်တွေ့လုပ်ရတဲ့နေရာဖြစ်ပါတယ်။ Graduate တစ်ယောက် ဖြစ်လာဖို့ ထင်သလောက်တော့ မလွယ်ကူပါဘူး။ Founder Institute မှာ တက်ရောက်ခဲ့တဲ့အတွက် ပညာတွေ အများကြီးရခဲ့ပါတယ်။ စိန်ခေါ်မှုတွေ ရင်ဆိုင်ရတဲ့အခါ Phandeeyar ကလည်း နွေးနွေးထွေးထွေး ကြိုဆိုကူညီပေးခဲ့ပါတယ်။ ကျွန်မတို့ဟာ မိသားစုတွေလိုပါပဲ။

ကျွန်မဆိုရင် ကျောင်းသူဘဝကနေ လုပ်ငန်းတစ်ခုကို ဘယ်လိုစတင်လုပ်ရမလဲ နားလည်ခဲ့ရပါတယ်။ ဒါဟာ ထူးခြားတဲ့ကိစ္စပါ။ နောက်ဆုံး ကျွန်မ ဘာမှဆက်မလုပ်တော့ဘူး ဆိုရင်တောင် လုပ်ငန်းတစ်ခုရဲ့ လုပ်ဆောင်နေတဲ့ သဘောသဘာဝကို စနစ်တကျ သိရှိခွင့်ရခဲ့ပါတယ်။

အကယ်၍ လုပ်ငန်းတစ်ခုဟာ နိုင်ငံတကာကို ထိုးဖောက်တဲ့အခါ စနစ်တကျရှိမှုဟာ အများကြီး စကားပြောပါတယ်။

The Voice : ပြည်တွင်းမှာက ဒီလိုနည်းပညာ အခြေပြုစီးပွားရေးလုပ်ငန်းတွေအတွက် အထောက်အပံ့ပေးတဲ့ အစီအစဉ်တွေ နည်းနေသေးတယ်လို့ ပြောနိုင်မလားဗျ။ ကျွန်တော်သိသလောက်ဆို နှစ်စဉ်ပြိုင်ပွဲ လေးငါးခုလောက်ပဲ ရှိမယ်ထင်တယ်။
PPT : ခုနောက်ပိုင်း ICT ကဏ္ဍကို ပိုပြီး အားပေးလာတာကို တွေ့ မြင်ရပါတယ်။ လူငယ်တွေအတွက် အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ နည်းပညာနယ်ပယ်ထဲမှာ အောင်မြင်နေတဲ့ ဆရာ၊ ဆရာမများကလည်း တတ်နိုင်သလောက် Event ပွဲတွေ စီစဉ်ပေးနေတာ ရှိပါတယ်။ တတ်နိုင်သလောက်လက်တွဲ ခေါ်နေပါတယ်။ လစဉ် Meet Up လေးတွေလည်း ရှိပါတယ်။ ဒါကြောင့် ပြိုင်ပွဲတွေကတော့ နောက်ပိုင်းမှာ ပိုများလာမယ်ထင်ပါတယ်ရှင်။

The Voice : မပိုးဖြူသဲက FLICA တင်မကဘဲ ဘလော့ဂ်လည်း ရေးတာတွေ့မိပါတယ်။ အဲဒီအပိုင်းလည်း ပြောပြပေးပါဦး။
PPT : ကျွန်မရည်ရွယ်ချက်က ရိုးရှင်းပါတယ်ရှင်။ ကျွန်မက စာဖတ်ရတာ စာရေးရတာ ဝါသနာပါ,ပါ တယ်။ ဒါကြောင့် စာမရေးရရင် မနေနိုင်တာကြောင့် Blog တစ်ခုမှာ Topic တစ်ခုတည်ပြီး စာရေးလိုက်တာပါ။ ကျွန်မရဲ့ ပိုးဖြူသဲဆိုတဲ့ Personal Blog မှာ အပတ်စဉ် သောကြာနေ့ ည ၈ နာရီတိုင်း Business Tips 100 Series ကို ရေးသားနေပါတယ်။ Business လို့ ပြောရာမှာ အများကြီး ကျယ်ပြန့်ပါတယ်။ အကုန်လုံးကိုတော့ ကျွန်မ မသိနိုင်ပါဘူး။ ကျွန်မ တွေ့ကြုံခဲ့ရတာတွေ အခက်အခဲတွေ သင်ခန်းစာ ယူခဲ့ရတာတွေကို နောက်ထပ်လူငယ်တွေ သိအောင် တတ်နိုင်သလောက် အဆိပ်အတောက်ကင်းကင်းနဲ့ စေတနာနဲ့ မျှဝေနိုင်ဖို့ ကြိုးစားနေပါတယ်။

The Voice : မြန်မာနိုင်ငံရဲ့ နည်းပညာ လုပ်ငန်းခွင်က လွန်ခဲ့တဲ့နှစ်တွေမှာ အမျိုးသားတွေ အများစုပေါ့လေ။ အခုနှစ်ပိုင်းတွေနဲ့နှိုင်းယှဉ်ရင် အမျိုးသမီးတွေ ပါဝင်လာတဲ့ ပမာဏက ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်ရှိမလဲ။
PPT : နည်းပညာအခြေပြုစီးပွားရေးကို လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေ များပြားလာဖို့ အစီအစဉ်တွေကို ခုနောက်ပိုင်း အများကြီး အားပေးလာတာ တွေ့ရပါတယ်။ Event ပွဲတွေလည်း အများကြီး စီစဉ်နေကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ကဆိုရင် Women Entrepreneurship Day ဖြစ်တာကြောင့် အမျိုးသမီးတွေ ပါဝင်လာမှု များပြားလာရေးအတွက် ကြိုးစားကြတာ တွေ့ရပါတယ်။

နည်းပညာ နယ်ပယ်ထဲမှာ အမျိုးသမီးတွေ ပါဝင်လာမှု ဒီနောက်ပိုင်းမှာ များလာပါတယ်လို့ ဆိုရပါမယ်။

The Voice : နည်းပညာ အခြေပြုစီးပွားရေးလုပ်ငန်း ဆိုတာဘက်ကို ပြန်သွားရအောင်ပါ။ မပိုးဖြူသဲ တစ်ခါပြောဖူးတာ မှတ်မိနေပါတယ်။ လူငယ်တွေက နည်းပညာအခြေပြုလုပ်ငန်းလုပ်ကိုင်ဖို့ နည်းပညာပိုင်း ကျွမ်းကျင်ဖို့လိုတယ်လို့ ထင်နေကြတယ်ဆိုတာ။ အဲ့ဒီ ကွဲလွဲချက်လေး ရှင်းပြပေးပါဦး။
PPT : နည်းပညာ အခြေပြု စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ဖို့ နည်းပညာအကြောင်း သေချာသိနေရင်တော့ ပိုကောင်းပါတယ်။ ဒါမှ နည်းပညာနဲ့ပတ်သက်ပြီး အခက်အခဲ တစ်ခုခုရှိရင် ချက်ချင်း သိနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပညာအကြောင်း အကြမ်းဖျင်း သိထားရင်လည်း နည်းပညာအခြေပြုစီးပွားရေးကို လုပ်ကိုင်နိုင်ဖို့ အခွင့်အလမ်းရှိပါတယ်။ အဓိက,က ကြိုးစားမှုပါပဲ။

The Voice : နောက်ဆုံးအနေနဲ့ပေါ့လေ။ နည်းပညာအခြေပြုလုပ်ငန်းတွေ ပိုပြီးထွန်းကား လာဖို့နဲ့ လူငယ်တွေအတွက် အခွင့်အလမ်းတွေ ပိုပြီးရလာဖို့အတွက် ဘယ်လိုအထောက်အပံ့တွေ လိုအပ်နေဦးမလဲ။ အချုပ်အားဖြင့်ရော ဘာများဖြည့်စွက်ပြောဖို့ရှိဦးမလဲဗျ။
PPT : ICT ကဏ္ဍဖွံ့ ဖြိုးရေးအတွက် အများကြီး လုပ်ဆောင်လာတာကြောင့် အထောက်အပံ့တွေတော့ ရနေမှာပါ။ ဒီထက်ပိုပြီး Event ပွဲတွေ စီစဉ်ပေးနိုင်ရင် ပိုကောင်းပါမယ်။

လူငယ်တွေ အချိန်ရှိတုန်း ကြိုးစားကြပါ။ အရင်ကထက်စာရင် အခွင့်အလမ်းတွေ အများကြီး ပွင့်လင်းလာပါပြီ။ ICT ကဏ္ဍဖွံ့ဖြိုးရေးအတွက် အဘက်ဘက်ကနေ ကြိုးစားနေကြတာတွေ ရှိပါတယ်။ ကျွန်မလည်း တတ်နိုင်သလောက် ကျွန်မရဲ့ Personal Blog မှာ ကျွန်မသိသလောက် စေတနာနဲ့ မျှဝေပေးနေပါတယ်။ Flica ကနေ စိတ်ဝင်စားစရာ ဘယ်လို အစီအစဉ်တွေ လာဦးမလဲဆိုတာလည်း စောင့်မျှော်အားပေးဖို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

မောင်မန်း