News

POST TYPE

IT

ဆိုင်ကယ်အင်ဂျင်ဖြင့် မော်တော်ကားငယ်များကို ဆန်းသစ်တီထွင်ခဲ့သူ ကိုမျိုးဇော်ဦးနှင့်တွေ့ဆုံခြင်း
21-Nov-2018

မိသားစုပိုင်လုပ်ငန်းကိုလုပ်ကိုင်ရင်း အားလပ်ချိန်များတွင် ဆိုင်ကယ်အင်ဂျင်ဖြင့် မော်တော်ကားငယ်များကို ဆန်းသစ်တီထွင်ခဲ့သူ မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်ရှိ ဦးမြင့်ဦးနှင့်သားများတွင်ခုံနှင့် သံဂဟေလုပ်ငန်းမှ ကိုမျိုးဇော်ဦး၏သတင်းမှာ ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေပန်းစားလျက်ရှိသည်။ ကိုမျိုးဇော်ဦးသည် လက်ရှိတွင် ဆိုင်ကယ်အင်ဂျင်ဖြင့် မော်တော်ကားငယ်သုံးစီး တီထွင်ထုတ်လုပ်ထားနိုင်ပြီဖြစ်ရာ တတိယမြောက်တီထွင်ထားသော ပြိုင်ကားပုံစံကြောင့် လူမှုကွန်ရက် စာမျက်နှာထက်တွင် ရေပန်းစားခဲ့ပြီး မှာယူသူအရေအတွက် ၂၀ ဦးခန့်အထိပင် ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ကိုမျိုးဇော်ဦး၏ အလုပ်ရုံသို့ The Voice Daily သတင်းစာမှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : မင်္ဂလာပါ ကိုမျိုးဇော်ဦး။ ခင်ဗျားအနေနဲ့ ဒီလို ဆန်းသစ်တီထွင်မှုကို ဘာကြောင့်လုပ်ခဲ့တာလဲ။ ဘယ်တုံးကစပြီး လုပ်ခဲ့တာလဲ။
KMZO : ကားထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်ပုံကိုယ်ရိုက်ပြီး အလှကြည့်ဖို့ ချိတ်ဆွဲတာတဲ့၊ ကိုယ်တိုင်ပန်းချီဆွဲပြီး ကြည့်ရတဲ့ ခံစားမှုချင်းမတူနိုင်ဘူး။ ဒါကို ပုံဆွဲသူတိုင်း သဘောပေါက်မှာပါ။ ဆိုင်ကယ်လည်း မစီးချင်ဘူး။ ကားဖိုးလည်း မတတ်နိုင်ဘူးဆိုသူတွေအတွက် ထသွားထလာသုံးနိုင်တဲ့ တန်ဖိုးနည်း မီနီလေးအဖြစ် ရည်ရွယ်ပါတယ်။ ဒီကားတွေက ကျွန်တော် ၂၀၁၃ မှာ သတင်းစာတွေ နေ့တိုင်းကြည့်တယ်။ အိန္ဒိယမှာ ဆိုင်ကယ်အင်ဂျင်နဲ့ ကားထုတ်ပြီး ရောင်းတယ်။ မိုးလုံလေလုံ နှစ်ယောက်စီးပေါ့နော်။ အဲဒီသတင်းကိုဖတ်ပြီး ပုံလေးမြင်ပြီးတော့ ကျွန်တော့်အိမ်မှာ ဆိုင်ကယ်အင်ဂျင် အပိုလေးတစ်လုံးရှိတယ်။ ကိုယ်လည်း ဒီလိုလုပ်လို့ရတယ်ဆိုပြီး (အဖြစ်ပေါ့နော်)။ ဒါနဲ့ အကောင်အထည်ဖော်ဖြစ်သွားတာပါ။

Voice : ပထမဆုံးဆိုတဲ့ အဲဒီကားကို ဘယ်လောက်ကြာအောင် လုပ်ခဲ့ရလဲ။ အခုကားကရော ဘယ်နှစ်စီးမြောက်လဲ။
KMZO : သုံးလေးလလောက်တော့ ကြာတယ်။ အလုပ်အားတုန်းလုပ်တယ်။ အကြမ်းဆိုတော့လေ။ ခုကားကတော့ တတိယမြောက်ပါ။ ဒုတိယမြောက်ကားကတော့ လူတွေကလည်း စီးချင်ကြတယ်။ ထုတ်ရောင်းပေါ့နော်။ အဲဒီလိုနဲ့ လူတွေကပြောကြတယ်။ အဲဒီလိုပြောကြတော့ ကျွန်တော် စက်မှုဇုန်ဥက္ကဋ္ဌဆီ သွားတယ်။ အဲဒီတုန်းက စက်မှုဇုန်ခေတ်ဆိုတော့ ကျွန်တော် စက်မှုဇုန်လိုက်ထရပ်လည်း ဆင်သေးတယ်။ ပထမကားလေးနဲ့ပေါ့။ ကျွန်တော်က ဒီလိုပုံ မလုပ်ချင်ဘူး၊ အရှည်က ဘယ်လောက် စသည်ဖြင့်ပေါ့နော် သူတို့က အဲဒီလိုပြောမရဘူး ပုံစံကို Final ချိုးခဲ့လိုက်။ အဲဒီဟာရပြီဆိုရင် စက်မှုဇုန် ဂျစ်တွေလိုပဲ အပေါ်ကို (စက်မှု-၁) ကိုပြမယ်ပေါ့။ အဲဒီမှာ လိုအပ်တာတွေ သူတို့က ပြောလိုက်တယ်။ လိုအပ်တဲ့ Safety ပိုင်းတွေ သတ်မှတ်ပြီးမှ ထုတ်မယ်ပေါ့နော်။ ကျွန်တော် ဆင်တုန်းရှိသေးတယ် စက်မှုဇုန်ကားတွေက ပိတ်သွားတယ်။ စက်မှုဇုန်ကားတွေ တစ်နိုင်ငံလုံး ထုတ်ခွင့်ရပ်လိုက်ပြီဆိုတော့ မရတော့ဘူးဆိုပြီး ဒုတိယမြောက်ကားကို ကျွန်တော် စီးနေတာပေါ့နော်။ အဲဒါက ဇိမ်ခံကားမဟုတ်ဘူးဆိုပေမယ့် ဆိုင်ကယ်အစားထိုး ဇိမ်ခံကားပေါ့နော်။ ဝါသနာက တားမရတော့ ပိုက်ဆံစုရင်းစုရင်းနဲ့ တတိယကားကို ဆင်ဖြစ်သွားတာပါ။ ဒီကားကတော့ လုပ်ငန်းလုပ်လိုက် ဒါလေး လုပ်လိုက်ဆိုတော့ ခုနစ်လလောက် ကြာသွားတယ်။ ဒီလထဲမှာပြီးပြီးချင်း ကျွန်တော်ထုတ်မောင်းပြီး အွန်လိုင်းပေါ် တင်လိုက်တော့ ပျံ့သွားတာပါ။

Voice : ဒီလိုကားတွေ ထွင်တဲ့အခါမှာ ဘယ်လို အခက်အခဲတွေကြုံရလဲဗျ။
KMZO : ပစ္စည်းတွေ အများကြီး လိုတယ်။ ပြီးတော့ နည်းပညာပိုင်းဆိုင်ရာတွေ လိုတယ်။ ငွေရေး ကြေးရေးလည်း လိုတာပေါ့။ အဓိကတော့ အချိန်ပေါ့နော်။ ပစ္စည်းပိုင်းမှာ ကိုယ်လိုချင်တဲ့ပစ္စည်း ဝယ်မရဘူး။ ဥပမာ - ကိုယ်လိုချင်တဲ့ ဘက်မှန်ကတစ်မျိုး ရတာကတစ်မျိုး၊ စတီယာတိုင်ခွေဆိုရင် ကျွန်တော်လိုချင်တာက အသေးလေး အခုဟာက အကြီးတပ်ထားတယ်။ မှန်တွေဆိုရင် ဖိုင်ဘာတွေကို မီးပေးကွေးပြီးတော့ ကိုယ်လိုချင်သလို လုပ်ထားတာ။ မှန်အတွက် မှန်စက်ရုံမှာ လုပ်နိုင်ရင်တော့ပိုပြီး စမတ်ကျမှပေါ့။ လိုအပ်တဲ့အပိုင်းတွေ ရှိပါတယ်။ လက်ဖြစ်ဆိုတော့ စက်ဖြစ်လောက်တော့ မကောင်းဘူးပေါ့။

Voice : ဒီကားရဲ့အင်ဂျင်ပါဝါနဲ့ စွမ်းဆောင်နိုင်မှုတွေကိုလည်း ရှင်းပြပေးပါဦး။
KMZO : သုံးဘီးအင်ဂျင် ၂၅၀ စီစီကို သုံးထားတယ်။ အနည်းဆုံး ၃၀၀ စီစီလောက်နဲ့မှ လိုက်မှာ။ ဆီတစ်ဂါလန်ကို ၅၅ မိုင်လောက်ရတယ်။ ကားက ၅၃၀ ကီလိုဂရမ်ဆိုတော့ နည်းနည်း ဝိတ်များတယ်။ သံတွေနဲ့ ချိုးထားတာ။ တကယ်တမ်းက ရှေ့နောက်ဘန်ပါတွေက ဖိုင်ဘာတွေဖြစ်ရမှာ။ အလေးချိန်လျော့နိုင်ရင် ဒီထက်ပိုပြေးမယ်၊ ပိုသွက်မယ်။ လူနှစ်ယောက်စီး။ အော်ရဂျင်နယ်အင်ဂျင်နဲ့ ဂီယာဘောက်ဆိုရင် ဂီယာ ငါးချက်ကို ကီလိုခြောက်ဆယ်ပဲပြေးတာ။ ကျွန်တော်က ပြန်ထွင်ပြီးထည့်ထားတော့ ဂီယာခြောက်ချက်ပါ။ ဘက်ဂီယာနဲ့ဆို ခုနစ်ချက်ပေါ့။ အခု ပျမ်းမျှကတော့ တစ်နာရီ ကီလို ၇၀ (၄၅ မိုင်ခန့်) ပါ။

Voice : ဒီကားနဲ့ပတ်သက်ပြီး အန္တရာယ်ကင်းကင်းနဲ့ စိတ်ချ လက်ချ မောင်းနိုင်ဖို့ ဘာတွေလုပ်ထားလဲ။
KMZO : Safety ဖြစ်ဖို့က ရှေ့မှာ ဘတ်တာဖိုင်းတွေနဲ့။ ဘောဂျွိုင်းတွေ၊ တိုက်ရော့တွေကို ကျွန်တော်က တွင်ခုံဆရာ ဖြစ်တဲ့အတွက် ဒီလိုအောက်ပိုင်းကတော့ ကောင်းကောင်း နားလည်တဲ့အတွက် ကြံ့ခိုင်မှုပိုင်းမှာ ကီလို ၇၀ လောက်နဲ့မောင်းရင်တောင် ကားက လုံးဝလူးမသွားရဘူး။ တုံ့မသွားရဘူး၊ စတီယာတိုင် လွှတ်ထားပြီး မောင်းလို့ရတယ်။ အလိုင်းမင်းတွေ အကုန်တည့်တယ်။ နောက်ပိုင်းဆိုရင်လည်း ကရောင်းကို သေချာချိတ်ဆက်ပြီး လုပ်ထားတယ်။ ၂၀၁၅ တုန်းက ကားနဲ့ဆိုရင် နေပြည်တော်တို့၊ မန္တလေးဘက်တို့ အကုန်ပတ်သွားနိုင်တယ်။ ဒုတိယကားတုန်းကတည်းက နယ်စုံခဲ့တဲ့ အတွေ့အကြုံရှိတဲ့အတွက် Safety ပိုင်းမှာ အခုကပိုစိတ်ချရပါတယ်။

Voice : ကားရဲ့တန်ဖိုးက ၁၆ သိန်းလောက်ကုန်တယ်ပြောတယ်။ ဟုတ်သလားဗျ။
KMZO : အခုဆင်လိုက်တာကတော့ ပစ္စည်းကောင်းတာတွေသုံးလိုက်တော့ အရင်းက ၁၆ သိန်းလောက်ရှိတယ်။ လက်ခထည့်မယ်ဆိုရင် လူတစ်ယောက် နေ့စားစရိတ်က ခုနစ်ထောင်လောက်ရှိတယ်။ လူနှစ်ယောက် တစိုက်မတ်မတ်လုပ်မယ်ဆိုရင် သုံးလလောက်ကြာမယ်။ ကုမ္ပဏီတွေ စက်ရုံတွေအနေနဲ့ တစ်ယောက်တစ်မျိုး လုပ်မယ်ဆိုရင်တော့ ဒီကားမျိုးက ခဏပါ။ လက်ခက ၁၅ သိန်းလောက်ကျမယ်။ စုစုပေါင်းသိန်း ၃၀ လောက်ကျသင့်မယ်။

Voice : အဲဒီလောက်ငွေပဲကုန်မယ်ဆိုတော့ လာမှာတဲ့သူရောရှိလား။
KMZO : ရန်ကုန်က လူကလည်း ရောင်းပေးပါတဲ့၊ မြိတ်ကလူကလည်း သူစီးချင်လို့ ဒါကိုရောင်းပေးတဲ့၊ စုစုပေါင်းလူ ၂၀ လောက်ရှိပါတယ်။ ကျွန်တော်ကလည်း မိုမရှိသေးလို့ ရောင်းလိုတော့ မရသေးပါဘူး။

Voice : ဝါသနာအရရော စီးပွားရေးအရရော အနာဂတ်မှာ ဒီလိုကားတွေ ဆက်လုပ်ဖို့ရှိသေးလား။
KMZO : ကျွန်တော်တစ်ယောက်တည်းကတော့ မဖြစ်ပါဘူး။ တကယ်လို့ ဘေးက အထောက်အပံ့ပေါ့နော်၊ တာဝန်ရှိတဲ့သူတွေက စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်တော်က နည်းပညာပေါ့နော်၊ သူတို့က လိုအပ်တာတွေ နှစ်ဦးအကျိုးတူ လုပ်မယ်ဆိုရင်တော့ ပြည်သူတွေလည်းအကျိုးရှိမှာပါ။ ကျွန်တော်လည်း ထုတ်ဖို့ရည်ရွယ်ချက်ရှိပါတယ်။ ကျွန်တော်ကတော့ လေးစီးမြောက် ထပ်လုပ်ဦးမှာ ကျွန်တော်ကိုယ်တိုင် စီးဦးမှာသေချာတယ်။ ဒီအတိုင်းလေးကို စီးချင်ကြတဲ့သူတွေများတယ်။ မလုပ်မဖြစ်ကို လုပ်ပေးရဦးမှာ။ လိုင်းပေါ်မှာကို စီးချင်ကြတဲ့သူများတယ်။ လိုင်စင်ရအောင်လုပ်ပေါ့နော်။ သူတို့ဆန္ဒနဲ့ကိုယ့်ဆန္ဒ သွားတူနေတယ်။ 

Voice : ကိုယ့်လုပ်ငန်းကိုပြပြီး SME လုပ်ငန်းအတွက် ချေးငွေလို အစိုးရအထောက်အပံ့ရဖို့ရော ကြိုးစားနေတာရှိလား။
KMZO : မကြိုးစားရသေးပါဘူး။ တချို့ကလည်း SME ကိုသွားခိုင်းတယ်။ SYIB (အသေးနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်) လိုဘဏ်ကိုသွားပြီး Modified လိုင်စင်လျှောက်ခိုင်းတယ်။ နိုင်ငံခြားမှာလည်း Modified လိုင်စင်ရှိတယ်၊ စက်မှုလိုင်စင် ပိတ်သွားတော့ Modified လိုင်စင်တော့ ရနိုင်တယ်။ ချေးငွေလည်း ပေးနိုင်တယ်။ အဲဒီလို အကြံပေးတဲ့သူတွေရှိပါတယ်။ ကျွန်တော် မသွားရသေးတာပါ။ ကိုယ်တိုင်လည်း ဘယ်လိုက်ရမလဲ မသိသေးပါဘူး။ တကယ် တာဝန်ရှိတဲ့သူက ဆက်သွယ်လာရင်တော့လည်း အဆင်ပြေနိုင်မယ်ထင်ပါတယ်။

Voice : လူငယ်စွန့်ဦးတီထွင်သူတစ်ယောက်အနေနဲ့ အစိုးရပိုင်းက တာဝန်ရှိသူတွေကိုရော ဘယ်လို သတင်းစကားပါးချင်လဲ။
KMZO : ပြောချင်တာက ကိုယ့်နိုင်ငံအနေနဲ့တော့ သုံးလို့ဖြစ်တာပေါ့။ ကားအကောင်းစားနဲ့တော့ သွားယှဉ်လို့မရဘူး။ တချို့က ဆိုင်ကယ်မစီးချင်တာရှိတယ်။ သိန်းအစိတ်လောက်နဲ့ ကလစ်ဘီးလိုဟာ ဝယ်စီးတာတွေရှိတယ်။ ဒါကတော့ မိုးလုံလေလုံပေါ့လေ။ ကျောင်းပို့ ကျောင်းကြို မြို့တွင်းလောက်တော့ အကြမ်းသုံးပေါ့နော်။ အဲဒါကို အစိုးရနဲ့ပေါင်းပြီး ကျွန်တော်တို့ နိုင်ငံမှာလည်း ထုတ်လို့ရတယ်။ နည်းပညာတွေ အထောက်အပံ့တွေရရင်တော့ ကျွန်တော်တို့နိုင်ငံမှာ ထုတ်လို့ရတယ်ဆိုတာကို ပြောချင်ပါတယ်။

Voice : တခြား ဖြည့်စွက်ပြောချင်တာများရှိသေးလား။
KMZO : ကျွန်တော်တို့နိုင်ငံက လူငယ်တွေပေါ့နော်၊ အဓိကတော့ဗျာ အွန်လိုင်းမှာ နည်းပညာတွေ လိုချင်တာ ရိုက်ရှာလို့ရပါတယ်။ ကြိုးစားကြပါ။ လိုချင်တဲ့ပညာ Google မှာရှိတယ်။ အချိန်တွေကို အလဟဿ မဖြုန်းကြပါနဲ့။ ကျွန်တော်ဆို ၂၀၁၃ ကတည်းက ဒါကိုငွေကုန်ခံ အချိန်ကုန်ခံပြီးတော့ လုပ်လာတာ။ တချို့က အရူးလို့ပြောတယ်။ Without ဝယ်စီး သိန်း ၂၀ လောက်ပဲရှိတယ်ပေါ့။ ဟုတ်တယ် ကျွန်တော် အရူးပဲ။ ဒါပေမဲ့ အဲဒီ Without စီးရတဲ့ Feel နဲ့ ဒါနဲ့ တခြားစီပါ။ Land Cruiser ကြီး သိန်းထောင်ချီတယ်။ စီးတဲ့သူကမှန်ချပြီး ကျွန်တော့်ကို လက်မထောင်ပြတယ်၊ ရင်ထဲမှာ ခံစားရတယ်။ ကျွန်တော် အဲဒီ Feel ကို ရင်ထဲမှာခံစားရတယ်။ ကျွန်တော် အဲဒါကိုလိုချင်တာ။ ကိုယ့်နိုင်ငံမှာလည်း လုပ်နိုင်ပါတယ်။ နည်းပညာလိုအပ်တာပါ။ ကျွန်တော့်မှာ ဝရိန်အိုးရယ်၊ ကျောက်ဂန်းရယ်၊ တွင်ခုံရယ်ပဲရှိတာပါ။ တူလေးနဲ့ ထုရတာပါ၊ Press တွေ Mould တွေမရှိပါဘူး။ အဓိကတော့ လူငယ်တွေ ထိုင်နေမယ့်အစား ကိုယ့်အလုပ်ကိုယ် လုပ်စေချင်တာပါ။ ဖြည်းဖြည်းချင်းသာ လုပ်ပါ တစ်နေ့တော့ အောင်မြင်လာမှာပါ။

ကျော်စိုးမိုး