News

POST TYPE

IT

အဖမ်းအဆီးများကြောင့် ထိုင်းရောက်မြန်မာများ နေရပ်ပြန်၊ ယနေ့အထိ နေရပ်ပြန်သူ တစ်သိန်းကျော်ရှိ
24-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၂၃

ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးစီမံချက်အရ အထောက်အထားမဲ့ နိုင်ငံခြားသား စစ်ဆေးအရေးယူမှု စတင်ချိန်မှစ၍ နေရပ်ပြန်မြန်မာအလုပ်သမား တစ်သိန်း တစ်သောင်းကျော်ရှိကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိ ဦးအောင်ခင်မြင့်က ပြောကြားသည်။

“ထိုင်းဘက်က ဖမ်းဆီးရမိတဲ့ စာရင်းတော့မပေးဘူး။ ဒါပေမဲ့အရေးယူမှုနောက်ပိုင်းမှာ အထောက်အထားမဲ့တွေ ဗီဇာအတု၊ ပြစ်မှုပြစ်ဒဏ်ရှိတဲ့သူတွေ နေရပ်ပြန်ကြတာတော့ရှိတယ်။ ကြိုဆိုရေးစခန်းတွေက ပြန်ပို့တာ တစ်သိန်းတစ်သောင်းရှိတယ်” ဟု ၎င်းက ဆိုသည်။

စမွတ်ဆာခွန်ခရိုင် ကထူးဘင်မြို့နယ်ရှိ အုန်းနွဲ့ရပ်ကွက် မြန်မာအလုပ်သမား နေထိုင်သည့်အခန်းပေါင်း ၄၀ ကို ဝင်ရောက်စစ်ဆေးရာတွင် အောက်တိုဘာလ ၂၂ ရက်က မြန်မာလုပ်သား ၁၂ ဦး ဧည့်စာရင်းဖြင့် တိုင်းကြားနေထိုင်ခြင်းမရှိကြောင်း ထိုင်းနိုင်ငံ မြန်မာအလုပ်သမား အရေးဆောင်ရွက်သူ ဦးစောမောင်က ပြောကြားသည်။

ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည် နိုင်ငံခြားသားများနှင့်ပတ်သက်သည့် မှုခင်းများ၊ တရားမဝင်ဝင်ရောက်လာသည့် လုပ်သားများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများကြောင့် ထိုင်းနိုင်ငံလုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန် ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းလဝက ပူးပေါင်း၍ စမွတ်ဆာခွန်ခရိုင် ကထူးဘင်မြို့နယ်ရှိ အုန်းနွဲ့နယ်မြေနှင့် ထော့မွန်နယ်မြေတို့ကို ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

လက်ရှိ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများကို အမျိုးသားလုံခြုံရေး စီမံချက်အရဟုဆိုကာ စာရွက်စာတမ်းအထောက်အထား အပြည့်အစုံရှိပါသော်လည်း ဧည့်စာရင်းမတိုင်သူများကို ဖမ်းဆီးနေကြောင်း၊ ဧည့်စာရင်းမတိုင်သည့် အလုပ်သမားတစ်ဦးကို ဒဏ်ငွေဘတ်နှစ်ထောင် (မြန်မာငွေကျပ်တစ်သိန်းခန့်မှ) ဘတ်တစ်သိန်း (မြန်မာငွေကျပ်ငါးသိန်းခန့်) ဒဏ်ကြေးပေးဆောင်နေရကြောင်း အလုပ်သမား အရေးဆောင်ရွက်သူများက ဆိုသည်။

ထိုင်းနိုင်ငံရှိ နိုင်ငံခြားသားအလုပ် သမားများကို အထောက်ထား ပြုလုပ်ရန် ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ဇွန် ၃၀ ရက် အထိ သတ်မှတ်ထားပြီး သတ်မှတ်ရက်ကုန်ဆုံးချိန် စတင်၍ အထောက်ထားမဲ့ နိုင်ငံခြားသားများကို ဖမ်းဆီးနေခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာအလုပ်သမားများနေထိုင်သည့်ရပ်ကွက်များကို စစ်ဆေးလျက်ရှိပြီး အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၅၀၀ ကျော်အထိ ဖမ်းဆီးရမိသည်။

J-18