News

POST TYPE

IT

မြန်မာနယ်စပ်အနီး ချင်းရိုင်ပြည်နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၂ သန်းကျော် ဖမ်းမိ၊ ကာလတန်ဖိုး ဒေါ်လာ ၇၁ သန်းကျော်ဖိုးရှိဟုဆို
17-Oct-2018


ဘန်ကောက်၊ အောက်တိုဘာ ၁၆ 

ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်မြောက်ပိုင်း မြန်မာနယ်စပ်ဒေသအနီးတွင် ထိုင်းဘတ်ငွေ ၂ ဒသမ ၃၅ သန်း (အမေရိကန် ဒေါ်လာ ၇၁ သန်း) တန်ဖိုးရှိသည့် မီသာ အဖက်တမင်းဆေးပြားပေါင်း ၂၂ သန်းကျော်ခန့်ကို ဖမ်းဆီးရမိလိုက်သည်ဟု ထိုင်းအာဏာပိုင်များက တနင်္လာနေ့တွင် သတင်းထုတ်ပြန်ကြောင်း Bangkok Post သတင်းစာက ရေးသားဖော်ပြထားသည်။

ထိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ရာဘ သို့မဟုတ် အရူးဆေးဟု ခေါ်သည့် ဆေးပြား ၁၂ ဒသမ ၂ သန်းကို စနေနေ့ (အောက်တိုဘာ ၁၃) တွင်လည်းကောင်း၊ နောက်ထပ် ဆေးပြား ၁၀ သန်းကို တနင်္ဂနွေနေ့ (အောက်တိုဘာ ၁၄) တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။ 

အာဏာပိုင်များက ဖမ်းဆီးရမိသည့် မီသာအဖက်တမင်းဆေးပြားများ၏ တန်ဖိုးကို အတိအကျထုတ်ပြန်ခြင်းမရှိသော်လည်း ဖမ်းမိသည့်ဆေးပြားအရေအတွက်အပေါ် ခန့်မှန်းတွက်ချက်မှုအရ ကာလတန်ဖိုးအားဖြင့် ဘတ်ငွေ ၂ ဒသမ ၃၅ ဘီလီယံခန့် ရှိသည်ဟု ယူဆရသည်။ 

ရဲတပ်ဖွဲ့နှင့် မူးယစ်နှိမ်နင်းရေး ဗျူရိုတို့က ဓာတ်မြေဩဇာအိတ်များထဲသို့ အသေအချာထည့်သွင်း သိမ်းဆည်းထားသော ဆေးပြားများကို ပြသခဲ့သည်။ တစ်အိတ်လျှင် ဆေးပြားလေးသိန်းခန့် ပါဝင်သည်ဟု ဖော်ပြသည်။ 

အဆိုပါ မီသာအဖက်တမင်းဆေးပြားများနှင့်အတူ အိုက်စ်ဟုခေါ်သည့် ဆေးပြား ၁၀၀ကီလိုဂရမ်၊ ဆေးခြောက် ၁ ဒသမ ၈ တန်နှင့် ဘိန်း ၈ ကီလိုဂရမ်တို့ကိုလည်း ဖမ်းမိခဲ့သည်။ 

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်နေသူ ၁၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ စနေနေ့က ဆေးပြားများရှိရာ နေရာသို့ စီးနင်းရာတွင်လည်း ခြောက်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ 

သို့သော် ဖမ်းဆီးထိန်းသိမ်းထားသူများမှာ မည်သူမည်ဝါဖြစ်သည်ကို ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

ထိုင်းရဲတပ်ဖွဲ့က ဖယာမန်ဂရိုင်းခရိုင်မှ မူးယစ်ဆေးဝါးအမြောက်အမြားကို ချင်းရိုင်ပြည်နယ်အလယ်ပိုင်းသို့ မှောင်ခိုတင်ပို့ရန် ရှိသည်ဟူသော သတင်းပေး တိုင်တန်းချက်အရ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့လှုပ်ရှားသွားလာသည့် လမ်းကြောင်းကို စုံစမ်းဖော်ထုတ်ရန် အဖွဲ့များစေလွှတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ 

အောက်တိုဘာ ၁၄ ရက်နေ့က ဖမ်းဆီးမှုတွင် ချင်းရိုင်-သိုနန်း လမ်းမပေါ်၌ ပစ်ကပ်ကားတစ်စီးကို တားဆီးစစ်ဆေးခဲ့ရာ ယင်းကားက ရပ်တန့်ပေးခြင်းမရှိဘဲ အရှိန်တင်ကာ မောင်းပြေးခဲ့ကြောင်း၊ သို့သော် ရဲတပ်ဖွဲ့ဝင်များက ကားများဖြင့်လိုက်လံခဲ့ရာ ကားဒရိုင်ဘာမှာ ကားကိုထား၍ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ 

ရဲတပ်ဖွဲ့က မြို့တော်ဘန်ကောက်တွင် ဖမ်းဆီးရမိသည့် ယင်းမူးယစ်ဆေးဝါးများကို ပြသခဲ့ရာတွင် လက်နက်အချို့လည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။ 

F-01


  • VIA