News

POST TYPE

IT

ထိုင်းနိုင်ငံတွင် ကိုယ်ဝန်ဆောင်ကျောင်းသူများအား ကျောင်းထုတ်ခြင်းကို တားမြစ်တော့မည်
16-Oct-2018


ဘန်ကောက်၊ အောက်တိုဘာ ၁၅

ထိုင်းနိုင်ငံရှိ အထက်တန်းကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများတွင် ကိုယ်ဝန်ဆောင်ကျောင်းသူများအား ကျောင်းထုတ်ခြင်းကို ပညာရေးဝန်ကြီးဌာန စည်းမျဉ်းသစ်အရ တားမြစ်တော့မည်ဖြစ်ပြီး လာမည့်နှစ် ဧပြီလတွင် စတင်သက်ရောက်မည်ဟု Bangkok Post သတင်းတွင် ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာန၏ စည်းမျဉ်းသစ်ကို တော်ဝင်ဂေဇက်ပြန်တမ်းတွင် သောကြာနေ့က ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၁၈၀ အကြာတွင် စတင်သက်ရောက်မည် ဖြစ်သည်။

ကြီးကောင်ဝင်စ ကိုယ်ဝန်ဆောင်ပြဿနာတားဆီးရေးနှင့် ဖြေရှင်းရေးအက် ဥပဒေအရ စည်းမျဉ်းသစ်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး အဆိုပါစည်းမျဉ်းသည် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများ၊ သက်မွေးမှုပညာသင်ကျောင်းများ၊ အထက်တန်းပညာရေးအစီအစဉ် ထောက်ပံ့သူများကို စီမံခန့်ခွဲမည်ဖြစ်သည်။

စည်းမျဉ်းသစ်၏ အဓိကအချက်မှာ အထက်တန်းပညာသင်ကျောင်းများတွင် ကိုယ်ဝန်ဆောင်ကျောင်းသူများကို ထုတ်ပယ်မှုအား တားမြစ်ရန်ဖြစ်သည်။

တစ်ချိန်တည်းတွင် ကိုယ်ဝန်ဆောင်ကျောင်းသူများ ပညာဆက်လက်သင်ယူနိုင်စေရန် ကျောင်းများက ဂရုစိုက်ဆောင် ရွက်ပေးရမည်ဖြစ်သည်။

ထို့ပြင် ကိုယ်ဝန်ဆောင်ကျောင်းသူအား မီးမဖွားမီနှင့် မီးဖွားပြီးချိန်တွင် သင့်လျော်သည့်ပုံစံဖြင့် ခေတ္တကျောင်းနားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ကျောင်းသူ၏ သင်ယူနိုင်စွမ်းနှင့်ကိုက်ညီမည့် အတန်းများကို ညှိနှိုင်းစီစဉ်ပေးရန် လိုအပ်မည်ဖြစ်သည်။

ကျောင်းသူများအားရပ်ရွာအသိုင်းအဝိုင်းများမှ အခြားသူများနှင့် မည်သို့နေထိုင်ရမည်ကို သိရှိနားလည်စေရန်နှင့် အကူအညီပေးရန်အတွက် ကျောင်းသူ၏ မိဘများနှင့် အတူလက်တွဲဆောင်ရွက်ပေးမည့် အကြံပေးများကိုလည်း ပညာရေးဌာနက စီစဉ်ပေးရမည်ဖြစ်သည်။

ကိုယ်ဝန်ဆောင်ကျောင်းသူများအား မှန်ကန်သည့် မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုဌာနများသို့ သွားရောက်ရန် လိုအပ်သည့် အခြေအနေများတွင် သက် ဆိုင်ရာအစိုးရဌာနများနှင့် ဆက်သွယ် ဆောင်ရွက်ကာ လွှဲပြောင်းအပ်နှံပေးမည့် စနစ်ကိုလည်း အကောင်အထည်ဖော်ရမည် ဟု သိရှိရသည်။

ထို့ပြင် စာသင်ကျောင်းများသည် ကျောင်းသူများ၏ အသက်အရွယ်နှင့် ကိုက်ညီမည့် လိင်ပညာပေးခြင်းနှင့် ဘဝနေနည်းများကိုလည်း ပို့ချပေးရန် လိုက်နာဆောင်ရွက်ကြရမည်ဟုဆိုသည်။

ပညာပေးအစီအစဉ်များတွင် ဆက်ဆံရေး၊ လိင်အမူအကျင့်၊ လိင်နှင့်သက်ဆိုင်သည့် လူမှုဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ အတွေးအမြင်များ၊ ကျား/မ ကွဲပြားစုံလင်မှုနှင့် တန်းတူညီမျှရေး စသောအကြောင်းအရာများပါဝင်မည်ဖြစ်သည်။ 

လိင်ပညာပေး အစီအစဉ်များ၏ ထိရောက်အောင်မြင်မှုကို စာသင်ကျောင်းများက စောင့်ကြည့်လေ့လာ အကဲဖြတ်ရမည်ဖြစ်သည်။

စာသင်ကျောင်းများသည် လိင်ပညာပေးအစီအစဉ်အတွက် ခံယူချက်မှန်ကန်သော၊ သင်ကြားမှုစွမ်းရည်ကောင်းသော၊ ကျောင်းသူများ၏ စိတ်သဘာဝကို နားလည်နိုင်စွမ်းရှိသော ဆရာမများအား ခန့်အပ်တာဝန်ပေးရန် လိုအပ်မည်ဖြစ်သည်။ 

ရည်ရွယ်ချက်မှာ လူငယ်များအကြား မလိုချင်သောကိုယ်ဝန်ကို တားဆီးဖြေရှင်းနိုင်ရေးအတွက် ပညာပေးခြင်းနှင့် အကြံပေးခြင်းတို့ကို ပြုလုပ်နိုင်စေရန်ဖြစ်သည်။

F-04