News

POST TYPE

IT

MM Social လူမှုကွန်ရက်တည်ထောင်သူ ကိုရန်နိုင်မြင့်နှင့် တွေ့ဆုံခြင်း
16-Oct-2018


“အကောင့်အတုတွေကိုသာ တိုက်ဖျက်နိုင်ရင် သတင်းတုတွေ၊ သတင်းမှားတွေ၊ ဝါဒဖြန့်တဲ့သတင်းတွေ ကင်းစင်လာနိုင်မယ်လို့ ယုံကြည်ပါတယ်”

ပြည်တွင်း၌ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေပြီး ယင်းလူမှုကွန်ရက်ကိုပင် သတင်းရင်းမြစ်တစ်ခုသဖွယ် အသုံးချနေသည်။ ပြည်သူလူထုတင်မက အစိုးရဝန်ကြီးဌာနများကပင် သတင်းဖြန့်ဝေရာ နေရာတစ်ခုသဖွယ် အသုံးချနေသည်။ ယင်းသို့ အသုံးပြုမှုကြောင့် လူမှုကွန်ရက်ပေါ်မှ သတင်းမှား၊ သတင်းတုများ၊ ဝါဒဖြန့်မှုများ အစရှိသည့် မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများကို ခံရနိုင်သည်။ ထို့အပြင် အမုန်းစကားများ၊ ဆိုက်ဘာ အနိုင်ကျင့်မှုများနှင့် ရာဇဝတ်မှုများလည်း ဖြစ်ပွားလာနေသည်။ လူမှုကွန်ရက် အသုံးပြုမှုနှင့်ပတ်သက်ပြီး သတင်းတု၊ သတင်းမှားများ၊ ဝါဒဖြန့်သတင်းများကို တားဆီးနိုင်ရေးနှင့် မြန်မာပိုင်လူမှုကွန်ရက်တစ်ခု တည်ထောင်ခြင်းနှင့် ပတ်သက်သည့် အတွေ့အကြုံများကို MM Social  မြန်မာပိုင်လူမှုကွန်ရက်တည်ထောင်သူ ကိုရန်နိုင်မြင့်နှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : မင်္ဂလာပါ ကိုရန်နိုင်မြင့်ရေ။ မြန်မာပိုင်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ MM Social ကို လုပ်လာခဲ့တာလည်း အချိန်တစ်ခုကြာခဲ့ပြီဆိုတော့ MM Social ရဲ့ လတ်တလောအခြေအနေလေးတွေ မေးမြန်းဖို့ပါ။ ပထမဆုံးအနေနဲ့ အခုအတွေ့အကြုံအရ ပြည်တွင်းမှာ လူမှုကွန်ရက်တစ်ခုအောင်မြင်ဖို့အတွက် အရေးအကြီးဆုံးလိုအပ်တာတွေက ဘာတွေဖြစ်မလဲဗျ။
YNM : Social Network ခေါ်တဲ့ လူမှုကွန်ရက်တစ်ခုကို စတင်တည်ထောင်တဲ့ ကျွန်တော်တို့ MM Social အတွက် အရေးအကြီးဆုံး လိုအပ်ချက်လို့ ပြောမယ်ဆိုရင်တော့ ယုံကြည်မှုပါပဲ။ အသုံးပြုသူတွေရှိမှ အောင်မြင်မယ့် လူမှုကွန်ရက် ဝန်ဆောင်မှုအတွက် အရေးအကြီးဆုံးကတော့ အဲဒီအသုံးပြုသူတွေကိုယ်တိုင်ရဲ့ ယုံကြည်မှုပါပဲ။ ဒီလူမှုကွန်ရက်တစ်ခုအပေါ်မှာ သို့မဟုတ် ဒီလူမှုကွန်ရက်တစ်ခုရဲ့ ဦးဆောင်သူတစ်ဦး အပေါ်မှာ ဘယ်လောက်ထိ ယုံကြည်မှုရှိမလဲဆိုတာဟာ တကယ့်စိန်ခေါ်မှုတစ်ခုပါပဲ။ ကျွန်တော့်အနေနဲ့တော့ နည်းပညာသမားစစ်စစ်ဖြစ်တယ်ဆိုတာကို နည်းပညာနယ်ပယ်ထဲက လူတွေအပြင် အခြားနယ်ပယ်က ကျွန်တော့်အသိတွေလည်း အများကြီးရှိတော့ အဲဒီလူတိုင်းနီးပါး လက်ခံယုံကြည်ထားကြမှာပါ။ နောက်တစ်ခုကတော့ ငွေကြေးအထောက်အပံ့ပါ။ ကျွန်တော်တို့ MM Social မှာ ငွေကြေးပိုင်းဆိုင်ရာ အထောက်အပံ့ကတော့ နည်းနည်းပဲရှိပါတယ်။

Voice : MM Social အနေနဲ့ အသုံးပြုသူတွေအတွက် Terms and Condition တွေ ထုတ်မယ်လို့ သိရတယ်ဗျ။ ဒီအထဲမှာ ဘယ်လိုအချက်တွေကို အဓိကထားပြီး ထည့်သွင်းရေးထားသလဲ။
YNM : အဓိကအားဖြင့်တော့ ကျွန်တော်တို့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ပါဝင်တဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုရာမှာ တလွဲအသုံးပြုတာတွေ မရှိလာအောင်၊ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေနဲ့ မလွတ်ကင်းတာတွေ မလုပ်အောင်၊ အသုံးပြုသူတွေအတွက် အကာအကွယ် ရသင့်ရထိုက်တာတွေ ရရှိပြီးဖြစ်အောင်၊ လွတ်လပ်စွာ ပြောဆိုခွင့်တို့၊ သတင်းလွတ်လပ်ခွင့်တို့၊ အမုန်းစကားတို့ စတာတွေကို စည်းကမ်းတကျ လိုက်ရောညီထွေဖြစ်အောင် စတာတွေကို အဓိကထား ထည့်သွင်းထားပါတယ်။

Voice : လူမှုကွန်ရက်တစ်ခုမှာတော့ အဓိကအားဖြင့် အမုန်းစကားပေါ့လေ။ ဒီဟာကိုရော ဘယ်လိုထိန်းချုပ်ဖို့ ထည့်သွင်းစဉ်းစားထားသလဲ။ နောက်တစ်ခုက အမုန်းစကားဖြစ်သလား၊ မဖြစ်ဘူးလားဆိုတာကိုရော ဘယ်လိုတိုင်းတာမလဲဗျ။
YNM : အမုန်းစကားနဲ့ပြောရရင်တော့ အခြေခံကျကျ ရှင်းရှင်းလေး ပြောရရင် မုန်းလို့ပြောတဲ့စကားဟာ အမုန်းစကားပဲပေါ့။ မုန်းလို့ပြောမှတော့ နစ်နာစေချင်တဲ့ အချက်အလက်တွေ ပါလာမှာပါပဲ။ နစ်နာစေချင်တဲ့အချက်တွေမပါရင်လည်း သွယ်ဝိုက်တဲ့ နစ်နာစေချင်တဲ့သဘောဆောင်တဲ့ အချက်အလက်တွေ ပါလာမှာပါ။ ဒါပေမဲ့ အမုန်းစကားဖြစ်သလား မဖြစ်သလားဆိုတာကို သတ်မှတ်တာမှာ ကျွန်တော်တို့ ပထမဦးဆုံး ထုတ်ပြန်မယ့် Terms & Conditions မှာတော့ ရာနှုန်းပြည့် ဖြေရှင်းပြီးသား ဖြစ်မယ်မထင်ဘူးဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော် မိတ်ဆက်ပွဲမှာ ပြောခဲ့သလိုပဲ မြန်မာလူမျိုးတွေဟာ အရမ်းဉာဏ် ကောင်းကြတယ်။ မြန်မာစကားဟာလည်း အဓိပ္ပာယ်အမျိုးမျိုးသက်ရောက်အောင် ကွေ့ဝိုက်ပြောလို့ရတယ်။ တစ်မျိုးပြောလို့မရရင် နောက်တစ်မျိုးလှည့်ပတ် ပြောကြမှာဖြစ်တဲ့အတွက် အမုန်းစကားကို သတ်မှတ်တာကို အမြဲတမ်း လှေနံဓားထစ် မှတ်လို့ရမယ်မထင်ပါဘူး။ ဒါကြောင့် အမုန်းစကားကို ထိန်းချုပ်တာအတွက် ကျွန်တော်တို့ရဲ့ Terms & Condition ကို အချိန်နဲ့တစ်ပြေးညီ ပြုပြင်ပြောင်းလဲမှုတွေ အမြဲတမ်းလုပ်နေရင်းနဲ့ အခိုင်မာဆုံးဖြစ်အောင် တည်ဆောက်ရမှာပါပဲ။

Voice : သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်တာမျိုးတွေကိုရော ဘယ်လိုတားဆီးမလဲဗျ။
YNM : ဒါလည်း ကျွန်တော် မိတ်ဆက်ပွဲမှာ ပြောခဲ့ဖူးပါတယ်။ သတင်းတု၊ သတင်းမှားနဲ့ ဝါဒဖြန့်တဲ့ သတင်းတွေဟာ Account အတုတွေကနေ အခြေခံလာတာပါ။ အကောင့်အတုတွေ မရှိတော့ရင် လူတွေဟာ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူရပါလိမ့်မယ်။ အကောင့်အတုတွေကိုသာ တိုက်ဖျက်နိုင်ရင် သတင်းတုတွေ သတင်းမှားတွေ ဝါဒဖြန့်တဲ့သတင်းတွေ ကင်းစင်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် Account စိစစ်မှုတွေကို ပြုလုပ်သွားဖို့ရှိပါတယ်။

Voice : သတင်းမီဒီယာတွေက လူမှုကွန်ရက်ပေါ်ကနေတစ်ဆင့် အခု ဖေ့စ်ဘွတ်ခ်ပေါ်မှာ သတင်းတွေ တင်သလိုမျိုးလည်း တင်လာကြမယ်လေ။ အခုလည်း သတင်းတိုက်တချို့ MM Social ပေါ်မှာ တွေ့ရပါတယ်။ ဒီသတင်းဌာနတွေရဲ့ မူပိုင်ခွင့်လိုမျိုးအတွက် ဘယ်လိုမျိုးအကာအကွယ်ပေးမလဲဗျ။
YNM : ကျွန်တော်တို့အနေနဲ့ သတင်းတိုက်တွေကို MM Social ပေါ်မှာတွေ့တာနဲ့ ကျွန်တော်တို့ ဖုန်းကတစ်ဆင့် အကြောင်းကြားပြီး တကယ့်သတင်းတိုက် အစစ်ဟုတ်၊ မဟုတ်ကို အတည်ပြုပါတယ်။ နောက်များမှာလည်း အတည်ပြုပြီးတဲ့ သတင်းတိုက်တွေကို အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီးသားဖြစ်ကြောင်းကို အမှတ်သင်္ကေတလေးတွေ ပေးသွားဖို့ရှိပါတယ်။ မူပိုင်ခွင့်နဲ့ ပတ်သက်တာတွေ ကန့်သတ်ချက် ခွင့်ပြုချက်တွေကိုလည်း ကျွန်တော်တို့ Terms & Condition မှာလည်း ရေးထားပြီးဖြစ်တဲ့အပြင် မူပိုင်ခွင့်ဆိုင်ရာတွေအပါအဝင် အခြားသောကိစ္စရပ်များ အားလုံးအတွက် တိုက်ရိုက်တိုင်ကြား အသိပေးနိုင်ဖို့ Hotline တွေလည်း ဖွင့်လှစ်ပေးသွားမှာပါ။

Voice : MM Social မှာ အခုတွေ့တာကတော့ အသုံးပြုသူတော်တော်များများကို Mark လေးတွေ ပေးထားတာ တွေ့တယ်ဗျ။ သူက ဘယ်လိုမျိုး သတ်မှတ်ပေးတာလဲ။
YNM : ခုလက်ရှိကတော့ Email Verified User တွေကို Mark ပေးထားတာပါ။ နောက်ပိုင်း ပိုမိုများပြားတဲ့ အကြောင်းအရာတွေနဲ့ Verification ပြုလုပ်တဲ့စနစ် ပြီးသွားပြီး အသုံးပြုတဲ့အခါမှာတော့ အဲဒီ Mark လေးတွေက ရာနှုန်းပြည့် Verified ဖြစ် တဲ့ User တွေသာရရှိမှာပါ။

Voice : လူတွေက ဖေ့စ်ဘွတ်ခ်ကို ထားခဲ့ဖို့ဆိုတာ တွေးကြည့်ဖို့တောင် မလွယ်ပါဘူး။ လူတွေမလာရင် မီဒီယာတွေ၊ ကျော်ကြားသူတွေ လာမှာမဟုတ်သလို၊ အဲ့ဒီမီဒီယာတွေ၊ ကျော်ကြားသူတွေမလာရင်လည်း လူတွေက လာမှာမဟုတ်ဘူးပေါ့။ ဒီပြဿနာကိုရော ဘယ်လိုဖြေရှင်းမလဲဗျ။
YNM : ဒီကိစ္စကတော့ Marketing ဘက်ကို ဦးတည်သွားတယ်ပေါ့။ အဲဒီအတွက် Marketing Plan တွေ သီးခြားရှိပါတယ်။ စီးပွားရေးဆိုင်ရာ အချက်အလက်လည်းဖြစ်ပြီး ကျွန်တော်ကိုယ်တိုင် ကျွမ်းကျင်တဲ့အရာမဟုတ်တော့ ဖြေရတာ အခက်အခဲလေးတွေ ရှိပါတယ်။ ဒါပေမဲ့ Marketing Plan တွေနဲ့တကွ ဖြေရှင်းသွားမှာပါလို့ပဲ ဖြေကြားလိုပါတယ်ဗျ။

Voice : လက်ရှိ နောက်ဆုံးအခြေအနေပေါ့လေ။ အသုံးပြုသူ ဘယ်လောက်အထိ ရှိလာပြီလဲ။
YNM : MM Social မှာ မှတ်ပုံတင်ပြီးသူ အားလုံးပေါင်း တစ်သောင်းဝန်းကျင်ရှိပါပြီ။ တချို့တွေကလည်း စမ်းသပ်အသုံးပြုကြတယ်။ တချို့တွေကလည်း Feature တွေမစုံသေးတော့ ဆက်မသုံးဖြစ်ကြဘူးထင်တယ်။ ကျွန်တော်တို့လည်း Feature တွေ ထပ်ထည့်ဖို့နဲ့ လုံခြုံပြီး အသုံးပြုရတာ အဆင်ပြေစေမယ့် လူမှုကွန်ရက်တစ်ခု ဖြစ်ဖို့အတွက် အားထည့်ကြိုးစားနေပါတယ်။ အဲဒီအပြင် သတင်းမှား သတင်းတုတွေကင်းစင်တဲ့ နေရာဖြစ်လာဖို့လည်း ရည်ရွယ်ချက်ရှိရှိ ဆက်လက်လုပ်ဆောင်နေပါတယ်။

Voice : ပုံတွေတင်တာတို့၊ ရှာဖွေတာတို့တော့ အဆင်ပြေလာပြီပေါ့လေ။ အဓိကကတော့ မိုဘိုင်းလ် App ပဲဗျ။ ဖုန်းပေါ်ကနေသုံးတဲ့သူက ရာခိုင်နှုန်းအတော်များတာဆိုတော့ မိုဘိုင်းလ် App မရှိဘဲဆိုရင် အဆင်ပြေမယ်မထင်ဘူး။ မိုဘိုင်းလ် App အတွက်က ဘာလို့ ဒီလောက်ကြန့်ကြာနေတာလဲဗျ။
YNM : အဲဒီ Complain ကတော့ ကျွန်တော် ပြောရပါတယ်။ အဓိကကတော့ လက်ရှိ Web ပေါ်က အသုံးပြုရတဲ့အဆင့်ကို ကျွန်တော်တို့ အပါအဝင် တွဲဖက်လုပ်ကိုင်နေတဲ့ နည်းပညာရှင်တွေက စိတ်ကျေနပ်မှုမရှိသေးတာပါပဲ။ အဲဒါကြောင့် Web Version ကို ပိုပြီးတည်ငြိမ်အောင် ပိုပြီးလုံခြုံအောင် ပိုပြီး အသုံးပြုရအဆင်ပြေအောင် ပြုပြင်မွမ်းမံမှုတွေ ထပ်ကာထပ်ကာ ပြုလုပ်လျက်ရှိပါတယ်။ အဲဒီအပြင် အခြေခံလိုအပ်တဲ့ Feature အသစ်တွေကိုလည်း ဆင့်ကဲဆင့်ကဲ ဆက်လက်ထည့်သွင်းလျက်ရှိပါတယ်။ အဲဒါတွေအားလုံး စိတ်တိုင်းမကျသေးခင်မှာ Mobile App ကို ထုတ်ပေးလိုက်ရင်လည်း Mobile App  ရယ်လို့ ထွက်လာတာပဲရှိမှာပါ။ အသုံးပြုသူတွေအတွက် ဝန်ဆောင်မှုအပြည့်အဝကို ရာနှုန်းပြည့် ပေးနိုင်တဲ့ Mobile App ကိုပဲ ထုတ်ပေးချင်တာဖြစ်တဲ့အတွက် ကြန့်ကြာနေရတာပါ။ ကြန့်ကြာရတဲ့ ဒုတိယ အကြောင်းအရင်းကတော့ ထောက်ပံ့မှုပိုင်းပေါ့။ ကျွန်တော်တို့က နည်းပညာသမားတွေဖြစ်တာနဲ့အညီ ဘဏ္ဍာရေးပိုင်းက အင်အား အရမ်းမတောင့်တော့ ငွေကြေးပိုင်းလိုအပ်ချက်တွေ အများကြီးရှိနေတာလည်း ပါပါတယ်။

Voice : လူမှုကွန်ရက်တစ်ခုလုပ်တဲ့ အတွေ့အကြုံကို နည်းနည်းမျှဝေပါဦးဗျ။ ပြီးတော့ လူမှုကွန်ရက်တွေနဲ့ပတ်သက်တဲ့ ဗဟုသုတတချို့လည်း မျှဝေပေးပါဦး။ ကိုယ်ရေးအချက်အလက် လုံခြုံရေးအပိုင်း ဖြစ်ဖြစ်ပေါ့။
YNM : ပြောရရင် MM Social တစ်ခုလုံးရဲ့ Mastermind က ကျွန်တော်ကိုယ်တိုင်ပါပဲ။ ဒါကြောင့် MM Social ရဲ့ Infrastructure ပိုင်း၊ Development ပိုင်း၊ ဆိုက်ဘာလုံခြုံရေးအပိုင်း၊ Privacy ပိုင်း၊ Terms & Condition နဲ့တကွ ဥပဒေပိုင်း၊ ကျွန်တော်တို့ နည်းပညာရှင်တွေ အားနည်းတဲ့ Business နဲ့ Marketing ပိုင်း၊ Public Relation ပိုင်း၊ ဝန်ထမ်းတွေကို စွမ်းအားမြှင့်တင်ပေးမယ့် Team Building ပိုင်း အားလုံးမှာ ကျွန်တော် ပါဝင်နေရတယ်။ အကြောင်းကိစ္စအားလုံးရဲ့ အစီအစဉ်ချမှု (Plan) နဲ့ ညွှန်ကြားမှု (Direct) ပိုင်းအပြင် ဆုံးဖြတ်ချက်ချမှု (Decision Making) တွေကလည်း ကျွန်တော်ပဲ အကုန်တာဝန်ယူထားရတယ်။ ဒါတွေကတော့ အတွေ့အကြုံတွေပေါ့။ လူမှုကွန်ရက်တစ်ခုကို တည်ထောင်ရတာဟာ တကယ်တည်ထောင်ရရင် မလွယ်ပါဘူး။ နည်းပညာတစ်ခုထဲနဲ့ ဘယ်လိုမှ မအောင်မြင်နိုင်ပါဘူး။ တစ်ခါတလေမှာ Philosophy ပိုင်းတွေပါ ပါဝင်လာတယ်။ တချို့ကိစ္စတွေကျတော့ ကိုယ်က မဖြစ်သေးတာ တစ်ခု သို့မဟုတ် ဖြစ်လာနိုင်တာတွေကို ကြိုတင်လုပ်ယူဖန်တီးပြီး စိတ်ထဲမှာ တွေးရတာကိုး။ ကျွန်တော် Social Network တစ်ခုဖြစ်လာဖို့အတွက် စမ်းသပ်ခဲ့တဲ့အချိန်ဟာ ၃ နှစ်လောက်ရှိပြီဆိုတော့ အတွေ့အကြုံပိုင်းဆိုရင် ပြောပြလို့ ကုန်မယ်မထင်ပါဘူး တော်တော်များပါတယ်။

Voice : နောက်ဆုံးအနေနဲ့ပေါ့လေ။ MM Social လူမှုကွန်ရက်နဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက် ပြောချင်တာများရှိဦးမလဲဗျ။
YNM : ကျွန်တော်တို့ MM Social – Social Network ဟာ မြန်မာနိုင်ငံသား နည်းပညာရှင် လူငယ်တွေကနေ ကိုယ်တိုင်ရေးတဲ့ Code တွေနဲ့ ကိုယ်တိုင်အစီအစဉ်ချကာ အကောင်အထည်ဖော်ထားတဲ့ Infrastructure နဲ့ ပြုလုပ်ထားတာပါ။ အဲဒီအပြင် သတင်းတိုက်အချို့လည်း MM Social ပေါ်ကို ရောက်ရှိနေပါပြီ။ နောက်ပြီး လုံခြုံတဲ့၊ မျှတမှု ရှိတဲ့၊ သတင်းအတု သတင်းမှားများနဲ့ ကင်းဝေးတဲ့ နေရာတစ်ခုကို ဖော်ဆောင်ဖို့ ကျွန်တော်တို့ MM Social Zone ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံသား လူငယ်နည်းပညာရှင်များနှင့်အတူ ဆက်လက်ကြိုးစားနေပါတယ်။ ဒါကြောင့် အားပေးကြပါ၊ အသုံးပြုကြပါ၊ လိုအပ်ချက်များရှိရင်ဖြစ်စေ၊ မှားယွင်းမှုများရှိရင်ဖြစ်စေ အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုချက်များကို အားမနာတမ်း ပြောကြားပေးကြဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်ဗျ။

မောင်မန်း



  • VIA