News

POST TYPE

IT

မင်းဘူးတွင် လေယာဉ် ၂ စင်းပျက်ကျ၊ သုံးဦးသေဆုံး
16-Oct-2018

မင်းဘူး၊ အောက်တိုဘာ ၁၆

မကွေးတိုင်း မင်းဘူးမြို့အတွင်း နံနက် ၇ နာရီ မိနစ် ၄၀ ကျော်က လေယာဉ် ၂ စင်း မိနစ်ပိုင်းသာခြား၍ ပျက်ကျခဲ့သည့်အတွက် လေယာဉ်မောင်း ၂ ဦးအပါအဝင် ကျောင်းသူတစ်ဦး သေဆုံးခဲ့သည်။

ယင်းမြို့ အမှတ် ၁ ရပ်ကွက် အနောက်ဘက်ကွင်းပြင်နှင့် ဆားပွက်ချောင်းအတွင်း မနက် ၇ နာရီ ၄ဝ မိနစ်ဝန်းကျင်ခန့်က လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီးနောက် နောက်မိနစ်အနည်းငယ်အကြာတွင် စကုမြို့နယ် သနပ်ပင်ကျေးရွာအုပ်စု သနပ်ပင်ကျေးရွာအနီးသို့ လေယာဉ်တစ်စီး ထပ်မံပျက်ကျခဲ့ကြောင်း မင်းဘူးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက ပြောကြားသည်။

ထိုသို့ လေယာဉ်ပျက်ကျသည့်အတွက် လေယာဉ်မောင်း နှစ်ဦးစလုံး သေဆုံးခဲ့ပြီး ပဉ္စမတန်းကျောင်းသူမှာလည်း လေယာဉ်အပိုင်းအစများ ထိမှန်ခြင်းကြောင့် သေဆုံးခဲ့ရသည်။

“မနက်က လေယာဉ်ပျံသွားတာကတော့ နိမ့်နိမ့်လေးရယ်၊ ခဏနေတော့ ဝုန်းဒိုင်းဆိုပြီး အသံကြီး ကြားလိုက်ရတယ်။ ဆက်သွယ်ရေးတာဝါတိုင် ထိပ်ဖျားကိုဝင်တိုက်ပြီး လေယာဉ်ပျက်ကျသွားတာ”ဟု ဒေသခံမျက်မြင်တွေ့ရှိသူတစ်ဦးကဆိုသည်။

ယင်းဖြစ်စဉ်သို့ မကွေးတိုင်းဝန်ကြီးချုပ်နှင့် နယ်လုံဝန်ကြီးဗိုလ်မှူးကြီး မင်းဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များက လာရောက်ကြည့်ရှုခဲ့ပြီး မကွေးမြို့ တပ်မတော်လေတပ်မှ ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးနှင့်အဖွဲ့မှ စစ်ဆေးနေသည်။

R-23