News

POST TYPE

IT

ချင်းပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲ မဲပေးနိုင်သူ သုံးသောင်းကျော်ရှိ
10-Oct-2018
ကလေး၊ အောက်တိုဘာ ၉ 

ချင်းပြည်နယ်အတွင်းရှိ မြို့နယ် နှစ်မြို့နယ်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူ သုံးသောင်းကျော်ရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

စာရင်းများအရ ကန်ပက်လက်မြို့တွင် ၁၂,၄၅၁ ဦးရှိပြီး မတူပီမြို့တွင် ၁၇,၆၀၄ ဦး စုစုပေါင်း ၃၀,၀၅၅ ဦးရှိပြီး မသန်စွမ်းသူများလည်း ပါဝင်ကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိ ဦးလင်းကျော်က ပြောကြားသည်။ 

“မသန်စွမ်းတွေအတွက်ကတော့ မသန်စွမ်းအမျိုးအစားထဲက ဘယ်အမျိုးအစားရှိတယ်။ ရှိတဲ့အမျိုးအစားပေါ်မူတည်ပြီး ခန္ဓာကိုယ်မသန်စွမ်းဆိုရင် မဲရုံကိုလာတဲ့အခါ အခက်အခဲမရှိအောင် ချိုင့်ခွက်တွေဖို့တာ အခန်းအဝင်ပေါက်ဘောင်တန်းတွေ မြင့်နေရင် သွားလို့လာလို့လွယ်အောင် ပြန်ပြင်ပေးတာ စတာတွေ လုပ်နေတယ်”ဟု ၎င်းက ပြောဆိုသည်။

ကန်ပက်လက်မြို့တွင် မဲရုံပေါင်း ၆၉ ရုံနှင့် မတူပီမြို့တွင် မဲရုံပေါင်း ၇၀ ရုံထား ရှိမည်ဖြစ်ကာ မဲပေးပိုင်ခွင့်ရှိသူ မသန်စွမ်းအနေနှင့် ကန်ပက်လက်မြို့နယ်တွင် ၂၁ ဦးနှင့် မတူပီမြို့နယ်တွင် ၇၀ ဦးရှိကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် နေရာနှစ်နေရာဖြစ်သည့် ကန်ပက်လက်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ စသည့်ပါတီလေးခုမှ ကိုယ်စားလှယ်လောင်းလေးဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မတူပီမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် 

ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စသည့်ပါတီနှစ်ခုမှ ကိုယ်စားလှယ်နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

R-20