News

POST TYPE

IT

တောင်ငူ ကွန်ပျူတာ တက္ကသိုလ် ကျောင်းအုပ် (တာဝန်ခံ) ဒေါက်တာ အိအိလှိုင်နှင့် တွေ့ဆုံခြင်း
12-Oct-2016
တောင်ငူမြို့ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တောင်ငူ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ နည်းပညာ ထုတ်ကုန်ပြပွဲ Product Show-2016 ကို အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့ရာ ယင်းပွဲကို ဦးဆောင် ကျင်းပခဲ့သည့် တောင်ငူ ကွန်ပျူတာ တက္ကသိုလ် (တာဝန်ခံ ကျောင်းအုပ်) ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ အိအိလှိုင်နှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ကောက်နုတ်ဖော်ပြ အပ်ပါသည်။

Voice : အခုလို နည်းပညာ ထုတ်ကုန်ပြပွဲကို ကျင်းပနိုင်ခဲ့တာ ဘယ်နှကြိမ်လောက် ရှိပါပြီလဲ။
Dr.EEH : အများ သိကြတာက တောင်ငူ ကွန်ပျူတာ တက္ကသိုလ်မှာ နည်းပညာ ထုတ်ကုန်ပြပွဲ ကျင်းပခဲ့တာ နှစ်ကြိမ်ပါ။ အမှန်တကယ် ပြောရရင်တော့ ၂ဝ၁၃ ခုနှစ်နဲ့ ၁၄ ခုနှစ်မှာ ပြည်သူကို ထုတ်မပြဘဲနဲ့ ဌာနဆိုင်ရာတွေကို ခင်းကျင်းပြသပြီး လိုအပ်တဲ့ နည်းပညာရပ်တွေကို စတင် ကူညီခဲ့တာ ဖြစ်ပါတယ်။ အများပြည်သူကို ချပြတာကတော့ ၂ဝ၁၅ ခုနှစ်က ပထမအကြိမ် ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် အခုပွဲက လေးကြိမ်မြောက်လို့ ပြောလို့ ရပါတယ်။

Voice : မြန်မာ တစ်နိုင်ငံလုံးက ကွန်ပျူတာ တက္ကသိုလ်တွေထဲမှာ ခုလို နည်းပညာ ထုတ်ကုန်ပြပွဲမျိုး စီစဉ် ပြသနိုင်တဲ့ကျောင်း ဘယ်နှကျောင်း ရှိပါသလဲ။ နောက်တစ်ခုက ဘယ်ကျောင်းတွေလဲဆိုတာ ပြောပြပေးစေချင်ပါတယ်။
Dr.EEH : အခုလို ထုတ်ကုန်ပြပွဲမျိုးကို အရင်က သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာန အခုတော့ ပညာရေးဝန်ကြီး ဌာနလက်အောက် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်၊ မန္တလေး ကွန်ပျူတာ တက္ကသိုလ်လို ကျောင်းကြီး တချို့နဲ့ ရတနာပုံ တယ်လီပို့စ် ကျောင်းလိုမျိုး ကျောင်းကြီးတွေကပဲ လုပ်နိုင်ပါသေးတယ်။ နယ်ကျောင်း တချို့ထဲမှာ တောင်ငူက ပထမဦးဆုံးလို့ ပြောလို့ ရပါတယ်။ နောက်ပိုင်းမှာ နယ်ကျောင်းတွေက တချို့လည်း လုပ်ဆောင်ဖို့ ကြိုးပမ်းနေကြပါတယ်။

Voice : အခုလို နည်းပညာ ထုတ်ကုန်ပြပွဲကို ဦးဆောင် စီစဉ်ကျင်းပရတဲ့ ရည်ရွယ်ချက်လေးကို သိပါရစေ။
Dr.EEH : နည်းပညာ ထုတ်ကုန်ပြပွဲကို ဦးဆောင် စီစဉ်ကျင်းပရတဲ့ ရည်ရွယ်ချက်က ကျောင်းသူ၊ ကျောင်းသားတွေရဲ့ တီထွင ်ဖန်တီးနိုင်တဲ့ စွမ်းရည် မြင့်မားလာစေဖို့နဲ့ ပြင်ပ နယ်ပယ်က အတွေ့အကြုံတွေ ရရှိစေရေးအတွက်အပြင် နောင်တစ်ချိန်မှာ IT နည်းပညာရပ် နယ်ပယ်ကို ဦးဆောင်နိုင်တဲ့ ပညာရှင်ကောင်း တစ်ယောက် ဖြစ်စေဖို့အတွက်ပါ။ နောက်တစ်ခုက ဒေသတွင်း ဌာနဆိုင်ရာတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအတွက် တစ်ဖက်တစ်လမ်းက နည်းပညာရပ်တွေနဲ့ ပတ်သက်ပြီး ကူညီပံ့ပိုး ပေးစေချင်လို့ ဖြစ်ပါတယ်။

Voice : နည်းပညာ ထုတ်ကုန်ပြပွဲ ကျင်းပတဲ့အခါမှာ ပညာရေး ဝန်ကြီးဌာနက အားပေးတာမျိုး ရှိပါသလား။ နောက်တစ်ခုက ပြင်ပက နည်းပညာရှင်တွေရဲ့ အကူအညီ ယူရတာမျိုးကော ရှိပါသလား။
Dr.EEH : နည်းပညာ ထုတ်ကုန်ပြပွဲတွေ လုပ်နေတာနဲ့ ပတ်သက်လို့ ပညာရေး ဝန်ကြီးဌာနကလည်း အားပေးပါတယ်။ ဒီပြပွဲပြုလုပ်ဖို့ စီမံချက် ရေးပြီး တင်ရတာမျိုးတော့ ရှိပါတယ်။ ထုတ်ကုန်ပြပွဲနဲ့ ပတ်သက်လို့ ပြင်ပက ပညာရှင်တွေ မပါဝင်ပါဘူး။ ကျောင်းမှာရှိတဲ့ ဆရာ၊ ဆရာမတွေ ကျောင်းသူ ကျောင်းသားတွေရဲ့ အစွမ်းရှိသမျှ အားထုတ် ကြိုးပမ်းမှုတွေ ဖြစ်ပါတယ်။ စီးပွားရေး နယ်ပယ်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဆိုင်ရာ သဘော သဘာဝတွေကိုတော့ ကုမ္ပဏီ တစ်ခုက လာရောက် ရှင်းလင်းဆွေးနွေး ပေးတာမျိုးတော့ ရှိပါတယ်။

Voice : နည်းပညာ ထုတ်ကုန်ပြပွဲ ကျင်းပတဲ့အခါမှာ ဒီပွဲကို လာရောက် ကြည့်ရှုကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဌာနဆိုင်ရာတွေ IT သင်တန်းတွေ က သူတို့လုပ်ငန်းနဲ့ ပတ်သက်တဲ့ နည်းပညာ ဆော့ဖ်ဝဲမျိုး အလုပ်အပ်နှံတာမျိုးကော ရှိပါသလား။
Dr.EEH : ဒီနေ့ ကျင်းပတဲ့ပွဲမှာ ပြသထားတဲ့ ဆော့ဝဲလ်တွေ အားလုံးကတော့ လိုအပ်သူတိုင်းကို အခမဲ့ ပေးအပ်သွားမှာ ဖြစ်ပေမယ့် နေ့လယ်ပိုင်းမှာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံသွားဖို့ရှိသလို သူတို့ လိုအပ်လို့ အပ်နှံနဲ့ ဆော့ဖ်ဝဲမျိုးကိုတော့ ကျောင်းက Team တစ်ခုနဲ့ လက်ခံ ပြုလုပ်ပေးသွားဖို့ ရှိပါတယ်။ လုပ်ငန်း အပ်နှံတဲ့ အရာတွေကိုတော့ ကျောင်းကကြားခံ အနေနဲ့ပဲ လတ်တလောမှာ လုပ်ဆောင်သွားဖို့ရှိပြီး လုပ်ငန်းနဲ့ ပတ်သက်တဲ့ ငွေကြေးပိုင်းဆိုင်ရာကို ပါဝင်သွားဖို့ မရှိပါဘူး။ နောက်ပိုင်းမှာ ကျောင်းရန်ပုံငွေ ရရှိဖို့ သတ်သတ် လုပ်ငန်း လက်ခံမှုမျိုးတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

Voice : တစ်နိုင်ငံလုံးမှာ ကွန်ပျူတာ တက္ကသိုလ်ပေါင်း ဘယ်လောက်ရှိပါသလဲ ဆိုတာရယ် တောင်ငူ ကွန်ပျူတာ တက္ကသိုလ် စတင်ဖွင့်လှစ်ခဲ့တဲ့ နှစ်အပိုင်းအခြားနဲ့ လက်ရှိ ဆရာဆရာမ အင်အား၊ ကျောင်းသား အရေအတွက်ကိုလည်း ပြောပြပေးစေချင်ပါတယ်။
Dr.EEH : တစ်နိုင်ငံလုံးမှာ ကွန်ပျူတာ တက္ကသိုလ်နဲ့ ကောလိပ်ပေါင်း၂၅ ကျောင်း ရှိနေပြီး တောင်ငူ ကွန်ပျူတာ တက္ကသိုလ်ကို ကောလိပ် အဆင့်နဲ့ ၁၉၉၇ ခုနှစ်လောက်က ရေတာရှည်မြို့နယ် နန်ခွန်ကျေးရွာ အနီးမှာ စတင် ဖွင့်လှစ်ခဲ့ပြီး ၂ဝဝဝ ခုနှစ်မှာတော့ တက္ကသိုလ်အဆင့် ပြောင်းလဲနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကွန်ပျူတာ တက္ကသိုလ်ကို တောင်ငူမြို့ ကံရိုးကျေးရွာ အနီးက အရင် နည်းပညာ ကောလိပ်နေရာကို ပြောင်းရွှေ့ ဖွင့်လှစ်ထားပါတယ်။ လက်ရှိမှာ ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆ဝဝ လောက် ရှိနေပါတယ်။

Voice : အခုပြပွဲမှာ ကျောင်းသား၊ ကျောင်းသူ အရေအတွက် ဘယ်လောက်က ပါဝင်ပြသခဲ့သလဲ ဆိုတာရယ်၊ ဘာတွေကို ပြသခဲ့တယ်ဆိုတာ ရှင်းပြ ပေးစေချင်ပါတယ်။
Dr.EEH : ပြပွဲမှာ ကျောင်းသား အုပ်စု ၃၃ စု ကနေပြီးတော့ ပရောဂျက်ပေါင်း ၃၃ ခုကို တီထွင်ရေးသား ပြသခဲ့ပါတယ်။ အုပ်စုတစ်စုကို တစ်ယောက်ကနေ အများဆုံး ခုနစ်ယောက်အထိ ရေးဆွဲထားတဲ့ Kid Dictionary တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်၊ ကွန်ပျူတာ၊ လျှပ်စစ်နဲ့ အင်္ဂလိပ်ဘာသာနဲ့ ပတ်သက်တဲ့ Dictionary တွေ တောင်ငူခရီးသွား လမ်းညွှန်စာအုပ်၊ Game ပြိုင်ပွဲတွေသာမက ဗုဒ္ဓဝင် အကျဉ်းတွေအပြင် ဌာနဆိုင်ရာ လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ နည်းပညာ ဆော့ဖ်ဝဲတွေကို ပြသပေးခဲ့ပါတယ်။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ဇေယျာကို


  • VIA