News

POST TYPE

IT

မွေးမြူရေးကန်များမှ ရေချိုပုစွန်သေဆုံးမှုနှင့်ပတ်သက်၍ သုတေသနပြုလုပ်မည်
01-Oct-2018
ရန်ကုန်၊ စက်တင်ဘာ ၃၀

မြန်မာနိုင်ငံတွင် မွေးမြူရေးကန်များမှ ရေချိုပုစွန်များ ခြောက်နှစ်ဆက်တိုက် သေဆုံးနေမှုနှင့်ပတ်သက်၍ ဖြစ်ပွားသည့် ရောဂါကို ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနနှင့် မအူပင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ဆရာများပူးပေါင်း၍ အဖြေရှာသုတေသန ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ထံမှ သိရသည်။

ရေချိုပုစွန်များတွင် ဖြစ်ပွားသည့် ရောဂါကို ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ရေချိုပုစွန် အများဆုံးထုတ်လုပ်သည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တို့ရှိ ပုစွန်မွေးမြူရေးကန်များတွင် သုတေသနပြုလုပ်မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရသည်။

“မြန်မာနိုင်ငံမှာ ရေချိုပုစွန်တွေ ဆက်တိုက်သေဆုံးတာနဲ့ပတ်သက်ပြီး ဖြစ်ပွားတဲ့ရောဂါကို သုတေသနပြုလုပ်ဖို့ ရွေးချယ်တာဖြစ်ပါတယ်။ ဒီလိုသေဆုံးတာဟာ မွေးမြူရေးကန်တွေရဲ့ပတ်ဝန်းကျင်မှာ ရောဂါတွေရှိလို့ပါ”ဟု မအူပင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ဆရာမတစ်ဦးဖြစ်သည့် ဒေါ်ချိုချိုက ပြောကြားသည်။

ရောဂါရှာဖွေသုတေသနပြုလုပ်ခြင်းကို ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်သည့် အခြေခံ အချက်အလက်များ ရှာဖွေခြင်း၊ ရောဂါကြောင့် ပုစွန်အထွက်နှုန်းလျော့ကျမှုကို တွက်ချက်ခြင်း၊ ပုစွန်မွေးမြူရေးကန်များတွင် ရောဂါပျံ့နှံ့မှုနှုန်း၊ ရောဂါကျရောက်မှုနှုန်း စသည့်အချက်များကိုအဆင့်လိုက် သုတေသနပြုလုပ်မည်ဖြစ်ပြီး ၂၀၂၀ တွင် စစ်တမ်းတစ်ခုပြုလုပ်၍ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ထို့ပြင် သုတေသနပြုလုပ်မည့်ဒေသများရှိ ပုစွန်မွေးမြူရေးကန်များတွင် ရေအရည်အသွေးနှင့် မြေကြီးအရည်အသွေး တိုင်းတာခြင်းတို့ကိုလည်း ပြုလုပ်မည်ဖြစ်ပြီး ရောဂါထိန်းချုပ်နိုင်မည့်နည်းလမ်းများ၊ ကာကွယ်နိုင်မည့် ဗဟုသုတများနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) ကို ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့နှင့်ပူးပေါင်း၍ ပုစွန်မွေးမြူသူများထံ အသိပညာပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ထံမှ သိရသည်။

ပုဂ္ဂလိကမွေးမြူရေးစခန်းများရှိ ရေချိုပုစွန်သားပေါက်များသည် ၂၀၁၃ ခုနှစ်မှစကာ ဆက်တိုက်သေဆုံးလျက်ရှိပြီး ပုစွန်များတွင် ဖြစ်ပွားသည့်ရောဂါကို လက်ရှိအချိန်အထိ အတိအကျအဖြေမရှာနိုင်ခြင်းဖြစ်သည်။ 

ပြည်တွင်းတွင် ပုစွန်သားပေါက် မထုတ်လုပ်နိုင်ခြင်းကြောင့် ထိုင်းနိုင်ငံမှ ပုစွန်သားပေါက်များကိုသာ အဓိကအားထား မွေးမြူနေရကြောင်း ပုစွန်မွေးမြူသူများထံမှ သိရသည်။

J-11


  • VIA