News

POST TYPE

IT

e-Government အဆင်သင့် ဖြစ်ပြီလား
11-Oct-2016

နေပြည်တော်၊ MICC 2 တွင် အောက်တိုဘာလ ၇ ရက်နှင့် ၈ ရက်တွင် ပြုလုပ်သည့် e-Government Conference and ICT Exhibition ပွဲသို့ ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ တက်ရောက်လေ့လာနေစဉ်။

“ဆိုက်ဘာလုံခြုံရေး မပါဘဲ e-Government အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူး” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးရဲကျော်သိန်းက မှတ်ချက်ပြုသည်။

အထက်တွင် ဖော်ပြခဲ့သည့် ဆိုက်ဘာလုံခြုံရေး အပါအဝင် အခြားစိန်ခေါ်မှုများနှင့် အခက်အခဲ အများအပြားကို e-Government အကောင်အထည်ဖော် ဆောင်ရွက်သူများ မလွဲမသွေ ကြုံတွေ့ရမည် ဖြစ်သည်။ လက်ရှိအခြေအနေတွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်း (UN) ၏ လေ့လာချက်များအရ မြန်မာနိုင်ငံ၏ e-Government အဆင့်သတ်မှတ်မှုတွင် အနိမ့်ပါးဆုံး အခြေအနေ၌ ရှိနေသည်။ ဆက်သွယ်ရေးကဏ္ဍ ပိုမိုတိုးတက်လာသည် ဆိုသော်လည်း နိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင် အဆင့် ၁၆၉ ၌သာ ရှိနေသေးသည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးသောင်းစုငြိမ်းက ပြောသည်။

၎င်းက “ကျွန်တော်တို့ မြန်မာနိုင်ငံက e-Government နဲ့ ပတ်သက်ရင် အဆင်သင့်ဖြစ်မှုက တော်တော်လေး နိမ့်နေပါသေးတယ်။ မြန်မာနိုင်ငံက ၂၀၁၄ တုန်းကဆိုရင် ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိတဲ့ အထဲက အဆင့် ၁၇၅။ အဲ့လောက်အထိကို ကျွန်တော်တို့က ဆိုးခဲ့တယ်။ ၂၀၁၆ မှာတော့ ဆက်သွယ်ရေးတို့ ဘာတို့ ဒီကဏ္ဍတွေက တက်လာတဲ့အတွက် ၁၆၉ လောက်အထိ ပြန်တက်လာတယ်။ ပြောရမယ်ဆိုရင် အာရှတိုက်မှာ ကျွန်တော်တို့က အနိမ့်ဆုံး ဖြစ်နေသေးတယ်” ဟု ဆိုသည်။

အာရှဒေသတွင်း နိုင်ငံများအနက် မြန်မာနိုင်ငံသည် e-Government အဆင့်သတ်မှတ်မှု အနိမ့်ကျဆုံး ဖြစ်နေသည်။ ၁၀ စုနှစ် တစ်ခု အကြာကမှ လွတ်လပ်ရေး ရရှိလာသည့် အရှေ့တီမော နိုင်ငံသည်ပင် မြန်မာနိုင်ငံထက် e-Government အဆင့်သတ်မှတ်မှု အဆင့်ရှေ့ရောက်နေသည်ဟု ဦးသောင်းစုငြိမ်းက ပြောဆိုသည်။

မြန်မာနိုင်ငံအနေနှင့် e-Government လုပ်ငန်းများ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ပန်းဘဲတန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေဖူးဗဆွေက စက်တင်ဘာလ ၇ ရက်တွင် ပြည်သူ့လွှတ်တော်ထံ တင်သွင်းထားခဲ့သည်။ ယင်းအဆိုနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အများအပြားက ထောက်ခံဆွေးနွေးထားသည်။

ယင်းအဆိုတွင် e-Government အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ယခင်အစိုးရ လက်ထက်ကပင် စတင်ဆောင်ရွက်ခဲ့သော်လည်း နည်းပညာဆိုင်ရာ အခြေခံအဆောက်အဦ အားနည်းမှု၊ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှု၊ အရည်အချင်းပြည့် ကျွမ်းကျင်ဝန်ထမ်း လူသားရင်းမြစ် နည်းပါးခဲ့မှုနှင့် နည်းပညာ အားနည်းမှုများ ရှိခဲ့သည်ဟုလည်း ထောက်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေသည် နည်းပညာဆိုင်ရာ အခြေခံအဆောက်အဦပိုင်း အနေနှင့် မိုဘိုင်းလ်ဆက်သွယ်ရေးကွန်ရက် တစ်နိုင်ငံလုံးနီးပါး ဖြန့်ကြက်ထားနိုင်မှုက e-Government ကို အထောက်အပံ့ ပေးနိုင်မည် ဖြစ်သည်ဟု ပညာရှင်များက ခန့်မှန်းသုံးသပ်ကြသည်။

နည်းပညာဆိုင်ရာ အခြေခံအဆောက်အဦ ပြည့်စုံမှုကို တွက်ချက်မည် ဆိုပါက ၈၀ ရာခိုင်နှုန်းခန့် အသင့်ဖြစ်နေသည်ဟု ပြောဆိုနိုင်သော်လည်း လုံခြုံစွာ အသုံးပြုနိုင်သည့် စနစ်များ အဆင်သင့်ဖြစ်မှု နည်းပါးနေသေးသည်ဟု  မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးရဲကျော်သိန်းက ဆိုသည်။

၎င်းက “အခြေခံအဆောက်အဦတွေက ၈၀ ရာခိုင်နှုန်းလောက် အဆင်သင့်ဖြစ်ပြီ ဆိုပေမယ့် လုံလုံခြုံခြုံ အသုံးပြုနိုင်တဲ့ အရေအတွက်က အရမ်းနည်းနေသေးတယ်။ လုပ်ထားတာတွေကို ပြန်စစ်ဆေးရမယ်။ ဒါတွေကို စစ်ဆေးပြီးမှ ယိုပေါက်တွေကို ပြင်ဆင်ရမယ်” ဟု ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်ပြီး သုံးသပ်ပြောဆိုသည်။

e-Government လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည် ဆိုပါက မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည့် အချက်တစ်ခု အနေနှင့် နိုင်ငံအဆင့် ဆိုက်ဘာလုံခြုံရေးကို ဆောင်ရွက်နိုင်ရန် လိုအပ်မည် ဖြစ်သည်။ ယင်းအပြင် ဆိုက်ဘာလုံခြုံရေး အသိအမြင်များကို ပြည်သူလူထုထံ မျှဝေမှု အားနည်းနေသည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောသည်။

၎င်းက “လုံခြုံရေး အသိအမြင်နဲ့ ပတ်သက်ပြီး ပြောရရင် ကျွန်တော်တို့တွေ အများကြီးလုပ်ဖို့ လိုအပ်နေသေးတယ်။ သဘောက နည်းပညာကို သုံးရမယ်ဆိုတာ သိတယ်။ လိုက်သုံးတယ်။ လုံခြုံရေးကတော့ အဝေးကြီးမှာ ကျန်နေသေးတယ်” ဟု ဆိုသည်။

ဆိုက်ဘာလုံခြုံရေး လိုအပ်ချက်အပြင် e-Government စနစ် အကောင်အထည်ဖော်ရေးအတွက် အဓိက လိုအပ်ချက် ဖြစ်သည့် ဝန်ကြီးဌာနများ၏ သတင်းအချက်အလက်များသည် ဌာနအချင်းချင်း ချိတ်ဆက်အသုံးပြုနိုင်သည့် အနေအထား၌ပင် မရှိသေးဟု ပြည်တွင်းနည်းပညာ ပညာရှင်များက သုံးသပ်သည်။

အစိုးရဝန်ကြီးဌာနချင်း အချက်အလက်များကို  ဌာနချင်း အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ရန် ပထမဦးစွာ လုပ်ဆောင်သင့်သည်ဟု ပွင့်လင်းမြန်မာ့ ရှေ့ဆောင်အဖွဲ့မှ နည်းပညာအကြံပေး ကိုစိုးသီဟနောင်က ပြောကြားသည်။

၎င်းက “အစိုးရကနေ နိုင်ငံသားတွေဆီကို ပေးတဲ့ ဝန်ဆောင်မှုတွေရောက်ဖို့ အဝေးကြီး လိုသေးတယ်။ အချက်အလက်တွေက e-Government စနစ်မှာ တကယ်အသုံးပြုဖို့ အဆင်သင့်ဖြစ်ပြီလား။ အစိုးရ ဝန်ကြီးဌာနချင်း ချိတ်ဆက်အသုံးပြုနိုင်ဖို့ကို အရင်လုပ်ရမှာ” ဟု ဆိုသည်။

ဌာနဆိုင်ရာများ၏ အချက်အလက်များ ထုတ်ပြန်နိုင်မှု အပိုင်းတွင်ပင် အခက်အခဲများ ရှိနေသည်။ ပြည်တွင်းပညာရှင် ကျောင်းသားလူငယ်များ ဖန်တီးသည့် ပြင်ပေးပါ အမည်ရှိ မိုဘိုင်းလ် App တွင် အသုံးပြုမည့် ရန်ကုန်မြို့တွင်း လမ်းများနှင့် ပတ်သက်သည့် အချက်အလက်များကိုပင် ယင်းလူငယ်များကိုယ်တိုင် မြေပုံကြည့်၍ ရိုက်ထည့်ခဲ့ရသည့် အခြေအနေမျိုး ဖြစ်နေသည်။

အချက်အလက်များ အဆင်သင့်မဖြစ်မှုနှင့် ပတ်သက်ပြီး ဦးသောင်းစုငြိမ်းက “ကျွန်တော့်အမြင်ကို ပြောရမယ် ဆိုရင်တော့ အချက်အလက်တွေ အဆင်သင့်ဖြစ်မှုက နည်းသေးတယ်။ လုပ်ခဲ့တယ် ဆိုရင်လည်း Database က Open Data လို့ခေါ်တဲ့ အလွယ်တကူ စက်အချင်းချင်း ချိတ်ဆက်ပြီးတော့ အဖြေထုတ်နိုင်တဲ့စနစ် မဟုတ်သေးဘူး” ဟု ဆိုသည်။

နိုင်ငံအဆင့် တာဝန်ရှိသူတစ်ဦးမှ ဦးဆောင်ပြီး ပြည်သူများအတွက် အစိုးရ၏ ဝန်ဆောင်မှုများကို အလွယ်တကူ ရယူနိုင်မည့် e-Government လုပ်ငန်းများကို ဆောင်ရွက်ရန် ဝန်ကြီးဌာနများကို တိုက်တွန်းအကောင်အထည်ဖော်ရန် လိုအပ်သည်ဟုလည်း ပညာရှင်များက သုံးသပ်သည်။

ဝန်ကြီးဌာနများ အနေနှင့်မူ e-Government လုပ်ငန်းများ အကောင်အထည်ဖော်ရာ၌ ကျွမ်းကျင်ဝန်ထမ်းများ ရှားပါးမှု အခက်အခဲ ရှိသည်ဟု အောက်တိုဘာလ ၇ ရက်နှင့် ၈ ရက်များတွင် နေပြည်တော်၌ ပြုလုပ်သည့် e-Government Conference ၌ ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကျွမ်းကျင်ဝန်ထမ်းများ ပေါ်ထွက်လာစေရေး အတွက် သက်ဆိုင်ရာ တက္ကသိုလ်များ အဆင့်၌ ကျောင်းသားလူငယ်များအား လိုအပ်သည့် လေ့ကျင့်မှုများပေးပြီး မွေးထုတ်ရန် လိုအပ်သည်ဟုလည်း ပညာရှင်များက ထောက်ပြသည်။

ယခင်အစိုးရ လက်ထက်က လ ၂၀ စီမံကိန်း ချမှတ်ကာ ကာလတို စီမံကိန်းဖြင့် အကောင်အထည် ဖော်ခဲ့သော်လည်း e-Government လုပ်ငန်းများ ထိရောက်သည့် အောင်မြင်မှု မရရှိခဲ့ပေ။ အစိုးရအနေနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ကာလတိုတောင်းပြီး စီမံကိန်းက ကြီးမားနေလျှင်လည်း အောင်မြင်မှု ရရှိနိုင်မည် မဟုတ်ပေ။ စီမံကိန်းအလိုက် လိုအပ်သည့် အခြေခံအဆောက်အဦများ၊ ကျွမ်းကျင်ပညာရှင်များ၊ တွန်းအားပေး အကောင်အထည်ဖော်မည့် ခေါင်းဆောင်အဖွဲ့အစည်း၊ ဘတ်ဂျက်ချထားပေးမှု စသည့် လိုအပ်ချက်များ ပြည့်စုံမှသာ အောင်မြင်နိုင်မည် ဖြစ်ပေသည်။ 

လက်ရှိအစိုးရသက်တမ်း အတွင်း၌လည်း e-Government လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်မှသာ အတိုင်းအတာတစ်ခုအထိ ရောက်ရှိနိုင်မည်ဖြစ်ပြီး အစိုးရ၏ ဝန်ဆောင်မှုများကို အလွယ်တကူ အသုံးပြုနိုင်သည့် အဆင့်အထိ ရောက်ရှိရန်မူ အချိန်ကာလတစ်ခု လိုအပ်ဦးမည်ဟုလည်း ပြည်တွင်းနည်းပညာရှင်များက ဆိုသည်။

“အခုလက်ရှိ အထိကို e-Government လုပ်ငန်းစဉ်တွေက မရှိဘူးလားဆိုတော့ ရှိတယ်။ သူလိုကိုယ်လို ပြည်သူတစ်ယောက် အနေနဲ့ ဖုန်းဖွင့်ပြီး အစိုးရ ဝန်ဆောင်မှုတစ်ခုကို ယူလိုက်တယ် ဆိုတာမျိုး၊ နိုင်ငံတကာမှာ ဖြစ်နေသလိုမျိုးတော့ အဲ့ဒီဟာကိုတော့ မရောက်နိုင်ဘူး။ အဲ့ဒါကတော့ စိတ်ကူးယဉ်အိပ်မက် ဆက်မက်နေရတုန်းပဲ” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးသောင်းစုငြိမ်းက သုံးသပ်သည်။

အစိုးရသစ်သက်တမ်း ၅ နှစ်အတွင်း e-Government လုပ်ငန်းများ ဆောင်ရွက်မှုသည် အတိုင်းအတာတစ်ခုဖြင့် အောင်မြင်မှု ရှိနိုင်သည်။ ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင် ပြည်သူကို ဝန်ဆောင်မှု ပေးနိုင်သည့် အဆင့်အထိ ရောက်ရှိလာနိုင်သည်ဟုလည်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောကြားသည်။            

မောင်မန်း

ABOUT AUTHOR

(မောင်မန်း)