News

POST TYPE

IT

မိုက်ခရိုနီးစီးယားနိုင်ငံတွင် ခရီးသည်တင်လေယာဉ် ပင်လယ်ထဲထိုးဆင်း၊ လိုက်ပါလာသူအားလုံး အသက်ရှင်
28-Sep-2018


ဝယ်လင်တန်၊ စက်တင်ဘာ ၂၈ 

တောင်ပစိဖိတ်ဒေသရှိ နိုင်ငံငယ်လေးတစ်နိုင်ငံဖြစ်သော မိုက်ခရိုနီးစီးယားနိုင်ငံလေဆိပ်တွင် သောကြာနေ့က Air Niugini လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်း လေယာဉ်ပြေးလမ်းမှ လမ်းချော်သွားပြီး ပင်လယ်ထဲသို့ ထိုးဆင်းသွားရာ လေယာဉ်ပေါ်တွင်လိုက်ပါလာသူ ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၄၇ ဦးကို ကယ်ဆယ်ရေးအဖွဲ့က လှေငယ်များဖြင့် သွားရောက်ကယ်တင်လိုက်နိုင်ခဲ့ကြောင်း AFP သတင်းဌာနကရေးသားဖော်ပြသည်။ 

“လေယာဉ်က ကွင်းထဲကိုဆင်းဖို့ပဲ၊ ဒါပေမဲ့ ကွင်းထဲမရောက်ဘဲ ကိုက် ၁၅၀ လောက်ကျော်ထွက်သွားပြီး ပင်လယ်ထဲကို ဆင်းသွားတာ”ဟု Chuuk လေဆိပ်မှ အထွေထွေမန်နေဂျာ ဂျင်မီအမ်မလီယိုက Reuters သတင်းဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားသည်။ 

“ဘာကြောင့်အဲလိုဖြစ်သွားတာလဲဆိုတာကို ကျွန်တော်တို့ လုံးဝမသိသေးဘူး။ လေယာဉ်ပေါ်ကလူတွေအားလုံးကို ကယ်တင်လိုက်နိုင်တယ်။ ခရီးသည် ၃၆ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၁ ဦးပါတယ်။ လေယာဉ်ကတော့ အခုနစ်မြုပ်နေပါပြီ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

အဆိုပါ ခရီးသည်တင်လေယာဉ်မှာ ဘိုးအင်း ၇၃၇ အမျိုးအစားဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၀ ခန့်က ယင်းသို့ ပင်လယ်ထဲဆင်းသွားခြင်းဖြစ်ကြောင်း၊ ခရီးသည်နှင့် လေယာဉ်အမှုထမ်းအားလုံးကို ယခုအခါ ဆေးရုံသို့ခေါ်ဆောင်သွားပြီဖြစ်ကြောင်းနှင့် တစ်ဦးတစ်ယောက်မျှ ဆိုးရွားသည့်ဒဏ်ရာ မရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ 

F-01


  • VIA