News

POST TYPE

IT

ခွင့်ပြုချက်မဲ့ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ ဒဏ်ကြေးမဆောင်သေးဟုဆို
18-Sep-2018
မန္တလေး၊ စက်တင်ဘာ ၁၇

မန္တလေးတိုင်းအတွင်း ခွင့်ပြုချက်မဲ့ ငါး၊ ပုစွန်မွေးမြူရေးလုပ်ကိုင်နေသူများ ဒဏ်ကြေးများပေးဆောင်ရန် ညွှန်ကြားထားသော်လည်း ငါးလကျော်ကြာသည်အထိ ဒဏ်ကြေးပေးဆောင်ခြင်း မရှိသေးကြောင်း မန္တလေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းက ပြောကြားသည်။

မန္တလေးတိုင်းအတွင်း ခွင့်ပြုချက်မဲ့ ငါး၊ ပုစွန်ဧက ၇၀၀၀ ကျော်ရှိရာ တစ်ဧကလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် ဧပြီလမှစတင်၍ ဒဏ်ကြေးပေးဆောင်ရန် မန္တလေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ညွှန်ကြားထားခြင်းဖြစ်သည်။

“ခွင့်ပြုချက်မဲ့ ငါး၊ ပုစွန်မွေးကန်တွေ တစ်ဧကကို ၁၀ သိန်းနှုန်းနဲ့ ဒဏ်ရိုက်တယ်။ ဥပဒေအရဆိုရင် ဖျက်ခိုင်းရမယ်။ သတ်မှတ်ဒဏ်ကြေးဆောင်ခိုင်းရမယ်။ ပြီးရင် နှင်ထုတ်ရမယ်၊ တရားစွဲရမယ်ပေါ့။ ဒါပေမဲ့ ဒီငါးမွေးမြူရေး လုပ်ငန်းက စားနပ်ရိက္ခာဖူလုံရေးအတွက် အထောက်အကူပြုတယ်။ ဥပဒေကို ချိုးဖောက်တာမှန်ပေမယ့် သက်ညှာစွာနဲ့ ဒဏ်ရိုက်တာတစ်ခုပဲလုပ်တာ။ ကျန်တာတွေမလုပ်သေးဘူး။ ဒါကို အခုချိန်ထိ လာမဆောင်ကြသေးတာ”ဟု ဒေါက်တာစိုးသန်းက ဆက်လက်ပြောဆိုသည်။

ဒဏ်ကြေးပေးဆောင်ရာတွင် ပထမအရစ် ၃၀ ရာခိုင်နှုန်းကို ဧပြီလမှ ဇူလိုင်လအတွင်း၊ ဒုတိယအရစ် ၃၀ ရာခိုင်နှုန်းကို ဩဂုတ်မှ နိုဝင်ဘာအထိ၊ တတိယအရစ် ၄၀ ရာခိုင်နှုန်းကို ဒီဇင်ဘာမှ မတ်လအထိ သုံးကြိမ်ခွဲ၍ တစ်နှစ်အတွင်း အပြီးဆောင်ရမည်ဟု ဧပြီလအတွင်းက ညွှန်ကြားထားခြင်းဖြစ်ကြောင်း မန္တလေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

မန္တလေးတိုင်းတွင် ငါး၊ ပုစွန်မွေးမြူသည့် ဧက ၉၀၀၀ ကျော်ရှိရာ မန္တလေးတိုင်းအစိုးရအဖွဲ့၏ ဒဏ်ကြေးများလွန်းနေကြောင်း၊ ငါး၊ ပုစွန်လုပ်ငန်းရှင်များအတွက် သက်သာသည့် ဒဏ်ကြေးဖြစ်သင့်ကြောင်း မန္တလေးတိုင်း ငါးမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးစိန်ထွန်းက ပြောကြားသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားတယ်။ အစ်ကိုတို့က အစကတည်းက မတတ်နိုင်ပါဘူး။ ဟိုးဘက်ခေတ်အစိုးရအဖွဲ့မှာလည်း လုပ်ပိုင်ခွင့်လျှောက်တယ်။ မချပေးဘူး။ ဒီဘက်ခေတ်မှာလည်းမချပေးဘူး။ သူတို့က ချပေးမယ် တစ်ဧကကို ဒဏ်ငွေဆယ်သိန်းပေး၊ တရားဝင် လုပ်ပိုင်ခွင့်နဲ့ဆက်လုပ်ပေါ့။ ဆယ်သိန်းတော့ မလုပ်ပါနဲ့ ငါးသောင်း၊ တစ်သိန်းဆို ဆောင်နိုင်ပါတယ်ဆိုပြီး တင်ပြခဲ့တယ်။ ဒါပေမဲ့အဆင်မပြေဘူး”ဟု ၎င်းက ပြောဆိုသည်။

ဒဏ်ကြေးပေးဆောင်ရမည့် ငါး၊ ပုစွန်မွေးမြူရေးကန်များသည် မတ္တရာမြို့နယ်အတွင်း အများဆုံးရှိရာ ဒဏ်ကြေးများပေးဆောင်၍ လုပ်ပိုင်ခွင့်လျှောက်ထားပါက ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ သတ်မှတ်ရက်အတွင်း ဒဏ်ကြေးမပေးဆောင်ပါက ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

M-05


  • VIA