News

POST TYPE

IT

ယနေ့ထွက်ရှိသည့် iOS 12 ၏ အဓိကအပြောင်းအလဲများ
17-Sep-2018


အက်ပဲလ်၏ မိုဘိုင်း မောင်းနှင်စနစ် ဗားရှင်းသစ် iOS 12 ကို ယနေ့ (စက်တင်ဘာလ ၁၇ ရက်နေ့) တွင် အများပြည်သူထံ စတင်ဖြန့်ဝေမည်ဖြစ်ပြီး မြန်မာစံတော်ချိန်အရ ယနေ့ည ၁၁ နာရီခွဲမှ စ၍ Download ရယူနိုင်မည်ဖြစ်သည်။ (Beta tester များအတွက် နောက်ဆုံး ထုတ်ပေးထားသည့် GM release နှင့် သိသိသာသာ ကွဲပြားမည်မဟုတ်ပေ)

iPhone 5s မှ စ၍ နောက်ပိုင်း iPhone အားလုံး၊ iPad Air နှင့် Air 2 ၊ iPad Mini 2 မှ 4 အထိ၊ iPad Pro အားလုံး၊ iPod Touch 6th Gen တို့တွင် တင်၍ ရမည်ဖြစ်သည်။

iOS 12 ၏ သိသာသောအပြောင်းအလဲများမှာ notification ဖော်ပြပုံပြောင်းသွားခြင်း၊ Photo App ကို မွမ်းမံလိုက်ခြင်း၊ ပေါင်းစပ်ပုံရိပ်ယောင် (augmented-reality ခေါ် AR) စနစ်သုံး Measure အက်ပလီ ကေးရှင်းတို့ ပါဝင်လာခြင်းဖြစ်သည်။ ဖုန်းကင်မရာကိုသုံးပြီး Measure အက်ပလီကေးရှင်းဖြင့် ပြင်ပမှ အရာဝတ္ထုများကို ချိန်ရွယ်ပြီး အကွာအဝေးတိုင်းခြင်း၊ ရေချိန်တိုင်းခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

iOS 12 တင်လိုက်ပါက ယခင်အိုင်ဖုန်းများတွင်လည်း ပိုမြန်လာမည်ဟု အက်ပဲလ်က ထုတ်ပြန်ထားသည်။ အက်ပလီကေးရှင်းဖွင့်ရာတွင် ၄၀ ရာခိုင်နှုန်း၊ ကီးဘုတ်ဖွင့်ရာတွင် ၅၀ ရာခိုင်နှုန်း၊ ကင်မရာဖွင့်ရာတွင် ၇၀ ရာခိုင်နှုန်း ပိုမြန်မည်ဟုဆိုသည်။

Lock Screen တွင် Notification များကို အက်ပလီကေးရှင်းအလိုက်၊ အကြောင်းအရာအလိုက် စုပေးထားသည့် ပုံစံဖြစ်သွားသောကြောင့် ကြည့်ရပိုလွယ်သွားစေမည်ဖြစ်သည်။

Siri Shortcuts ပါဝင်လာသောကြောင့် command များကို စိတ်ကြိုက်ဖန်တီးပြီးပေးထားနိုင်မည်ဖြစ်သည်။ Beta Version တွင် စမ်းသပ်ထားမှုအရ ယခင်က Siri ဖြင့် မြန်မာဖုန်းများ ခေါ်ခိုင်း၍ မရသော ပြဿနာကိုလည်း Siri Shortcuts တွင် ကြိုထည့်ထားခြင်းဖြင့် အဆင်ပြေသည်ကိုတွေ့ရသည်။

တင်ပြီးမှ ဇော်ဂျီဖောင့် အဆင်မပြေသူများ လက်ရှိ Zawgyi Profile ကို ဖြုတ်၍ http://www.comquas.com/font/Zawgyi.mobileconfig ယခုလင့်ခ်ပါ Zawgyi Profile ကိုပြန်တင်ကာ Restart ချလိုက်ပါက အဆင်ပြေနိုင်မည်ဖြစ်သည်။ (comquas မှ ဖန်တီးပေးထားသည်ကို ပြန်လည်မျှဝေထားခြင်းဖြစ်သည်။)

အိုင်ဖုန်း၏ ကား infotainment system ဖြစ်သော CarPlay တွင် Google Maps နှင့် Waze တို့ သုံး၍ ရလာမည်ဖြစ်သည်။

အသုံးဝင်သော အခြားလုပ်ဆောင်ချက်တစ်ခုမှာ အက်ပလီကေးရှင်းအလိုက် သုံးစွဲသည့် အချိန်ကို ပြန်စစ်နိုင်ပြီး အချိန်ကန့်သတ်ထားနိုင်သည့် Screen Time လုပ်ဆောင်ချက်ပါဝင်လာခြင်းဖြစ်သည်။
FaceTime ဗီဒီယိုဖုန်းခေါ်ဆိုမှုကိုလည်း လူ ၃၂ ဦးအထိ တစ်ပြိုင်နက် ချိတ်ဆက်နိုင်ရန် စီစဉ်ထားသည်ဟု အက်ပဲလ်က ကြေညာထားသော်လည်း လက်ရှိ iOS 12 တွင် မပါရှိလာသေးဘဲ ယခုနှစ် နှောင်းပိုင်းတွင်မှ Update အဖြစ် ထည့်သွင်းပေးဖွယ်ရှိသည်။ F-03