News

POST TYPE

IT

MM Social အပေါ် အမြင်များ
11-Sep-2018
ပြည်တွင်းအခြေစိုက် မြန်မာပိုင်လူမှုကွန်ရက် MM Social ကို စက်တင်ဘာ ၂ ရက်က စတင်မိတ်ဆက်ခဲ့ပြီး လက်ရှိအချိန်တွင် စတင်အသုံးပြုနိုင်နေပြီဖြစ်သည်။ နောက်ဆုံးသိရသည့် အချက်အလက်များအရ MM Social ကို အသုံးပြုနေသူ ကိုးထောင်ကျော်ခန့်ရှိနေပြီး အသုံးပြုသူအရေအတွက်တိုးတက်မှု အနည်းငယ်ရပ်တန့်နေသည်ဟုလည်း MM Social တည်ထောင်သူများက ပြောကြားထားသည်။ ယင်းအပြင် MM Social ၏ လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းပေးသွားမည်ဟုလည်း ပြောဆိုထားသည်။ နည်းပညာရှင်များ၊ အသုံးပြုသူများ၏ မြန်မာလူမှုကွန်ရက် MM Social ကို စမ်းသပ်အသုံးပြုပြီးနောက် ၎င်းတို့၏ သဘောထားအမြင်များကို The Voice Daily က မေးမြန်းပြီး စုစည်းဖော်ပြအပ်ပါသည်။



“လောလောဆယ်တော့ မြန်မာစာမှာ Error လေးတွေ တက်နေတာတွေ့တယ်။ တချို့စာတွေ အမှန်တိုင်းမပေါ်ဘူး”

ကိုမြင့်ကျော်သူ (နည်းပညာအရာရှိချုပ်၊ My Play Co.,Ltd.)

ကောင်းပါတယ်။ ပေါ်သင့်တာကြာပါပြီ။ နိုင်ငံခြားက Software တွေပေါ်မှာ အားထားနေရတာ Social network လို ဟာမျိုးကျ မသင့်တော်ပါဘူး။ အထူးသဖြင့် Facebook လို Mega Corp ကြီးတွေအတွက်ကျ မြန်မာပြည်ကို ဂရုစိုက်ဖို့ဆိုမဖြစ်နိုင်တာမို့၊ ကိုယ့်အတွက် သေချာဂရုစိုက်ပြီးလုပ်မယ့် Local Startup တွေ လိုပါတယ်။

ဒါပေမဲ့ အောင်မြင်အောင်လုပ်ဖို့တော့ လိုဦးမှာပါ။ အနည်းဆုံး Active User ၁ သိန်းလောက်ရှိမှ Social Network ဆိုတာ စလည်ပတ်ပါတယ်။ အရင်ကလည်း ပေါ်ဖူးပေမယ့် မအောင်မြင်လို့ ရပ်သွားကြတာများပါတယ်။

လောလောဆယ် လိုအပ်နေတဲ့ Features တွေ အများကြီးရှိပါသေးတယ်။ တဖြည်းဖြည်းကို ပိုကောင်းလာမယ် ထင်ပါတယ်။

ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ပေးနိုင်ရင် သေချာပေါက် ပြောင်းလာမှာပါ။ အထူးသဖြင့် Facebook ကို လူတွေပျင်းနေတာလည်းပါတာမို့ ဆန်းသစ်တဲ့ ပြည်တွင်းကြိုက် Features တွေ ဖြည့်ပေးနိုင်ရင် လူတွေပြောင်းလာမှာ သေချာပါတယ်။ လောလောဆယ်တော့ မြန်မာစာမှာ Error လေးတွေ တက်နေတာတွေ့တယ်။ တချို့စာတွေ အမှန်တိုင်းမပေါ်ဘူး။

ကြိုးစားအားထုတ်မှုအပြင် ငွေကြေးလည်းတောင့်ဖို့ လိုပါသေးတယ်။ Facebook လည်း Startup အဆင့်မှာ ယက်ကန်ယက်ကန်ပါပဲ။ Social Network ဆိုတာကြီးလာမှ “စား” ရတဲ့ Software ပါ။ တစ်နှစ်၊ နှစ်လောက် အသက်ရှင်ဖို့ အရင်လုပ်ရပါမယ်။ 



“ကျယ်ပြန့်တဲ့ နယ်ပယ်ကို ဝင်ရဲတယ်ဆိုတာနဲ့တင် သဘောကျနေပြီ”

ကိုစိုးသီဟနောင် (တည်ထောင်သူ Myanmar Link နည်းပညာသင်တန်းကျောင်း)

ပထမဦးဆုံး ပြောချင်တာက သူတို့ ဒီထက်အချိန်ပိုယူပြီး တည်ဆောက်သင့်တယ်ဗျ။ ကြိုဆိုပါတယ်ဗျ။ ဒါပေမဲ့ Social Network လို့ ဆိုလိုက်တာနဲ့ Facebook ကို ပြေးမြင်မိကြတဲ့ အနေအထားမှာ Facebook လို ဆွဲဆောင်နိုင်ဖို့တော့အများကြီး လိုဦးမှာပေါ့။ ကိုယ်တွေက Team သေးသေးလေးနဲ့ရေးကြရတာ၊ သူတို့ကနည်းတဲ့ Team မဟုတ်ဘူး။

မြန်မာစာကတော့ ဟိုဘက်ကဖာရင် ဒီဘက်က ပေါက်၊ ဒီဘက်ကဖာရင် ဟိုဘက်ကပေါက် စိတ်ပျက်စရာကောင်းတဲ့ Dual System Support လုပ်နေရတဲ့အတွက် အခက်အခဲတွေရှိနေမှာပဲ။ ဒီထက်ပိုကောင်းတဲ့ ထောက်ပံ့မှုတွေ လိုဦးမယ်ဗျ။ နောက်တစ်ခုက လူတွေကဘာကြောင့် Social Network ကို သုံးနေကြလဲဆိုတဲ့ ရည်ရွယ်ချက်တွေအပေါ်တစ်ခုချင်းစီ ထိထိရောက်ရောက် အကောင်အထည်ဖော်ပေးဖို့လိုဦးမယ်ဗျ။ ကျွန်တော်ကတော့ မြန်မာတွေရေးတာဆိုရင် အားပေးတယ်။ ဒီလောက်ကျယ်ပြန့်တဲ့ နယ်ပယ်ကို ဝင်ရဲတယ်ဆိုတာနဲ့တင် သဘောကျနေပြီ။ ဒါပေမဲ့ အောင်မြင်ဖို့တော့ လိုအပ်ချက်တွေ အများကြီးရှိဦးမယ်လို့ မြင်ပါတယ်။



“Facebook က သူငယ်ချင်းတွေ ပြန်ရှာလို့ရမှ အဆင်ပြေမှာ” ကိုမျိုးသိန်း (MM Social လူမှုကွန်ရက်အသုံးပြုသူ)

အခုအခြေအနေကိုတော့ အားမရဘူးဗျ။ ဖုန်းနဲ့သုံးတဲ့အခါ မြန်မာစာစနစ်က သိပ်အဆင်မပြေသေးဘူး။ နောက်တော့ သူငယ်ချင်းတွေရှာဖို့ ခက်နေတယ်။ မက်ဆေ့ချ်တွေပို့ထားရင်လည်း အချက်ပေးတာတွေ မတက်သေးဘူး။ လူမှုကွန်ရက်လို့ ပြောဖို့တောင် စောနေသေးတယ်။

အဆိုးဆုံးက ပုံတင်လို့ခက်တာ။ ကျွန်တော်ဆို ပုံတင်လို့ကိုမရဘူး။ သူငယ်ချင်းတွေရှာတဲ့ နေရာမှာလည်း Facebook က သူငယ်ချင်တွေ ပြန်ရှာလို့ရမှ အဆင်ပြေမှာ။ Like တစ်ခုတည်းနဲ့လည်း အဆင်ပြေမယ် မထင်ဘူး။ လူမှုကွန်ရက်ဆိုတာကလည်း အတိုက်အခိုက်လေးတွေရှိမှ ပျော်ဖို့ကောင်းတာ။ အဲဒီလိုလေးတွေလည်း ရှိလာမယ်ဆိုရင်တော့ သုံးလို့ကောင်းမှာပါ။

မြန်မာပိုင်လူမှုကွန်ရက်တစ်ခုရှိလာတာတော့ ကောင်းပါတယ်။ ဒီပေါ်မှာ သုံးရတာအဆင်ပြေတယ်၊ ကိုယ်လည်းမပျင်းသေးဘူးဆိုရင်တော့ ဆက်သုံးသွားမှာပါ။ Facebook ကိုတော့ စွန့်လွှတ်လို့ မရသေးဘူး။



“နောက်တစ်ခုက haha ပေးလို့ မရသေးတာ” ကိုထက်လွင်အောင် (MM Social အသုံးပြုသူ)

လောလောဆယ်တော့ သူငယ်ချင်းတွေ နည်းနေသေးတော့ နည်းနည်းတော့ အထီးကျန်နေတာပေါ့။

အသုံးပြုသူတွေ ကောင်းကောင်းမသိသေးတာရယ်ကြောင့် ထင်တယ်။ ဒါကလည်း MM Social ရဲ့တည်ထောင်သူတွေက MM Social ကို ကောင်းကောင်းပြင်ဆင်ပြီးမှ ချပြမယ်လို့တော့ ထင်ပါတယ်။

လိုအပ်ချက်ကတော့ အတွေ့အကြုံမရှိသေးတာပါ။ Facebook သုံးနေကျဖြစ်တော့ Search Bar မပါတာတို့၊ Link ပေးမှ သူငယ်ချင်းသွားအပ်လို့ရတာတို့ နောက်တစ်ခုက PC လောက်နဲ့ Browser လောက်နဲ့ပဲ သုံးလို့ရသေးတာတို့က အခက်အခဲရှိနေသေးတာပေါ့။ နောက်တစ်ခုက haha ပေးလို့ မရသေးတာ။ မြန်မာပိုင်လူမှုကွန်ရက်အသုံးပြုရတာတော့ ဂုဏ်ယူစရာပေါ့။

Social Network က နာမည်ကြီးလာတာနဲ့အမျှ လွှမ်းမိုးမှုကြီးလာတာပဲဗျ။ အားသာချက်က ကိုယ့်နိုင်ငံသားပိုင်ဆိုတော့ ကိုယ့်နိုင်ငံရဲ့အခြေအနေ ကိုယ်တွေနိုင်ငံသားတွေပဲ အသိဆုံးဆိုတော့ ကိုယ်တွေနိုင်ငံနဲ့ ကိုက်ညီမယ့် Feature တွေ၊ Report Rule တွေကို နိုင်ငံခြားပိုင် လူမှုကွန်ရက်တွေထက် အဆင်ပြေအောင်ပြင်ဆင်နိုင်မယ်ဗျ။