News

POST TYPE

IT

ထားဝယ်နည်းပညာကျောင်းသားသမဂ္ဂ စာအုပ်နှင့် အားကစားပစ္စည်း အစိုးရထံ အကူအညီတောင်း
10-Sep-2018
ထားဝယ်၊ စက်တင်ဘာ ၉

အားကစားပစ္စည်းများနှင့် စာကြည့်တိုက်အတွက် လိုအပ်နေသည့် စာအုပ်များဖြည့်ဆည်းပေးရန် တနင်္သာရီတိုင်း အစိုးရအဖွဲ့ထံ စက်တင်ဘာလ ၆ ရက်က အကူအညီတောင်းခံလိုက်ကြောင်း နည်းပညာတက္ကသိုလ် (ထားဝယ်) ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

သုတ၊ ရသ စာအုပ်များနှင့် ကိုယ်လက်လှုပ်ရှား အားကစားပစ္စည်းများ၊ ဘောလုံး၊ ဘတ်စကက်ဘော စသည့် ပစ္စည်းများ အကူအညီပေးရန် တိုင်းလူမှုရေးဝန်ကြီးထံ စာပို့ တောင်းခံခြင်းဖြစ်သည်။

ယင်းပစ္စည်းများဝယ်ယူရန် အဆင့်မြင့်ပညာ ဦးစီးဌာနက ချထားပေးသည့် ရန်ပုံငွေမှာ နည်းပါးလှသဖြင့် တိုင်းအစိုးရ ရန်ပုံငွေဖြင့် ဖြည့်ဆည်းပေးရန် အကူအညီတောင်းခံခြင်းဖြစ်ကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုအောင်ခန့်မော်က ပြောကြားသည်။

“ပြည်ထောင်စုဘတ်ဂျက် (ရန်ပုံငွေ) ကလည်း ကျွန်တော်တို့ တစ်ကျောင်းတည်းအတွက် ဒီပစ္စည်းတွေ ဝယ်ပေးမယ်ဆိုပြီး ကျလာဖို့ကလည်း နည်းတယ်။ အဲဒီတော့ တိုင်းအစိုးရက ကျောင်းသားတွေအတွက် ဖြည့်ပေးနိုင်မလားပေါ့ အဲဒီလို မျှော်လင့်ချက်နဲ့သွားတောင်းတာပေါ့။ တကယ်လည်း လိုအပ်နေတယ်”ဟု ၎င်းက ဆိုသည်။

ယင်းကျောင်းသားများသမဂ္ဂမှ အကူအညီတောင်းလာသည့် ကိစ္စကို တိုင်းအတွင်းရှိ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး အဆင်မပြေပါက တိုင်းအစိုးရအဖွဲ့ အစည်းအဝေးထံ တင်ပြဆွေးနွေးပေးမည်ဖြစ်ကြောင်း တိုင်းလှုမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောကြားသည်။

“မလုပ်ပေးဘူးဆိုတာ မရှိစေရဘူး။ တစ်နည်းနည်းနဲ့ လုပ်ပေးမယ်။ သူတို့လိုအပ်တဲ့ အတိုင်းအတာကိုပေါ့လေ။ ကြာတယ်၊ မကြာဘူးဆိုတာကတော့ တစ်ပိုင်းပေါ့လေ”ဟု ဝန်ကြီး ဦးဟိုပင်က ဆိုသည်။

ယခုနှစ် ဇန်နဝါရီလကလည်း နည်းပညာတက္ကသိုလ် (ထားဝယ်) တွင် မိုးလုံ၊ လေလုံ အားကစားခန်းမနှင့် ဘောလုံးကွင်း ဆောက်လုပ်ပေးရန် ယင်းကျောင်းသားများသမဂ္ဂက တိုင်းအစိုးရအဖွဲ့ထံ တောင်းဆိုခဲ့ဖူးသည်။ 

Dawei Watch


  • VIA