News

POST TYPE

IT

MM Social မြန်မာပိုင်လူမှုကွန်ရက် တည်ထောင်သူ ကိုရန်နိုင်မြင့်နှင့်တွေ့ဆုံခြင်း
04-Sep-2018
ပြည်တွင်း၌ မိုဘိုင်းလ်ဖုန်းမှ အင်တာနက် အသုံးပြုမှုရရှိနိုင်ခဲ့ပြီးနောက်ပိုင်း လူမှုကွန်ရက် အသုံးပြုမှုမြင့်တက်လာခဲ့သည်။ လူမှုကွန်ရက်များကို သတင်းရင်းမြစ်များသဖွယ်၊ သတင်းစီးဆင်းရာ အဓိကလမ်းကြောင်း တစ်ခုသဖွယ် အသုံးပြုလာခဲ့သည်။ ပြည်ပပိုင် လူမှုကွန်ရက်အပေါ်တွင် ပြည်တွင်းမှ အချက်အလက်များ စီးဆင်းနေခြင်းသည် သတင်းအချက်အလက်များကို ပြည်ပမှ အလွယ်တကူ ထောက်လှမ်းနိုင်နေသည်ဟု နည်းပညာရှင်များက ထောက်ပြဝေဖန်ထားကြသည်။ ယင်းအပြင် အစိုးရဝန်ကြီးဌာနများ၏ သတင်းထုတ်ပြန်မှုများကိုပင် ပြည်ပပိုင်လူမှုကွန်ရက်တွင် တွင်တွင်ကျယ်ကျယ် ဖြန့်ဝေအသုံးပြုနေသည်။ ပြည်ပပိုင် လူမှုကွန်ရက်အသုံးပြုမှု၏ သက်ရောက်မှုများ၊ သတင်းတု၊ သတင်းမှားများ၏ သက်ရောက်မှုများနှင့် ပြည်တွင်း မြန်မာပိုင်လူမှုကွန်ရက် တည်ဆောက်နေမှုများအကြောင်းကို MM Social Zone ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ကိုရန်နိုင်မြင့်နှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

The Voice : ကိုရန်နိုင်မြင့်တို့ MM Social Zone ကုမ္ပဏီအနေနဲ့ မြန်မာပိုင် လူမှုကွန်ရက်တစ်ခုကို တည်ထောင်နေတာ သိရပါတယ်။ နည်းပညာကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့အတွက်ကျတော့ ဒီမှာက စိတ်ဝင်စားမှု နည်းနေဦးမလားဗျ။ ဘယ်လိုမျိုး အခြေအနေရှိသလဲ။
YNM : စိတ်ဝင်စားမှု နည်းလားဆိုတော့ မဟုတ်ဘူးဗျ။ စိတ်ဝင်စားတဲ့သူတွေရှိတယ်။ ဒါပေမဲ့ ပြောရမယ်ဆိုရင် ကျွန်တော်တို့တွေ လုပ်ပြရမယ့်အရာတွေ ရှိနေဦးမယ်။ ဒီလို နည်းပညာအခြေပြုလုပ်ငန်းတွေက အကျိုးအမြတ် အဆပေါင်းများစွာ ခုန်တက်သွားနိုင်တယ်ဆိုတာ ရင်းနှီးမြှုပ်နှံသူတွေ သိဖို့အတွက် ကြိုးစားရဦးမယ်။

The Voice : MM Social ကို မိတ်ဆက်မယ်လို့ ပြောခဲ့တဲ့အချိန်နဲ့ဆိုရင် နည်းနည်းလေး အနောက်ကို ရွှေ့သွားတာတော့ မြင်ရတယ်ဗျ။ ဘာကြောင့်လဲ။
YNM : ကျွန်တော်တို့အနေနဲ့က သေချာအောင် လုပ်ရတဲ့ အချက်အလက်တွေရှိတယ်။ နည်းပညာပိုင်းမှာ တိကျသေချာအောင် လုပ်ရမှာတွေရှိတယ်။ တကယ်လို့ မလုပ်ခဲ့ဘူးဆိုရင် အားလုံးသဲထဲရေသွန်သလို ဖြစ်သွားမှာ။ အဲဒီအတွက် အချိန်နည်းနည်း ပိုယူခဲ့ရတာ ရှိတယ်။ ဥပမာ - အနေနဲ့ပြောမယ်ဆိုရင် ဒီ လူမှုကွန်ရက်ဆိုတာသည် ပုံမှန်ဝက်ဘ်ဆိုက်တစ်ခုထက် တစ်ပြိုင်တည်း တစ်ချိန်တည်း အသုံးပြုမယ့်သူတွေ များတယ်။ အဲဒီတော့ တစ်ပြိုင်တည်းဝိုင်းပြီး အသုံးပြုကြတဲ့အချိန်မှာ အဆင်ပြေပြေနဲ့ ပြတ်တောက်မှုမရှိဘဲ အသုံးပြုနိုင်ဖို့ ပြင်ဆင်ရတယ်။

The Voice : ဒီလူမှုကွန်ရက်ကို တည်ဆောက်ဖို့ အချိန်ဘယ်လောက်ယူခဲ့သလဲဗျ။ နောက်တစ်ခုက လူမှုကွန်ရက်တစ်ခုကို တည်ဆောက်တဲ့နေရာမှာ အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေကို အဆင့်ဆင့်ဖြည့်စွက်ပြီး Update လုပ်ပေးရတာပေါ့လေ။ ဒီမှာကျတော့ရော ဘယ်အနေအထားအထိ အသုံးပြုနိုင်မလဲ။ ဖြည့်စွက်ပြီးတော့ရော နောက်ပိုင်း ဘယ်လိုလုပ်ဆောင်ချက်တွေ ထပ်ဖြည့်ပေးသွားဖို့ရှိမလဲဗျ။
YNM : MM Socialကို တည်ဆောက်ဖို့အတွက် အချိန် ၂ လ နီးပါး တည်ဆောက်ခဲ့ရတယ်။ လက်ရှိမှာ ကျွန်တော်တို့က ဦးစားပေးအဆင့်တွေ ခွဲထားတယ်။ ပထမအဆင့် အခုစပြီးအသုံးပြုနိုင်မယ့် အခြေအနေမှာတော့ လူမှုကွန်ရက်တစ်ခုရဲ့ အခြေခံလုပ်ဆောင်ချက်တွေ အသုံးပြုနိုင်ဖို့ အဓိက ဦးစားပေးထားတယ်။ ဒီအဆင့်မှာ အသံခေါ်ဆိုတာ၊ ရုပ်သံခေါ်ဆိုတာ၊ တိုက်ရိုက် ထုတ်လွှင့်တာတွေ မရသေးတာကလွဲ ကျန်တဲ့ အခြေခံလိုအပ်ချက်တွေတော့ အားလုံးလုပ်ဆောင်လို့ရပါပြီ။
ကျန်နေသေးတဲ့ လိုအပ်ချက်တွေကိုတော့ ဦးစားပေးအဆင့်တွေကို ကာလတွေ သတ်မှတ်ပြီး အဆင့်မြှင့်တင်မှုတွေ လုပ်ပေးသွားမှာပါ။ မိုဘိုင်းလ် App တွေအနေနဲ့ကတော့ Android ရော iOS နှစ်ခုလုံးကို တစ်လအတွင်း ရအောင်လုပ်ပေးသွားမှာပါ။ လက်ရှိမှာတော့ ကွန်ပျူတာနဲ့ပဲဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲဖြစ်ဖြစ် Browser တစ်ခုခုကနေ သုံးလို့ရပါတယ်။

The Voice : တစ်ဖက်မှာကြည့်ရင်လည်း လူမှုကွန်ရက်ပေါ်ကနေ တပ်မတော်နဲ့ဆိုင်တဲ့ Page တွေ အကောင့်တွေကို ဖေ့စ်ဘွတ်ခ်က ဖြုတ်ချလိုက်ပြီး နောက်ပိုင်း ထွက်လာတာဆိုတော့ ဒီ MM Socialက ပုဂ္ဂလိကပိုင်စစ်စစ်ဖြစ်ရဲ့လားဗျ။
YNM : ဒီကိစ္စနဲ့ပတ်သက်ပြီး မိတ်ဆက်တဲ့အချိန်မှာကတည်းက ဒီလိုဝေဖန်မှုတွေအပေါ် မသက်ဆိုင်ကြောင်း ဖြေရှင်းထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဥပဒေအကြံပေးတွေကိုယ်တိုင်ကလည်း ဒါဟာ ပုဂ္ဂလိကပိုင်စစ်စစ်ဖြစ်ကြောင်း၊ နောက်ခံ အထောက်အပံ့ပေးထားတဲ့အဖွဲ့ တစ်စုံတစ်ရာ မရှိဘူးဆိုတာ မီဒီယာတွေကို ဖြေကြားထားပါတယ်။ လက်ရှိ မိတ်ဆက်တဲ့အချိန်နဲ့ ဖြစ်သွားတဲ့ကိစ္စတွေက တိုက်ဆိုင်သွားတာပါ။ မြန်မာပိုင် လူမှုကွန်ရက်တစ်ခုလုပ်ဖို့ နည်းပညာပိုင်း လေ့လာမှုတွေ လုပ်နေတာ ၃ နှစ်လောက်ရှိပါပြီ။

The Voice : ပြည်တွင်းမှာ ကိုယ်ပိုင်လူမှုကွန်ရက်တစ်ခု လုပ်ဖို့ဆိုတာက အခုလက်ရှိ အတွေ့အကြုံအရ ဘယ်လို အခက်အခဲတွေရှိသလဲဗျ။ လူတော်တော်များများက ဖေ့စ်ဘွတ်ခ်ပေါ်မှာ အမြစ်တွယ်နေတော့ ရုတ်တရက် ပြောင်းလာဖို့ကို ဘယ်လိုဆွဲဆောင်မလဲ။
YNM : ပထမဆုံးကြုံရတာက ယဉ်ကျေးမှု မတူတာဗျ။ ဥပမာ ပြည်ပအခြေစိုက် လူမှုကွန်ရက်တွေဆိုတာ သူတို့အိမ်။ ဒီတော့ သူတို့စည်းကမ်းတွေ ရှိတယ်။ မျှတတဲ့ လွတ်လပ်ခွင့်ရဖို့က မြန်မာပိုင် လူမှုကွန်ရက်တစ်ခုဖြစ်လာဖို့ လိုအပ်တယ်။ အဲဒီလို ဖြစ်လာဖို့အတွက်ကိုလည်း မြန်မာတွေရဲ့ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုတွေနဲ့ ကိုက်ညီတဲ့ လွတ်လပ်ပြီး မျှတတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိလာဖို့ စဉ်းစားရတယ်။ ဒီနေရာမှာ အမုန်းစကား ဆိုတာတွေကို ဘယ်လို သတ်မှတ်မလဲ၊ လူမျိုးရေးခွဲခြားမှုတွေကို ဘယ်လိုစံနှုန်းတွေ ထားမလဲဆိုတာကို ကျွန်တော်တို့ရဲ့ ဥပဒေ အကြံပေးနဲ့ ညှိနှိုင်းပြီး တည်ဆဲဥပဒေတွေနဲ့အညီ ဆောင်ရွက်ရတယ်။ ကျွန်တော်တို့က နည်းပညာသမားဆိုတော့ အဲဒီအပိုင်းတွေမှာ အခက်အခဲတွေကြုံရတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ရုတ်တရက်ဒီဘက်ကို ပြောင်းလာဖို့အတွက်ကတော့ ပြောဖို့တစ်ခုရှိပါတယ်။ ဒီလူမှုကွန်ရက်က မြန်မာတွေအတွက် ရည်ရွယ်ပြီး မြန်မာတွေက ထုတ်ထားတာဖြစ်တဲ့အတွက် ဒီနေရာက အသင့်တော်ဆုံးဖြစ်မှာပါ။ ကျွန်တော်တို့ဆီကို ပြောင်းလာမယ့်သူတွေသည် ဖေ့စ်ဘွတ်ခ်ကနေ ပြောင်းလာမှာဖြစ်တဲ့အတွက် သူတို့တွေရဲ့ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းသွားဖို့ ပြင်ဆင်ထားပါတယ်။

The Voice : ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြည်တွင်းက အသုံးပြုသူတွေ များတဲ့အခါကျတော့ ဒီပေါ်ကနေ စီးပွားရေးလုပ်ငန်းတွေက ကြော်ငြာတာတွေ ဖြစ်လာတာပေါ့။ ဖေ့စ်ဘွတ်ခ်အနေနဲ့လည်း ဒီလိုဝင်ငွေတွေ ရနေတာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ ဒီဝင်ငွေတွေက အခွန်လွတ်နေတဲ့ သဘောမျိုးဖြစ်နေလားဗျ။
YNM : အတိအကျကို ဖြစ်နေပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဘယ်လိုအကြောင်းအရာနဲ့မဆို သုံးစွဲလိုက်တဲ့ငွေသည် နိုင်ငံအတွက် အခွန်တစ်ပြား တစ်ချပ်မှ ပြန်မဝင်ပါဘူး။ ဆိုလိုတာက နိုင်ငံရဲ့ဘဏ္ဍာသည် တိတ်တိတ်ဆိတ်ဆိတ်ပဲ ယိုစိမ့်ထွက်နေတဲ့ပုံစံမျိုးပေါ့။

The Voice : မေးခွန်းတွေက ဖေ့စ်ဘွတ်ခ်ကိုပဲ ဦးတည်နေတာတော့ မဟုတ်ဘူးဗျ။ ဒါပေမဲ့လည်း ပြည်တွင်းမှာ အသုံးများနေတာဆိုတော့ ဒါကိုပဲ ဦးတည်ရမှာပေါ့လေ။ ဒီအပေါ်ကနေ မမှန်သတင်းတွေ၊ ဝါဒဖြန့်တာတွေကလည်း အားကောင်းလာတယ်။ တစ်လောကဆို တပ်မတော်က အာဏာသိမ်းဖွယ်ရှိဆိုတဲ့ သတင်းမျိုးကို Page တစ်ခုက Boost လုပ်ပြီးတက်လာတယ်။ ဒီသတင်းတုတွေရဲ့ အန္တရာယ်အကြောင်းလည်း နည်းနည်းပြောပေးပါဦး။
YNM : ကျွန်တော်တို့နိုင်ငံမှာက လူမှုကွန်ရက်ကို သတင်းဌာနတစ်ခုလို၊ သတင်းရင်းမြစ်တစ်ခုလို၊ သတင်းစီးဆင်းမှုအတွက် အဓိကလမ်းကြောင်းတစ်ခုလို အသုံးပြုနေတဲ့အခါကျတော့ မမှန်ကန်တဲ့၊ ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်တဲ့ သတင်းတုတွေရဲ့ အန္တရာယ်က မမျှော်မှန်းထားတဲ့ အနေအထားအထိ သက်ရောက်မှုတွေက ဆိုးရွားသွားနိုင်ပါတယ်။

ဒီနေရာမှာ သတင်းတုဆိုတာတွေသည် အကောင့်တုတွေကနေ ဖြစ်လာတာ။ ဒါကြောင့် ကျွန်တော်တို့ MM Socialမှာတော့ အကောင့်တုတွေကို စကတည်းက အတတ်နိုင်ဆုံး ထိန်းချုပ်ထားမယ်။

The Voice : နည်းပညာအခြေပြု စွန့်ဦးလုပ်ငန်းတွေက အောင်မြင်လာတဲ့အခါ အကျိုးအမြတ်က မခန့်မှန်းနိုင်အောင်ပါပဲ။ ဒါပေမဲ့လို့ ပြည်တွင်းမှာတော့ တကယ် စွန့်ဦးတီထွင်လုပ်ကိုင်လိုတဲ့ လူငယ်တွေအတွက် အထောက်အပံ့တွေ အားနည်းနေမလား။ ကနောင်ဟဘ် လိုနေရာမျိုးကလည်း နေရာငှားပေးတဲ့ အနေအထားထက်ပိုလာအောင် ဘယ်လိုတွေဆောင်ရွက်ဖို့ လိုအပ်ဦးမလဲ။
YNM : ြပည်တွင်းက နည်းပညာစွန့်ဦးလုပ်ငန်းတွေအပေါ် ပေးတဲ့ အထောက်အပံ့ဆိုတာတွေကို ကျွန်တော်မသိဘူး။ ကိုယ်နဲ့ စိတ်တူကိုယ်တူဖြစ်မယ့်သူတွေကိုပဲ ဖိတ်ခေါ်ပြီး ရှေ့ဆက်ဖို့ ကြိုးစားရတာပဲ။ နည်းပညာသမား လူငယ်တွေကို တကယ်တမ်း အထောက်အပံ့ ပေးချင်တယ်ဆိုရင်တော့ သူတို့ ဘာတွေ လိုအပ်နေသလဲဆိုတဲ့ အသံတွေကို နားထောင်ဖို့တော့ လိုလိမ့်မယ်လို့ ထင်တယ်ဗျ။

The Voice : နောက်ထပ် ပြောဖို့လိုအပ်တာက အချက်အလက် လုံခြုံရေးပါ။ လူကုန်ကူးမှု၊ မူးယစ်ဆေးနဲ့ အခြားရာဇဝတ်မှုတွေအတွက် တောင်းခံလာတဲ့ အချက်အလက်တွေက လွဲပြီးပေါ့လေ။ ဒီအချက်အလက် လုံခြုံရေးအတွက် MM Socialမှာ ဘယ်လိုမျိုး စဉ်းစားထားသလဲ။
YNM : ကျွန်တော်တို့က အလယ်အလတ်လမ်းစဉ်အတိုင်း လုပ်ဆောင်သွားဖို့ရှိပါတယ်။ ခုနပြောတဲ့ ရာဇဝတ်မှုတွေကလွဲပြီး ပထမဦးစွာ ကျွန်တော်တို့ဆီက အသုံးပြုသူတွေကို တည်ဆဲဥပဒေတွေအရ အကာအကွယ် အပြည့်အဝ ပေးသွားမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့က ဒုစရိုက်အားပေးလုပ်မယ့် အဖွဲ့အစည်း မဟုတ်တဲ့အတွက် လူကုန်ကူးမှု၊ မူးယစ်ဆေးနဲ့ အခြားရာဇဝတ်မှုတွေအတွက် ဥပဒေနဲ့အညီ တောင်းခံလာတယ်ဆိုရင်တော့ ကျွန်တော်တို့ ဥပဒေအကြံပေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ လမ်းညွှန်မှုတွေအတိုင်း ဆောင်ရွက်သွားမှာပါ။ အားလုံးကတော့ မြန်မာနိုင်ငံအခြေစိုက်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေအတိုင်း လွတ်လပ်ပြီး မျှမျှတတ ဖြစ်စေရပါမယ်။

The Voice : အချုပ်အနေနဲ့ပေါ့လေ။ ကိုယ့်ပြည်တွင်းက သတင်းအချက်အလက်တွေကို ပြည်ပ အခြေစိုက် လူမှုကွန်ရက်တစ်ခုအပေါ်မှာ အလုံးစုံနီးပါး ဝကွက်အပ်ထားရတဲ့ အနေအထားမျိုးက ဘယ်လို အန္တရာယ်ရှိနိုင်သလဲဆိုတာ သုံးသပ်ပေးပါဗျ။
YNM : ဒီနေရာမှာ နှစ်ပိုင်းခွဲပြောမယ်ဗျာ။ ကျွန်တော်တို့ဆီမှာ သာမန်အသုံးပြုသူ ပြည်သူတွေအတွက်ဆိုရင် သူတို့အတွက် အထိန်းအကွပ်တစ်ခုလို ဖြစ်နေတာက ခုနပြောခဲ့တဲ့ သတင်းတုတွေနဲ့ အကောင့်တု အသုံးပြုမှုတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်မှာ တစ်ခုပါပဲ။

အစိုးရ၊ လွှတ်တော်၊ ဝန်ကြီးဌာနနဲ့ တပ်မတော် အရာရှိတွေအနေနဲ့ ပြည်ပလူမှုကွန်ရက်ကို အသုံးပြုနေခြင်းကတော့ ကိုယ်တိုင်အပါအဝင် ကိုယ့်ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေရဲ့ သတင်း အချက်အလက်တွေကို ပြည်ပကနေ အလွယ်တကူ ထောက်လှမ်းသိရှိနိုင်တယ်ဆိုတာ သတိပြုထားဖို့ လိုအပ်ပါတယ်။

လူမှုကွန်ရက်မှ မဟုတ်ဘူး။ ဥပမာ Viber တို့ လိုမျိုး ၊ WeChat တို့လိုမျိုး ဘယ်လိုပြည်ပအခြေစိုက် အင်တာနက်အခြေပြု ဝန်ဆောင်မှုတွေကို အသုံးပြုတာတွေကို သတင်းအချက်အလက် လုံခြုံရေးအတွက် အသိအမြင်ရှိဖို့ လိုအပ်ပါတယ်။

ကျွန်တော့်အနေနဲ့ တာဝန်ရှိသူတွေကိုကျော်ပြီး ဒီထက်ပိုပြီး မပြောသင့်တော့ဘူးလို့လည်း ထင်ပါတယ်။

မောင်မန်း