News

POST TYPE

IT

ရွှေစက်တော်ဂေါပကအဖွဲ့ အသစ်ပြန်ရွေးမည်
31-Aug-2018
မကွေး၊ ဩဂုတ် ၃၀

အဂတိလိုက်စားမှု ရှိနေသည်ဟုဆိုကာ တိုင်တန်းခံထားရသော မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော် ဂေါပကအဖွဲ့ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ အသစ်ပြန်လည် ရွေးချယ်မည်ဖြစ်ကြောင်း မင်းဘူးမဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်က ပြောကြားသည်။

ပြီးခဲ့သည့်နှစ် မန်းရွှေစက်တော် ဘုရားပွဲကျင်းပခဲ့စဉ်က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ဂေါပကအဖွဲ့ဝင်အချို့က ဆိုင်ခန်းများ ချပေးရာတွင် အဂတိလိုက်စားမှုများ ရှိသည်ဟုဆိုကာ ရွှေစက်တော်ဈေးသည်များ၊ သမဂ္ဂအဖွဲ့ဝင်များက တိုင်ကြားခဲ့သဖြင့် ရွှေစက်တော်ဘုရားပွဲတော် ကျင်းပရေးဆိုင်ရာ လွှတ်တော်ကော်မတီမှ စုံစမ်းစစ်ဆေးပြီး တွေ့ရှိခဲ့ရာတွင် ဂေါပကအဖွဲ့ဝင်တစ်ဦးနှင့် တစ်ဦးတို့မှာ ချိတ်ဆက်မှုအားနည်းကြ၍ ပြန်လည်ရွေးချယ်ခြင်းဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

ယခုနှစ် ဂေါပကအဖွဲ့ဝင်များ ရွေးချယ်ရာတွင် မင်းဘူး (စကု) မြို့နယ်၊ ငဖဲမြို့နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ခန့်အပ်မည့် ဂေါပကအဖွဲ့ဝင် ၁၉ ဦးကို အချိုးကျ ရွေးချယ်မည်ဖြစ်ကြောင်း ဦးကျော်စွမ်းရည်က ဆိုသည်။

“ဂေါပကအဖွဲ့တွေရဲ့အားနည်းမှုကြောင့် ပြန်ရွေးချယ်တာ ဖြစ်သင့်ပါတယ်။ နောက်တက်လာမယ့် ဂေါပကအဖွဲ့တွေက ကိုယ်ကျိုးစီးပွားမကြည့်ဘဲ ရွှေစက်တော်ဘုရားကြီးပေါ်မူတည်ပြီး ဘုရားဖူးပြည်သူတွေအကျိုး၊ ဘုရားဖူးပြည်သူတွေရဲ့ နေထိုင်စားသောက်ရေး သက်သာချောင်ချိရေး ဦးတည်ပြီး လုပ်မယ့်လူမျိုး ဖြစ်သင့်ပါတယ်”ဟု ရွှေစက်တော်ဘုရားပွဲတော် ကျင်းပရေးဆိုင်ရာ လွှတ်တော်ကော်မတီ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးကျော်စွမ်းရည်က ဆိုသည်။

ဈေးဆိုင်ခန်းများ နေရာချထားပေးရာတွင် အဂတိလိုက်စားမှုများရှိသည်ဟုဆိုကာ အတိုင်ကြားခံရသည့် ငဖဲမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးဆိုင်ရာ လွှတ်တော်ကော်မတီ၏ စုံစမ်းစစ်ဆေးတင်ပြချက်များအရ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ စစ်ဆေးနေကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာက ပြောကြားသည်။

“သင့်တော်တဲ့လူတွေကို ရွေးစေချင်တယ်၊ ဖြစ်သင့်တဲ့လူကို အဖွဲ့အစည်း အသီးသီးကနေ စဉ်းစားစေချင်တာ။ တကယ်တမ်း အရည်အချင်းရှိသူတွေနဲ့ မှန်ကန်မှုရှိသူတွေကို ပါဝင်စေချင်ပါတယ်”ဟု ငဖဲမြို့နယ် ပဒါန်းကျေးရွာမှ ဦးခင်လတ်က ပြောဆိုသည်။

ယခင်အစိုးရများလက်ထက်က ရွှေစက်တော် ဂေါပကအဖွဲ့ကို ၃ နှစ်တစ်ကြိမ် ရွေးချယ်ခဲ့ပြီး ယခုအစိုးရသစ် ၂ နှစ်တာ သက်တမ်းအတွင်း ယခုအကြိမ်မှာ သုံးကြိမ်မြောက် အပြောင်းအလဲအဖြစ် ဂေါပကအဖွဲ့အသစ် ပြန်လည်ရွေးချယ်ရန် ပြင်ဆင်ခြင်းဖြစ်သည်။

ရွှေစက်တော်ဘုရားပွဲတော်သည် မြန်မာနိုင်ငံတွင် ရက်အရှည်ကြာဆုံး ဘုရားပွဲတော်တစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် ဘုရားပွဲတော်ကို ၂ လခန့် ကျင်းပလေ့ရှိပြီး ဝါထပ်ပါက ၃ လခန့် ကျင်းပလေ့ရှိသည်။
R-23


  • VIA