News

POST TYPE

IT

ဟားခါးနည်းပညာတက္ကသိုလ် မြေနေရာတွင် တရားလွှတ်တော်ရုံးဆောက်မည်ကို ကန့်ကွက်
29-Aug-2018
ကလေး၊ ဩဂုတ် ၂၈

ချင်းပြည်နယ် ဟားခါးမြို့ နည်းပညာတက္ကသိုလ်၏ တိုးချဲ့ကျောင်းဆောင်များဆောက်လုပ်ရန် လျာထားသည့် မြေနေရာတွင် တရားလွှတ်တော်ရုံး တည်ဆောက်ရန် ချင်းပြည်နယ် အစိုးရအဖွဲ့က စီစဉ်နေသည့်အပေါ် ကန့်ကွက်ကြောင်း ဟားခါးနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဩဂုတ်လ ၂၇ ရက်နေ့က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

တရားလွှတ်တော်ရုံး ဆောက်လုပ်ရန် မြေနေရာများစွာရှိပါသော်လည်း တစ်ဧကပင် မပြည့်သောကျောင်းရှေ့ မြေနေရာကို လာရောက်လုယူသော ချင်းပြည်နယ်အစိုးရအဖွဲ့ကို ပြင်းထန်စွာရှုတ်ချသည်ဆိုသည့် အချက်အပါအဝင် အချက်သုံးချက်ပါသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

“ကျောင်းပိုင်မြေထဲမှာ ဒီလို အဆောက်အအုံ ဆောက်လိုက်မယ်ဆိုရင် ကျောင်းအနေနဲ့ တိုးချဲ့အဆောက်အအုံတွေဆောက်တဲ့အခါ ဆောက်လို့မရတော့ဘူး။ ကျောင်းအနေနဲ့လည်း အဆောက်အအုံသစ်တွေဆောက်ဖို့ အရမ်းလိုအပ်နေတာ အဲဒါကြောင့် ကန့်ကွက်တာ”ဟု ဟားခါးနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမာန်ဟရဲလျံက ပြောဆိုသည်။ 

ဟားခါးမြို့ နည်းပညာတက္ကသိုလ်သည် ဟားခါးမြို့နှင့် ဖလမ်းမြို့အကြား ဟားခါးမြို့အထွက်နေရာတွင် တည်ရှိပြီး စုစုပေါင်း မြေဧက ၃၅ ဒသမ ၄၅ ဧက ကျယ်ဝန်းကာ ကျောင်းအဆောက်အအုံ ၅ လုံးရှိကာ အဆောက်အအုံ မလုံလောက်သည့်အတွက် အဆောက်အအုံသစ်များ ထပ်မံတည်ဆောက်ပေးရန် လိုအပ်နေကြောင်း၊ ကျောင်းဝင်းသည်ကျယ်ဝန်းသော်လည်း လျှိုမြောင်ကမ်းပါးများ ပေါသည့်အတွက် အဆောက်အအုံဆောက်၍ရသည့် မြေနေရာအနည်းငယ်သာရှိကြောင်း ယင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။ 

“ဟားခါးရဲ့ မြေနေရာ အခက်အခဲကြောင့်ပါ။ တရားလွှတ်တော်ရုံးဆိုတာကလည်း မဏ္ဍိုင်တစ်ရပ်ဖြစ်တော့ ခမ်းခမ်းနားနား ထည်ထည်ဝါဝါနဲ့ လုပ်သင့်တာပေါ့။ ဒါပေမဲ့ ညှိညှိနှိုင်းနှိုင်းလုပ်ဖို့တော့ လိုတယ်။ နှစ်ဦးနှစ်ဖက် မှန်တယ်။ ကျောင်းသားလည်းမှန်တယ်။ အစိုးရဘက်ကလည်း မြေနေရာအခက်အခဲအရကော တရားလွှတ်တော်ရုံးဆိုရင်လည်း ဒီနေရာက အကောင်းဆုံးပဲ။ ဆိုတော့ ညှိနှိုင်းဆွေးနွေးမှုလုပ်ပြီး လုပ်နိုင်ရင် အကောင်းဆုံးပေါ့။ သူ့အတွက်ပဲ ကိုယ့်အတွက်ပဲဆိုပြီး တစ်ဖက်နဲ့တစ်ဖက် အငြင်းပွားနေရင် ဒါကတော့ ပြီးဆုံးမှာ မဟုတ်ဘူး”ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောဆိုသည်။  

R-20


  • VIA