News

POST TYPE

IT

ဂူဂဲလ် ဖုန်း Pixel 3 နဲ့ Pixel 3 XL ကို အောက်တိုဘာ ၉ မှာ မိတ်ဆက်မယ်
28-Aug-2018

ဝါရှင်တန်ဒီစီ၊ သြဂုတ် ၂၈

ဂူဂဲလ် ကုမ္ပဏီကထုတ်တဲ့ Pixel 3 နဲ့ Pixel 3 XL စမတ်ဖုန်းတွေကို အောက်တိုဘာလ ၉ ရက်နေ့မှာ နယူးယောက်မြို့မှာ မိတ်ဆက်ပွဲပြုလုပ်ပြီး အသုံးပြုသူတွေနဲ့ မိတ်ဆက်ရောင်းချသွားမယ်လို့ Bloomberg ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ယခင်က ထွက်ရှိခဲ့တဲ့ Pixel 2 နဲ့ Pixel 2 ဖုန်းတွေကိုတော့ ၂၀၁၆ အောက်တိုဘာလ လေးရက်နဲ့ ၂၀၁၇ အောက်တိုဘာလ လေးရက်တို့မှာ အသီးသီး မိတ်ဆက်ပြီး ရောင်းချခဲ့ပါတယ်။

Pixel ဖုန်းပြသတဲ့ အခမ်းအနားတွေကို များသောအားဖြင့် ကာလီဖိုးနီးယားမှာ ကျင်းပပြုလုပ်လေ့ရှိပြီး Pixel 3 XL ရဲ့ပုံတွေနဲ့ ဗီဒီယိုတွေ အများအပြား လူမှုကွန်ယက်ပေါ်မှာ အရင်ကြိုပြီး ပေါက်ကြားလေ့ရှိပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အင်တာနက် အသုံးပြုသူတစ်ဦး အဆိုပါ Pixel ဖုန်းအသစ်ကို ပါကင်ပိတ်ကနေ ဖြည်တဲ့ ဗီဒီယိုတစ်ခုကို တင်ခဲ့ပါသေးတယ်။ အဲဒီဗီဒီယိုမှာ iPhone X ပုံစံ ထိပ်အကွေးလေး ပါလာတာ တွေ့ရသလို နားကြပ်ပေါက်သီးသန့်မပါတော့ဘဲ iPhone လိုပဲ USB-C ပေါက်က ချိတ်ဆက်ရတဲ့ နားကြပ်နဲ့ ဖုန်းပုံစံအသေးစိတ်ကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။ 

ဆဲလ်ဖီရိုက်ကူးရာမှာ လှပချောမောနေအောင် လုပ်ပေးတဲ့ Beauty Effects တွေ၊ ရှေ့ကင်မရာကိုသုံးပြီး မြင်ကွင်းကျယ် ဆူပါဆဲလ်ဖီ ရိုက်ကူးနိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာမယ်ဆိုပြီးတော့လည်း အခြားပေါက်ကြားခဲ့တဲ့ ဗီဒီယိုတွေမှာ ဖော်ပြထားပါတယ်။

အသုံးပြုသူတွေ အနေနဲ့ Pixel 3 နဲ့ Pixel 3 XL ဖုန်းတွေက ဘယ်လိုပုံစံ၊ ဘယ်လို Hardware အသုံးပြုမယ်ဆိုတာကတော့ အကုန်နီးပါး ကြိုပေါက်နေတာဖြစ်ပေမဲ့ အတည်မပြုနိုင်သေးဘဲ ကြိုးမဲ့အားသွင်းတဲ့ စနစ်ပါမယ်ဆိုတဲ့ အချက်တစ်ခုကတော့ သေချာနေပါတယ်။

F-06