News

POST TYPE

IT

အွန်လိုင်းအဝတ်လျှော်လုပ်ငန်းသုံး မိုဘိုင်းလ် APP ရေးသားသူများနှင့် တွေ့ဆုံခြင်း
07-Aug-2018
“နည်းပညာပိုင်းတင်မဟုတ်ဘဲ လူမှုဆက်ဆံရေး စွမ်းရည်တွေပါ ရှိဖို့လိုလာပါတယ်”



ပြည်တွင်းကွန်ပျူတာတက္ကသိုလ်များက နောက်ဆုံးနှစ်ကျောင်းသားများကို ပြည်တွင်းနည်းပညာကုမ္ပဏီများတွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်စေပြီး လုပ်ငန်းခွင်အတွေ့အကြုံ၊ လုပ်ငန်းလိုအပ်ချက်များနှင့် လူမှုဆက်ဆံရေးများ ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းအတွေ့အကြုံများလေ့လာခြင်း၊ နည်းပညာရပ်များလေ့လာခြင်းနှင့် နည်းပညာထုတ်ကုန်တစ်ခု ထုတ်လုပ်သည့် အတွေ့အကြုံများကို ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ) မှ Cyber Wings ကုမ္ပဏီတွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်နေသည့် နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံပြီး ၎င်းတို့၏ Laundry Management System မိုဘိုင်းလ် APP ရေးသားခဲ့သည့် အတွေ့အကြုံများကို မေးမြန်းဖော်ပြအပ်ပါသည်။

The Voice : ပထမဆုံးအနေနဲ့ ဒီ APP ရဲ့ နာမည်နဲ့ လုပ်ဆောင်ချက်တွေကို အရင်ပြောပြပေးပါဦး။
LMS : ဒီ APP ရဲ့ နာမည်ကတော့ Laundry Management System ပဲဖြစ်ပါတယ်ဗျ။ ဒီ System က အဝတ်လျှော်တဲ့ System တစ်ခုဖြစ်ပါတယ်ဗျ။ ဒီ System ထဲကို user တစ်ယောက်အနေနဲ့ စဝင်ဝင်ချင်းမှာ အဝတ်အမည်တွေနဲ့ ကုန်ကျမယ့်ဈေးနှုန်းတွေကို ပြထားပါတယ်ဗျ။ အဝတ်ရဲ့လျှော်တဲ့ ဈေးနှုန်းကိုက သဘောကျတယ်ဆိုရင် Login ဝင်ရပါမယ်၊ အခုမှစသုံးတဲ့သူဆိုရင်တော့ Register အရင်စလုပ်ရပါမယ်။ Login နဲ့ Register စတာတွေလုပ်ပြီးသွားရင်တော့ Order စမှာလို့ရပါပြီဗျ။

Order မှာတဲ့အချိန်မှာ လာယူစေချင်တဲ့အချိန်ရယ်၊ ပြန်လာပို့စေချင်တဲ့အချိန်ကိုပါ တစ်ခါတည်းပေးရမှာပါ။ နောက်တစ်ခုက Order မှာတဲ့အခါမှာ Point ရှိသလောက်ပဲမှာလို့ရမှာပါ၊ ယူထားတဲ့ အဝတ်တန်ဖိုးကများနေပြီး Point က နည်းနေမယ်ဆိုရင် Point ကိုထပ်ဝယ်ရပါမယ်။ Point လောက်ပြီဆိုရင် Order မှာလို့ရပါပြီ။ အသုံးပြုသူက သူမှာခဲ့ဖူးတဲ့ Order history ကိုလည်း ပြန်ကြည့်လို့ရပါတယ်ဗျ။
Admin တစ်ယောက်အနေနဲ့ ကျွန်တော်တို့ System ထဲကိုဝင်မယ်ဆိုရင် အဝတ်အထည်တွေ၊ Point တွေကို Create၊ Update၊ Delete စတာတွေလုပ်လို့ရမယ်၊ အသုံးပြုသူတွေအပ်လို့ရမယ်၊ လောလောဆယ် Order မှာတဲ့လူတွေစာရင်း ကြည့်လို့ရမယ်၊ အဝတ်လျှော်ရမယ့် လူစာရင်းကိုကြည့်လို့ရမယ်။ Deliver လုပ်ရမယ့်စာရင်း ကြည့်လို့ရမယ်၊ ဒီ System တစ်ခုလုံးရဲ့ Order history ပြန်ကြည့်တာ စတာတွေ ပါပါတယ်ဗျ။

The Voice : ဒီလိုမျိုးနည်းပညာထုတ်ကုန်တွေက ဒီလိုလုပ်ငန်းလုပ်ကိုင်တဲ့သူတွေအတွက်တော့ အထောက်အပံ့ဖြစ်စေမှာပါ။ ဒါကိုရောင်းဖို့၊ ဒါမှမဟုတ် အခမဲ့ ပေးဖို့စဉ်းစားထားတာမျိုးရှိလားဗျ။
LMS : ကျွန်တော်တို့ ရေးခဲ့တဲ့ ဒီ Product က စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုဖို့အတွက် ဆိုရင်တော့ အသုံးပြုချင်တဲ့ လုပ်ငန်းနဲ့ ကိုက်ညီအောင် ချိန်ညှိရဦးမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ Internship ဆင်းခဲ့တဲ့ Company က တခြားကျောင်းသားတွေပါ လေ့လာနိုင်အောင် Source Code တွေ အခမဲ့ပေးဖို့ ဆုံးဖြတ်ထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးပြုမယ်ဆိုရင်တော့ အချိန်မရွေးပြောင်းလဲနိုင်ပါတယ်။

The Voice : မိတ္ထီလာ ကွန်ပျူတာတက္ကသိုလ်က နောက်ဆုံးနှစ်ကျောင်းသားတွေလို့သိရတယ်ဗျ။ ရန်ကုန်မှာ အလုပ်သင်အဖြစ်လာပြီး လုပ်တဲ့အခါကျတော့ အတွေ့အကြုံတွေက ဘယ်လိုမျိုးရှိသလဲ။ ကျောင်းမှာသင်ခဲ့တာတွေအပြင်ပေါ့လေ အလုပ်ခွင်ဝင်ဖို့အတွက် ဘယ်လောက်အထိ အထောက်အပံ့ဖြစ်စေမလဲ။
LMS : ရန်ကုန်မှာအလုပ်သင်အနေနဲ့ လာတဲ့အခါကျတော့ တကယ့်လုပ်ငန်းခွင်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာသိလာတယ်၊ ကိုယ်တကယ် အလုပ်ခွင်ထဲဝင်တဲ့အခါ ဘာတွေပြင်ဆင်ထားရမလဲဆိုတာတွေ သိလာတယ်၊ ဘယ်နေရာတွေမှာထပ်လုပ်ဖို့လိုသေးတယ် စတဲ့အထောက်အပံ့ကောင်းတွေ အများကြီးရပါတယ်ဗျ။

The Voice : တချို့လည်း ကျွန်တော်တို့ကြားတာက ကျောင်းတွေက အလုပ်သင်အဖြစ် လွှတ်တဲ့ ကလေးတွေကို လစာမပေးဘူး။ သူတို့အလုပ်ခွင်တွေမှာ တကယ်ခိုင်းတယ်ဆိုတာမျိုးတွေလည်းမြင်ရတယ်။ ကလေးတွေကလည်း ကျောင်းကမပြီးသေးဘူး။ သူတို့ပေးတဲ့အမှတ်မှာ ထိခိုက်မှာစိုးရိမ်ကြရတာတွေလည်း ရှိတယ်။ ဒီတော့ ဒီအလုပ်သင်အဖြစ် ကျောင်းသားတွေကို လွှတ်ဖို့အတွက်ကို ကျောင်းက ဘယ်လိုမျိုး စိစစ်ပေးသင့်သလဲဗျ။
LMS : ကျောင်းကနေလုပ်ပေးစေချင်တာကတော့ ကျောင်းသား၊ ကျောင်းသူတိုင်းကို တကယ်အတွေ့အကြုံကောင်းတွေရနိုင်တဲ့ Company တွေမှာ intern ဆင်းလို့ရအောင် သေချာဆက်သွယ်ပေးစေလိုပါတယ်ဗျ။ လစာရတာ၊ မရတာထက် အတွေ့အကြုံကောင်းတွေရနိုင်တဲ့ Company တွေကို ပိုပြီး ဆက်သွယ်ပေးစေလိုပါတယ်ဗျ။

The Voice : တချို့နယ်ကကျောင်းသားတွေအတွက်ကျတော့ ရန်ကုန်မှာ အလုပ်သင်လာဆင်းဖို့ဆိုတာ အခက်အခဲရှိကောင်းရှိမယ်။ နောက်တစ်ခုက နယ်တွေမှာကျတော့လည်း ဒီအလုပ်သင်အဖြစ် လေ့လာဖို့ဆိုတာက နည်းပညာလုပ်ငန်းခွင်နည်းနေဦးမှာပေါ့။ အဲဒီအခက်အခဲလေးတွေလည်း ပြောပြပေးပါဦး။
LMS : နယ်မှာကတော့ အားလုံးသိတဲ့အတိုင်းပဲ နည်းပညာပိုင်းနဲ့ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလမ်း မရှိသလောက်ရှားပါတယ်ဗျ။ နည်းပညာနဲ့ပတ်သက်ပြီး သင်တန်းတွေ စုံစုံလင်လင်မရှိသေးပါဘူး။ ရှိခဲ့ရင်လည်း ဈေးအရမ်းကြီးနေတာမျိုးတွေ၊ တက်ဖို့ အချိန်အဆင်မပြေတာမျိုးတွေ၊ Technical ပိုင်းအရ အရမ်းမပြည့်စုံတာမျိုးတွေတော့ ရှိပါတယ်။ ကျွန်တော်တို့ နယ်ကျောင်းသားတွေကျတော့ ကျောင်းကသင်ပေးတာနဲ့ Self-study ကိုပဲ အားကိုးရပါတယ်၊ အဲဒီအတွက် လက်တွေ့ပိုင်းအားနည်းတာ စတဲ့ အားနည်းချက်မျိုးတွေရှိပါတယ်။

The Voice : အခု CyberWings မှာ အလုပ်သင်လာဆင်းတော့ရော ဒီကနေ ဘာတွေသင်ပေးတာ၊ လမ်းညွှန်ပေးတာတွေရှိမလဲဗျ။
LMS : အခု CyberWings company မှာ Intern ဆင်းတော့ ကျွန်တော်တို့ရဲ့ဆရာ ဦးထက်ဝေယံစိုးရယ် Company က Senior တွေက Coding ပိုင်းကို ဦးစားပေး သင်ပေးပါတယ်ဗျ။ Coding ရေးမယ်ဆိုရင်လည်း ကိုယ်ရေးတဲ့ Coding ကို တခြား Developer တစ်ယောက်ကကြည့်လည်း နားလည်အောင် အတတ်နိုင်ဆုံး ရှင်းရှင်းလင်းလင်းရေးဖို့လိုတယ်ဆိုတာတွေ၊ Project တစ်ခုရေးတဲ့အခါမှာ တစ်ယောက်တည်းရေးလို့ အဆင်မပြေပါဘူး၊ အဲဒီအတွက် Team Work ရှိဖို့လိုအပ်ပါတယ်။ အဖွဲ့အစည်းနဲ့ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာတွေကို သိခဲ့ရပါတယ်ခင်ဗျ။

The Voice : ကျောင်းမှာ လေ့လာတာနဲ့ အလုပ်ခွင်မှာ လေ့လာရတာကျတော့ရော ဘယ်လိုကွဲပြားသွားမလဲ။
LMS : ကျောင်းမှာကျတော့ စာတွေ့များပြီး လက်တွေ့ပိုင်းနည်းပါတယ်။ လက်တွေ့ပိုင်းအားနည်းတော့ တချို့နေရာတွေမှာ နားမလည်တာတွေရှိပါတယ်။ အလုပ်ခွင်မှာကျတော့ စာတွေ့ထက် လက်တွေ့ပိုင်းတွေကိုပိုလုပ်ရတယ်။ တကယ့် User တွေနဲ့လည်း ဆက်ဆံရတဲ့အတွက် နည်းပညာပိုင်းတင်မဟုတ်ဘဲ လူမှုဆက်ဆံရေး စွမ်းရည်တွေပါ ရှိဖို့လိုလာပါတယ်ဗျ။

The Voice : နည်းပညာထုတ်ကုန်တွေကို ကျောင်းသားလူငယ်တွေလုပ်ကြတယ်။ အခု ဒီ APP လိုမျိုးဆိုရင် ဒါကလုပ်ငန်းသုံးပေါ့လေ။ ဒီလို APP တွေ၊ ထုတ်ကုန်တွေကို ဈေးကွက်ဝင်အောင် လုပ်ဖို့ကျတော့ ဘယ်လိုအခက်အခဲရှိနေဦးမလဲ။
LMS : ဒီလို app တွေကို ဈေးကွက်ဝင်အောင်လုပ်နိုင်ဖို့ဆို ကိုယ့်ရဲ့ app က လုပ်ငန်းမှာ တကယ်အသုံးဝင်ရမယ်။ ပြီးတော့ သုံးရတာလည်းလွယ်ကူရမယ်။ အသုံးပြုသူတွေ နားလည်လွယ်အောင်ပေါ့နော်။ အဲဒီလို APP တွေအတွက် စေ့စပ်သေချာအောင်ရေးဖို့ ဂရုစိုက်ရပါမယ်။

The Voice : နယ်ကျောင်းတွေမှာလည်း ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးနိုင်မှုတွေအတွက် အထောက်အပံ့ကောင်းတွေရှိလာတာ သိရပါတယ်။ ဒါပေမဲ့လည်း လိုအပ်ချက်တွေတော့ ရှိနေဦးမှာပေါ့။ အဲ့ဒီ အခက်အခဲတွေဆိုရင်ရော ဘာတွေရှိမလဲ။
LMS : ပညာရပ်တစ်ခုကို လေ့လာဆည်းပူးတဲ့အခါ အထောက်အပံ့ပေးနိုင်မယ့် အဖွဲ့အစည်း၊ နယ်ပယ်တွေရှိဖို့လိုတယ်။ ရှေ့ကနေ လမ်းပြပေးမယ့်သူတွေ လိုတယ်။ နယ်မှာကျတော့ အဲ့လိုလိုအပ်ချက်တွေ ရှိနေတယ်။ ပြီးတော့ ကောက်ရိုးမီးလိုမဖြစ်အောင် ဆက်တိုက်လေ့လာနေရတဲ့အချိန်ကျရင် အတူတူ ဆွေးနွေးနိုင်မယ့် ပတ်ဝန်းကျင်လိုတယ်။ နောက်တော့ နည်းပညာနဲ့ ပတ်သက်တဲ့ ပွဲတွေ မရှိဘူး။ နည်းတယ်။ အဲဒီအခါကျတော့ လူငယ်တွေရဲ့ ကြိုးစားချင်စိတ်က ကောက်ရိုးမီးလို ဖြစ်ကုန်တယ်။ အဲဒီလိုအခက်အခဲတွေ ရှိတယ်။

The Voice : နောက်ဆုံးအနေနဲ့ပေါ့လေ။ ဒီလို ပရော့ဂျက်တစ်ခုကို ပြီးအောင်လုပ်နိုင်သွားပြီဆိုတော့ နောက်ပိုင်းမှာရော ကိုယ်ပိုင် Startup တစ်ခုအနေနဲ့ ဒီအဖွဲ့နဲ့ဆက်လုပ်သွားကြဖို့ရှိမလားဗျ။ ဘယ်လိုမျိုး စဉ်းစားထားကြသလဲ။
LMS : ကိုယ်ပိုင် Startup အနေနဲ့ လုပ်ဖို့ မရှိသေးပါဘူး။ ကျောင်းပြီးကာစပဲရှိသေးလို့ ကျွန်တော်တို့တစ်ဖွဲ့လုံး အများကြီး အတွေ့အကြုံယူရပါဦးမယ်။ Startup ထောင်ဖို့ Soft Skill တွေ သင်ယူရပါဦးမယ်။ ဒီ Product ကို Develop လုပ်ခဲ့တဲ့ အတွေ့အကြုံက ကိုယ်ပိုင် Startup ထောင်တဲ့အခါ အများကြီး အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။ 

မောင်မန်း