News

POST TYPE

IT

စင်ကာပူနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးသွားရောက်ယှဉ်ပြိုင်မည့် မောင်ကောင်းသန့်လွင်နှင့် တွေ့ဆုံခြင်း
24-Jul-2018
“နိုင်ငံအလံကို အမြင့်ဆုံးမှာ လွှင့်ထူချင်ပါတယ်”



ပြည်တွင်း၌ လူငယ်များက ဆိုက်ဘာလုံခြုံရေးပညာရပ်များကို စိတ်ဝင်စားလာကြပြီး ကြိုးစားလေ့လာလာကြသည်။ သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲများကျင်းပပေးခြင်း၊ နိုင်ငံတကာပြိုင်ပွဲများ စေလွှတ်ယှဉ်ပြိုင်စေခြင်းများ ပြုလုပ်လာကြသည်။ လက်ရှိတွင် စင်ကာပူနိုင်ငံတွင်ကျင်းပမည့် Cyber Week အတွက် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန် ကွန်ပျူတာတက္ကသိုလ် (မန္တလေး) မှ ကွန်ပျူတာသိပ္ပံ နောက်ဆုံးနှစ်ကျောင်းသား မောင်ကောင်းသန့်လွင်ကို ရွေးချယ်ထားပြီးဖြစ်သည်။ လက်ရှိပြည်တွင်း ဆိုက်ဘာလုံခြုံရေးကဏ္ဍအကြောင်းနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရမည့်အကြောင်းများကို မောင်ကောင်းသန့်လွင်နှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : စင်္ကာပူနိုင်ငံမှာ ကျင်းပမယ့် Cyber Week မှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး သွားပြိုင်ဖို့အတွက် ညီလေးတို့ကို လွှတ်ထားတယ်လို့ သိရတယ်။ အဲဒီပွဲ ကျင်းပမယ့်ရက်နဲ့ ယှဉ်ပြိုင်ရမယ့်ပုံစံတွေကို ပြောပြပေးပါဦး။
KTL : ပွဲကျင်းပမယ့်ရက်ကတော့ စက်တင်ဘာလ ၁၈ ရက်နေ့လို့သိထားပါတယ်။ ယှဉ်ပြိုင်ရမယ့် ပုံစံတွေကတော့ ပြည်တွင်းမှာပြိုင်ခဲ့ဖူးတဲ့ CTF ပွဲလိုမျိုး ဖြစ်ဖို့များပါတယ်။ အသေးစိတ်ကိုတော့ ဟိုရောက်မှပဲ သိမယ်ဗျ၊ သူတို့စာထဲမှာက ခြုံပြောထားတော့ သေချာမပြောပြတတ်ဘူးဖြစ်နေလို့ပါ။ အဖွဲ့တစ်ခုမှာ ပြိုင်ပွဲဝင်နှစ်ယောက်နဲ့ ကြီးကြပ်သူ တစ်ယောက်ပါဝင်ပါတယ် ။

Voice : ဒီတစ်ကြိမ်နဲ့ဆိုရင် သူတို့အဲဒီလို ပွဲကျင်းပတာ ဘယ်နှကြိမ်ရှိပြီလဲ။ မြန်မာနိုင်ငံကရော ဒါက ပထမဆုံးသွားပြီး ယှဉ်ပြိုင်တာလား။
KTL : ကျွန်တော်လေ့လာမိသလောက်ဆိုရင် ဒီတစ်ကြိမ်အပါအဝင်ဆိုရင်တော့ ကိုးကြိမ်မြောက် ရှိပါပြီ။ ရှစ်ကြိမ်မြောက်ထိတော့ သူတို့နိုင်ငံတွင်းက တက္ကသိုလ်တွေပြိုင်ကြတယ်လို့တော့ လေ့လာမိပါတယ်၊ အခုကြိမ်က ပထမဆုံး အာဆီယံနိုင်ငံတွေကိုပါ ဖိတ်ခေါ်ပြီး ပြိုင်ပွဲကျင်းပခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ ဒီပွဲကို ပထမဆုံးသွားပြိုင်တာပါ။

Voice : ပြည်တွင်းမှာက ဆိုက်ဘာလုံခြုံရေးလို့ ပြောလိုက်ရင် ကြောက်ရွံ့စရာတစ်ခုလို မြင်ကြတာက များတယ်။ ညီလေးတို့ ဒီပညာရပ်ပိုင်းလေ့လာမှုတွေကို ပြောပြပေးပါဦး။
KTL : လူတွေကတော့ အမျိုးမျိုးမြင်ကြပါလိမ့်မယ်။ ကျွန်တော့် အမြင်အရဆိုရင်တော့ ဆိုက်ဘာ လုံခြုံရေးက ကြောက်စရာမဟုတ်ပါဘူး။ ဆိုက်ဘာ လုံခြုံရေးမရှိတာကသာ ကြောက်စရာ ဖြစ်နေတာပါ။ ကျွန်တော့်အနေနဲ့တော့ ဝါသနာအရလေ့လာဖြစ်ခဲ့တာပါ နိုင်ငံအတွင်း ပြိုင်ပွဲဝင်ပြိုင်ရင်းနဲ့ အခုပြိုင်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

Voice : အဓိကကတော့ ဒီမှာက ဖေ့စ်ဘွတ်ခ်အကောင့်တွေကို Recovery ယူတယ်။ Hacker လို့ကြွေးကြော်တယ်။ ဆိုက်ဘာလုံခြုံရေးလို့ဆိုရင်လည်း ပြည်သူက ဖေ့စ်ဘွတ်ခ်အကောင့်လုံခြုံရေးကိုပဲ ပြေးမြင်ကြတယ်။ ဒီအခြေအနေအပေါ် ဘာပြောဖို့ရှိမလဲ။
KTL : ဒါကတော့ ပြည်သူတွေအပေါ်မှာ ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်ပြီး အလေးထားဖို့ကိစ္စတွေ သိပ်များသေးလို့ အခုလိုပဲ မြင်နေကြတယ်လို့ပဲ မြင်တယ်ဗျာ။ တချို့ဆို ဖေ့စ်ဘွတ်စ်ကိုတောင် အင်တာနက်လို့ ပြောဆိုနေကြတာတွေလည်း ရှိကြတယ်လေ။ နောက်ပိုင်းမှာတော့ ပြည်သူတွေလည်း သိလာပါလိမ့်မယ်။ Facebook ကို Recovery ခေါ်တာကတော့ တကယ့်နည်းပညာ အသိုင်းအဝိုင်းမှာတော့ ဘောင်မဝင်ဘူးလို့ပဲ မြင်မိပါတယ်။ ဟက်ကာလို့ကြွေးကြော်တာ မကြော်တာတွေကတော့ သူတို့အပိုင်းပေါ့ဗျာ ။ တစ်ချိန်ချိန်ကျ အစစ်အမှန်ဆိုတာ ပေါ်လာမှာပါ။

Voice : ပြိုင်ပွဲတွေနဲ့ပတ်သက်ပြီးတော့ပေါ့လေ။ အာဆီယံအဆင့်ပြိုင်ပွဲတွေကို မြန်မာနိုင်ငံက သွားပြိုင်ကြတာတွေလည်းရှိမယ်။ ဒီပြိုင်ပွဲတွေမှာ အောင်မြင်မှုကရော ဘယ်လောက်ရှိမလဲ။
KTL : အရင်က သွားပြိုင်တာတွေကိုတော့ မြင်ဖူးကြားဖူးပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံတွေကြားထဲမှာ အလယ်အလတ်အဆင့်တွေ ရခဲ့တာတွေကို တွေ့ရှိဖူးပါတယ် ၅ ၊ ၆ ၊ ၇ လောက်တွေပေါ့။

Voice : ပြည်တွင်းမှာဆိုရင် MMCERT လို အဖွဲ့အစည်းတွေရှိမယ်။ ဒီလိုအဖွဲ့အစည်းတွေမှာ လူငယ်ပညာရှင်တွေက နိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေး အပိုင်းမှာ ဘယ်လောက်အထိ လုပ်ပေးနိုင်ခွင့်ရှိသလဲ။ ပါဝင်နိုင်ခွင့်ရှိမလဲ။
KTL : အခုဆိုရင်တော့ ကျွန်တော်တို့ကို အဓိက ဖိတ်ခေါ်ပြီးသွားရောက်ယှဉ်ပြိုင်ခိုင်းတာက MMCert ကနေ ချိတ်ဆက်ပြီးသွားရောက်ယှဉ်ပြိုင်ရတာပါ။ တဖြည်းဖြည်းနဲ့တော့ တိုးတက်လာမယ်လို့ မြင်မိပါတယ်ဗျာ။ ဘာလို့လဲဆိုတော့ ဆက်စပ်မှုတွေက များပြားလာပြီလေ။ လုပ်ပိုင်ခွင့်တွေအနေနဲ့ကတော့ သိပ်မပြောပြတတ်ဘူးဗျာ။ အရေးကြုံရင်တော့ ကူညီပေးမယ့်လူငယ်တွေရှိသလို သူတို့ဘက်ကနေလည်း ဖိတ်ခေါ်မှုတွေ ရှိပါလိမ့်မယ်။

Voice : ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်လာရင် ဒီမှာက အားနည်းနေတဲ့သဘောများဖြစ်နေလား။ မနှစ်လောက်က တူရကီနဲ့ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ပြန်ကြည့်ရင် အစိုးရဝန်ကြီးဌာနဝက်ဘ်ဆိုက်တွေပါ Deface လုပ်ခံရတာမျိုးဆိုတော့လေ။
KTL : ဒီမှာအားနည်းနေသလားဆိုရင်တော့ တော်တော်လေး အားနည်းနေပါသေးတယ်လို့ ဖြေရပါလိမ့်မယ်။ တိုးတက်အောင် လုပ်ဆောင်နေကြတာကိုလည်း တွေ့မြင်နေမိပါတယ်။ အစိုးရဆိုက်တွေမှာ ဟက်ခံရခြင်းအတွက် အဓိကကျတော့လည်း ဒီသက်ဆိုင်ရာ ဝက်ဘ်ဆိုက်တွေကို ကိုင်ရတဲ့လူတွေ မှာပိုပြီးတော့ တာဝန်ရှိတာပေါ့လေ ဒါတွေကတော့ ရေးတဲ့ Developer ပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ 

Voice : ကျောင်းတက်နေတုန်းတွေဆိုတော့ ဒီလိုပြိုင်ပွဲတွေ သွားပြိုင်ဖို့အတွက်ကျတော့ရော ဘယ်လိုမျိုးစီစဉ်ပေးသလဲ။
KTL : မသွားရသေးတော့ ဘာတွေ စီစဉ်ပေးထားမလဲဆိုတာတော့ သေချာမပြောပြတတ်သေးဘူးဗျ။ ကျောင်းအနေနဲ့တော့ လိုအပ်တဲ့အရာမှန်သမျှ ကူညီလိမ့်မယ်ထင်ပါတယ်။ ကျောင်းက ဆရာ၊ ဆရာမတွေရော ကျောင်းသားကျောင်းသူတွေရော အားပေးနေကြတာတွေ မြင်ရပါတယ်။ ကျေနပ်ပီတိဖြစ်မိပါတယ်။

Voice : အခု သွားယှဉ်ပြိုင်မယ့် ပွဲအတွက်ရော ဘယ်လောက်အထိ အောင်မြင်မယ်လို့ မျှော်မှန်းထားသလဲ။
KTL : အနည်းဆုံးဆယ်နိုင်ငံက ဆယ်ဖွဲ့အပြင် စင်ကာပူတက္ကသိုလ်တွေကနေ ဘယ်နှဖွဲ့ပါဝင်ယှဉ်ပြိုင်မလဲလည်း သေချာမသိသေးတော့ ခန့်မှန်းရတော့ ခက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အကောင်းဆုံးကြိုးစားသွားမှာပါ။ နိုင်ငံအလံကို အမြင့်ဆုံးမှာ လွှင့်ထူချင်ပါတယ် ။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် တော့ကြိုးစားသွားမှာပါ။ ပြီးတဲ့အခါမှပဲ ဘယ်လောက်ထိ အောင်မြင်သလဲ စောင့်ကြည့်ပေးစေချင်ပါတယ်။

Voice : နောက်ဆုံးအနေနဲ့ပေါ့လေ။ ပြည်တွင်းက လူငယ်တွေအနေနဲ့ ဒီလုံခြုံရေးနည်းပညာတွေကို ဘယ်လိုမျိုးလေ့လာသင့်သလဲ။ နောက်ပြီး ဒီနည်းပညာသမားတွေအနေနဲ့ ကျင့်ဝတ်လို့ပဲပြောရမလား။ ဘယ်လိုမျိုး စိတ်ထားသင့်သလဲဆိုတာလေး ပြောပေးပါဦး။
KTL : ပြည်တွင်းကလူငယ်တွေအနေနဲ့က ဒီဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်တဲ့ နည်းလမ်းတွေ အမြဲတမ်းလေ့လာနေသင့်တယ်။ ပြီးတော့ Myanmar Security Forum (www.mmsecurity.net/forum) လိုမျိုး နေရာတွေကနေ စာများများဖတ်၊ လက်တွေ့လိုက်လုပ်နေရင်း အများကြီးတိုးတက်နိုင်ပါတယ်။ 

အခုနောက်ပိုင်း ပြည်တွင်းမှာလည်း သင်တန်းတွေလည်း ရှိလာပါပြီ။ ဖေ့စ်ဘွတ်ခ်ပေါ်မှာပဲ ဟက်ကာဖြစ်ချင်တယ်လို့ လိုက်အော်နေရုံနဲ့လည်း မပြီးပါဘူးလို့ စေတနာနဲ့ပြောချင်ပါတယ် ။ လူအမျိုးမျိုးဆိုတော့လည်း ကျင့်ဝတ်ကတော့ ကိုယ့်ရဲ့ယုံကြည်ချက်ပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ကျွန်တော့်ခံယူချက်ကတော့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်ပါလိမ့်မယ်။ တတ်နိုင်သမျှ ရိုးသားပါလို့ပဲ ပြောချင်ပါတယ်။ ကျွန်တော်လည်း လူငယ်ဆိုတော့ အမှားပါရင်လည်း ခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်ဗျ။ 

မောင်မန်း