News

POST TYPE

IT

Legend Myanmar Technology ကုမ္ပဏီ၏ CEO ကိုစိုင်းတင်မင်းလူနှင့် တွေ့ဆုံခြင်း
17-Jul-2018
“နိုင်ငံခြားသားရုပ်ပြစားတဲ့ ကုမ္ပဏီတွေကလည်း Ethic ရှိဖို့ အများကြီးလိုတယ်လေ”

ပြည်တွင်း၌ နည်းပညာစွန့်ဦးလုပ်ငန်းများ၊ နည်းပညာကုမ္ပဏီများကို လူငယ်များက ဦးဆောင်ထူထောင်ပြီး နည်းပညာနယ်ပယ်တွင် ရပ်တည်နိုင်ရန် ကြိုးစားနေကြပြီဖြစ်သည်။ နည်းပညာလုပ်ငန်းများလုပ်ကိုင်နေသူများအနက်မှ Legend Myanmar ကုမ္ပဏီကို ထူထောင်ပြီး နည်းပညာဝန်ဆောင်မှုများ၊ နည်းပညာထုတ်ကုန်များကို ထုတ်လုပ်ဝန်ဆောင်မှုပေးနေသည့် ကိုစိုင်းတင်မင်းလူနှင့် တွေ့ဆုံပြီး ပြည်တွင်းနည်းပညာလုပ်ငန်းနယ်ပယ်အကြောင်းနှင့် လုပ်ငန်းခွင်နယ်ပယ် အခက်အခဲများအကြောင်း တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ပြည်တွင်းမှာ နည်းပညာလုပ်ငန်း သို့မဟုတ် နည်းပညာကုမ္ပဏီတစ်ခုအနေနဲ့ ရပ်တည်နိုင်ဖို့ဆိုတာက အခက်အခဲရှိမယ်ထင်တယ်ဗျ။ ခေတ်ဦးက ကုမ္ပဏီကြီးတွေက ဈေးကွက်ကို အပိုင်ချုပ်ကိုင်ထားတဲ့ သဘောမျိုးများ ဖြစ်နေသလား။
STML : အခက်အခဲဆိုတာ နေရာတိုင်းမှာ ရှိပါတယ်။ အရင်ကုမ္ပဏီတွေ ဈေးကွက်ရှိထားတာတော့ မှန်ပါတယ်။ အဲဒီတုန်းက တကယ်လုပ်နိုင်တယ်ဆိုတဲ့ ကုမ္ပဏီတွေဆိုတာလည်း နည်းသေးတယ်လေ။ အခုကျတော့ customer တော်တော်များများကလည်း သိလာကြပြီဆိုတော့ တကယ် Service ကောင်းကောင်းပေးနိုင်မှ ရေရှည်ထိန်းထားနိုင်မယ်ထင်ပါတယ်။

Voice : လူငယ်တွေ နည်းပညာစွန့်ဦးတီထွင် အစုအဖွဲ့လေးတွေ စုပြီးလုပ်ကိုင်ကြတယ်။ အတော်များများကတော့ ပြိုကွဲသွားကြတာများတယ်ဗျ။ လက်ရှိပြည်တွင်းက နည်းပညာလုပ်ငန်းနယ်ပယ်ရဲ့ အခြေအနေနဲ့ ချိန်ထိုးပြီး ဒါဘာကြောင့်ဆိုတာမျိုး ဝေဖန်မယ်ဆိုရင်ရော ဘယ်လိုကြောင့်ဖြစ်မလဲဗျ။
STML : တကယ်တော့ နည်းနည်းလေး တော်ပြီဆိုတာနဲ့ ကုမ္ပဏီကောက်ထောင်တာက တကယ့်ပြဿနာ။ ဥပမာ - တစ်ယောက်ဆိုပါတော့။ သူအရမ်းကျွမ်းမယ့် IT Field နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတစ်ခုထောင်မယ်။ သို့ပေမယ့် Business အပိုင်းကျတော့ သူ အများကြီး မသိနိုင်ဘူးလေ။ အဲဒီမှာ အတိုင်အဖောက်တွေမညီဘဲ အသေးအမွှားကိစ္စလေးတွေက စပြီး ပြိုကွဲတဲ့အထိ ဖြစ်ကုန်တာတွေ ရှိတာပဲလေ။ နောက်တစ်ခုက Team ဖွဲ့စည်းမှုအပိုင်းမှာလည်း IT အပိုင်းတော်တဲ့သူတွေချည်း စုပြီးဖွဲ့တာထက် မတူတဲ့ နယ်ပယ်တချို့က လူတွေ စုပေါင်းမိပြီး စိတ်တူကိုယ်တူဖြစ်ဖို့တွေ လိုမယ်ထင်တယ်။

Voice : အစ်ကို့ရဲ့ Legend Myanmar Technology ကုမ္ပဏီအနေနဲ့ဆိုရင်ရော ဘယ်လိုမျိုးအပိုင်းတွေကို ဝန်ဆောင်မှုပေးတာလဲ။ ပြီးတော့ ဒီလောကမှာ ရပ်တည်ဖို့ကိစ္စက ဘယ်လောက်အခက်အခဲ ရှိမလဲဗျ။
STML : Legend Myanmar Technology အနေနဲ့ကတော့ Enterprise Network Device တွေ၊ Security Device တွေရောင်းတယ်။ Service Integration, Professional Service စတာတွေလည်း လုပ်ဆောင်ပါတယ်။ နောက်ပြီး Business Application တွေ၊ Mobile App တွေ၊ Web Service တွေ လုပ်တယ်။ တခြားမိတ်ဆွေကုမ္ပဏီတွေရဲ့ Product တွေကိုလည်း Partner ယူပြီး Operation အပိုင်း Sales အပိုင်း စတာတွေ တာဝန်ယူပူးပေါင်းပြီးဆောင်ရွက်ပါတယ်။ ကျွန်တော်တို့ အငယ်တွေ ပူးပေါင်းမှ အပိုင်ချုပ်ကိုင်ထားတဲ့ ကုမ္ပဏီတွေကို ဖိုက်နိုင်မှာလေ။ (ရယ်လျက်)

Voice : နောက်တစ်ခုက မြန်မာပြည်နည်းပညာနယ်ပယ်နဲ့ လူငယ်တွေပါဝင်နိုင်ခွင့်ပေါ့လေ။ ဒီလို ကိုယ်ပိုင်ကုမ္ပဏီတစ်ခုတည်ထောင်ပြီး လုပ်ကိုင်နိုင်ဖို့ အခွင့်အလမ်းက လူငယ်တိုင်းမှာ ရှိရဲ့လားဗျ။ ဒီအပေါ် မှာ ဘယ်လိုအမြင်ရှိမလဲ။
STML : ရှိတာပေါ့။ တကယ်လို့ နိုင်ငံတိုးတက်ဖို့က လူငယ်တွေကြီးပဲ ကြိုးစားနေလို့မရဘူးလေ။ ဥပမာ - ဗီယက်နမ်နိုင်ငံဆို လူငယ်တွေက ငွေကြေးကိုမကြည့်ဘဲ စွန့်ဦးတီထွင်ပြီးလုပ်ကြတော့ အစိုးရက လိုက်လာတယ်လေ။ ဒီမှာလည်း အခု တချို့ကုမ္ပဏီတွေ ငွေကြေးမကြည့်ဘဲ နည်းပညာဖွံ့ဖြိုးတိုးတက်အောင် လှူဒါန်းလာကြတယ်။ လုပ်ကိုင်လာကြတယ်။

Voice : နည်းပညာသမားတစ်ယောက်ဖြစ်တဲ့ ကိုစိုးသီဟနောင်က သူ့တပည့်တွေကိုအမြဲပေးတဲ့ဆုလေးတစ်ခုရှိတယ်။ “နည်းပညာသူဌေးကြီးတွေ ဖြစ်ကြပါစေ” တဲ့။ နည်းပညာနဲ့ လူငယ်တွေသူဌေးဖြစ်ဖို့ အခွင့်အလမ်းဘယ်လောက်ရှိနေပြီလို့ ပြောနိုင်မလဲဗျ။ ဒါမှမဟုတ် အခွင့်အလမ်းက ရှိရောရှိရဲ့လား။
STML : အခွင့်အလမ်း ရှိတော့ရှိပါတယ်။ အဲလောက်ကြီးတော့ မလွယ်သေးဘူးလေ။ အခုမှ အိုင်တီက တဖြည်းဖြည်း ဖွံ့ဖြိုးလာတာဆိုတော့။ နည်းနည်းတော့ ကြာဦးမယ်။ နောက်တစ်ခုက အိုင်တီမှာ နိုင်ငံခြားကုမ္ပဏီကြီးတွေနဲ့ နိုင်ငံခြားသားရုပ်ပြစားတဲ့ ကုမ္ပဏီတွေကလည်း Ethic ရှိဖို့ အများကြီးလိုတယ်လေ။ သူတို့က အစ်ကိုပြောတဲ့ ဈေးကွက်ကို အပိုင်ချုပ်ထားတဲ့ ကုမ္ပဏီတွေထက် ဆိုးတယ်။

Voice : ပြည်တွင်းမှာ နည်းပညာကျောင်းတွေ၊ ကွန်ပျူတာတက္ကသိုလ်တွေက ပိုပြီးအသက်ဝင်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ၊ သူတို့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အလမ်းတွေ၊ အထောက်အပံ့တွေက နည်းနေသေးတယ်လို့ မြင်လားဗျ။ 
STML : များလာတာတော့ ဟုတ်ပါတယ်။ Quantity Over Quality ဆိုတာလည်း အရေးကြီးတယ်လေ။ တစ်ဖက်မှာလည်း Demand ရှိတယ်။ Industry ထဲမှာ တကယ်လိုအပ်နေတယ်။ သေချာကြိုးစားရင် ရပါတယ်။

Voice : ကိုစိုင်းတင်မင်းလူအနေနဲ့က ကိုယ်တိုင်လည်း လူငယ်တစ်ယောက်။ နည်းပညာကုမ္ပဏီတစ်ခု ထူထောင်ရပ်တည်နေတယ်။ ဒီဖြတ်သန်းလာတဲ့လမ်းမှာ ဘယ်လိုအခက်အခဲတွေကြုံခဲ့ရသလဲ။ ဘယ်လိုကျော်ဖြတ်ခဲ့သလဲ။
STML : ကျွန်တော်တို့ ကုမ္ပဏီဆို ၃ နှစ်ပြည့်တော့မယ်။ အခုချိန်အထိတော့ အရမ်းအောင်မြင်တယ်ဆိုတဲ့အနေအထား မဟုတ်သေးပါဘူး။ ကုမ္ပဏီစထောင်တုန်းက ကျွန်တော်တို့ သူငယ်ချင်း ၄ ယောက် ရုံးခန်းတောင်မရှိပါဘူး။ ဒီလိုပဲ အခက်အခဲတွေကို ရင်ဆိုင်ရင်းနဲ့ တဖြည်းဖြည်း ကြိုးစားလာရတာပါ။ အဓိက,ကတော့ အလုပ်တိုင်းကို စေတနာထားပြီး လုပ်တယ်။ မသိတာတွေကိုလည်း သိကျွမ်းတဲ့ ဆရာတွေဆီမှာ အကူအညီတောင်းတယ်။ ဒီလိုပဲ ဖြည်းဖြည်းချင်း ကျော်ဖြတ်ခဲ့ရတာပါပဲ။ 

Voice : Software သမားတွေအတွက်က မသိသာလှပေမယ့် Hardware ပိုင်း လေ့လာတီထွင်မှုတွေလုပ်ချင်တဲ့ လူငယ်တွေအတွက်ကျတော့ Lab တွေက နည်းနေဦးမယ်ထင်တယ်။ ပြီးတော့ သူတို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူရတာကအစ အခက်အခဲလေးတွေရှိမယ်ထင်တယ်ဗျ။ ဒီအပေါ်မှာလည်း အစ်ကို့အမြင်ကို ပြောပေးပါဦး။
STML : ဟုတ်တယ်။ ကျွန်တော်လည်း ရန်ကုန်စရောက်တုန်းက Hardware လုပ်တာ။ Lab တွေနည်းတာရယ်၊ ပစ္စည်းတွေ ဝယ်ရခက်တာရယ်ကြောင့် Network ပိုင်း Service ပိုင်းကို ပြောင်းခဲ့ရပါတယ်။ ဝါသနာအရ အခုအချိန်ထိလည်း ကလိနေတုန်းပါပဲ။ ဒီနေရာကနေ တစ်ခါတည်း ပြောလိုက်ချင်တာက အဲလို ဝယ်ရခက်ခဲနေတာတွေရှိတယ်ဆိုရင် ကျွန်တော့်ဆီ ဆက်သွယ်ပေးပါ။ ကျွန်တော် အမြတ်အစွန်းလုံးဝမယူဘဲ မှာပေးပါတယ်။

Voice : ပြည်တွင်းက နည်းပညာသမားလူငယ်တွေက ပြိုင်ပွဲတွေ ဝင်ပြိုင်တယ်။ ဆုတွေလည်းရတာတွေရှိမယ်။ ပြီးတဲ့အခါကျတော့ သူတို့ရဲ့ထုတ်ကုန်တွေကို တကယ်တမ်းဈေးကွက်ဝင်အောင်လုပ်နိုင်ဖို့ကျတော့ အခက်အခဲရှိနေဦးမလား။
STML : ဒါကတော့ သူ့ Product အပေါ် မူတည်ပါတယ်။ Market အနေနဲ့ အရမ်းမြင့်တဲ့ Technology တွေကို မလိုက်နိုင်သေးတာရယ်။ တချို့ကျတော့ Marketing နဲ့ Sales အပိုင်း အားနည်းတာတွေလည်း ဖြစ်နိုင်တယ်။ ကျွန်တော်လည်း အဲဒီအပိုင်းသေချာမသိတော့ ပြောရခက်တယ်။

Voice : Legend Myanmar အနေနဲ့ရော ဆက်ပြီး ဘယ်လိုနည်းပညာထုတ်ကုန်တွေ မိတ်ဆက်သွားဖို့ရှိမလဲဗျ။ 
STML : Legend Myanmar Technology အနေနဲ့ နည်းပညာမြင့် HR App တွေ၊ Training ပိုင်းဆိုင်ရာ အထောက်အကူပြု App တွေ အများကြီး ထပ်ထုတ်သွားဖို့ရှိပါတယ်။ နာမည်ကြီး Virtualization System တစ်ခုနဲ့ ပတ်သက်တာတွေလည်း မိတ်ဆက်သွားဖို့ရှိပါတယ်။

Voice : နောက်ဆုံးအနေနဲ့ပေါ့လေ။ ပြည်တွင်း နည်းပညာနယ်ပယ်က ကြိုးစားရုန်းကန်နေတဲ့ လူငယ်တွေအပေါ်မှာ ဘာများပြောဖို့ရှိမလဲဗျ။
STML : အားလုံး ပူးပေါင်းပြီး နည်းလမ်းမှန်မှန်နဲ့ သေချာကြိုးစားဖို့လိုတယ်လို့ပဲ ပြောချင်ပါတယ်။

မောင်မန်း