News

POST TYPE

IT

My OPD Mobile App ရေးဆွဲသူများနှင့် တွေ့ဆုံခြင်း
03-Jul-2018


“အချက်အလက်တွေကို ပိုမိုပြည့်စုံအောင် Update ဖြစ်အောင် ကူညီပေးကြဖို့ပါ”

ပြည်တွင်း၌ နည်းပညာရှင်များက လူမှုအကျိုးပြု မိုဘိုင်းလ် App များ၊ နည်းပညာထုတ်ကုန်များကို အခက်အခဲများကြားမှ ထုတ်လုပ်နေကြသည်။ ယင်းတို့အနက် ကျန်းမာရေးနှင့်ပတ်သက်ပြီး ပြည်သူ့ဆေးရုံများ၏ ပြင်ပလူနာကြည့်ရက်နှင့် အချိန်များကို ဖော်ပြပေးမည့် My OPD မိုဘိုင်းလ် App လည်း အပါအဝင်ဖြစ်သည်။ ပြည်သူ့ဆေးရုံများ၏ ပြင်ပလူနာကြည့်ရက်နှင့် အချိန်များကို မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် အလွယ်တကူသိရှိနိုင်မည်ဖြစ်သဖြင့် လူနာများအတွက် များစွာအထောက်အကူဖြစ်စေနိုင်မည့် မိုဘိုင်းလ် App လည်းဖြစ်သည်။ ယင်းမိုဘိုင်းလ် App ရေးသားသူ ကိုချမ်းမြေ့ကိုကိုနှင့် ဒေါက်တာငြိမ်းချမ်းကိုကိုတို့ကို တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Vocie : ပြည်သူ့ဆေးရုံတွေရဲ့ ပြင်ပလူနာကြည့်တဲ့ ရက်တွေနဲ့ အချိန်တွေကို ဖော်ပြပေးမယ့် My OPD မိုဘိုင်းလ် App ကို ရေးဆွဲထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ ပထမဆုံးအနေနဲ့ ဒီ App ကို ရေးသားဖြစ်တဲ့ စိတ်ကူးကို ပြောပြပေးပါဦး။
C2K : လက်ရှိ ပြည်သူ့ဆေးရုံတွေမှာ ဖြစ်နေတဲ့ အခက်အခဲတစ်ခုက လူနာတွေ အရမ်းများခြင်းဖြစ်ပါတယ်။ တက်ရောက်တဲ့လူနာတွေကို ကြည့်လိုက်မယ်ဆိုရင် နယ်ကလာတွေသူတွေလည်း အများကြီးပါ။ ဆေးရုံမှာတာဝန်ကျနေတဲ့ ဆရာဝန်တွေရဲ့ ပြောပြချက်အရဆိုလို့ရှိရင် လူနာအများစုဟာ သူတို့ပြချင်တဲ့ရောဂါကို ဘယ်အချိန် ဘယ်ရက်မှာပြရမယ်ဆိုတာကို မသိကြပါဘူး။ အထုပ်အပိုးတွေနဲ့ ဆေးရုံကြီးရောက်လာတယ်၊ ပြီးရင် ရောက်တဲ့ရက်မှာပဲ ရောဂါပြလို့ရမယ် ထင်ကြပါတယ်။ တကယ်တမ်းကျတော့ အရေးပေါ်လူနာတွေကိုသာ ၂၄ နာရီကြည့်ပေမယ့် ကျန်တဲ့ရောဂါတွေကို ရုံးချိန်တွေ၊ သတ်မှတ်ထားတဲ့ရက်တွေမှာပဲ ကုသပေးပါတယ်။ အဲဒီအချိန်တွေကိုလည်း ဆေးရုံမှာ တရားဝင်ကပ်ထားပါတယ်။ ဒါပေမဲ့ အဲဒီရက်တွေကို ပြည်သူတွေကျယ်ကျယ်ပြန့်ပြန့်မသိတဲ့အတွက်ကြောင့် သတင်းအချက်အလက်ပြတ်တောက်မှု ဖြစ်နေပါတယ်။ ကျွန်တော်က ဒါကို မိုဘိုင်းလ် App တစ်ခုအနေနဲ့ ပြုလုပ်လိုက်ရင် အများကြီးအသုံးဝင်နိုင်မယ်လို့မြင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ Mobile App ဖြစ်လာအောင် ဖန်တီးခဲ့ကြပါတယ်။

Vocie : App ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ဘယ်သူတွေအတွက် အသုံးဝင်သွားမယ်ဆိုတာလည်း ပြောပြပေးပါဦး။
C2K : အဲဒီလူနာကြည့်ချိန်တွေကို လူတိုင်းလွယ်လွယ်ကူကူကြည့်လို့ရအောင် လုပ်ပေးလိုက်မယ်ဆိုရင် ဘယ်အချိန် ဘယ်ရက်မှာ ဆရာဝန်နဲ့ပြရမလဲဆိုတာကို တိတိကျကျသိရှိသွားမှာဖြစ်လို့ ဆေးရုံမှာ ရက်လွဲပြီးလာပြတဲ့ အခက်အခဲတစ်ခုကို ဖြေရှင်းလိုက်သလိုဖြစ်သွားမယ်လို့ ကျွန်တော်တို့မြင်ပါတယ်။
App ထဲမှာ မြန်မာနိုင်ငံအနှံ့အပြားက ပြည်သူ့ဆေးရုံ ၆၀ ကျော်ရဲ့ ပြင်ပလူနာကြည့်ချိန်တွေကို အထူးပြုရောဂါအလိုက် ပြသထားပါတယ်။ အသုံးပြုတဲ့သူက ဒေသ၊ ပြီးရင် ဆေးရုံ၊ အဲဒီဆေးရုံမှာရှိတဲ့ ရောဂါဌာနကို ရွေးလိုက်ရင် ဘယ်နေ့ဘယ်အချိန်တွေမှာ လူနာကြည့်ပေးပါတယ်ဆိုတဲ့အချက်အလက်ကို ရရှိမှာပါ။ 
အဓိက အသုံးကျမယ့်သူတွေကတော့ ပြင်ပဆရာဝန်တွေပါ။ သူတို့ဆေးခန်းကနေပဲဖြစ်ဖြစ်၊ ဆေးရုံတစ်ခုကနေ တစ်ခုကိုပဲဖြစ်ဖြစ် လူနာလွှဲတဲ့နေရာမှာ အရမ်းအသုံးဝင်ပါတယ်။ ပြီးတော့ အခြားကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ ပြည်သူ့ဆေးရုံကို လူနာအမြဲပို့နေရသူတွေမှာ အသုံးဝင်ပါတယ်။

Vocie : ဒီ မိုဘိုင်းလ် App မှာ ထည့်သွင်းဖို့လိုအပ်တဲ့ အချက်အလက်တွေကိုရော ဘယ်လိုရယူခဲ့သလဲဗျ။ ဒီနေရာမှာရော ဘယ်လိုအခက်အခဲတွေရှိမလဲ။
C2K : အချက်အလက်တွေကိုတော့ ဆရာဝန်တွေရှိတဲ့ Facebook အဖွဲ့တွေမှာ လိုက်ပြီးတောင်းပါတယ်။ ဆေးရုံအသီးသီးမှာရောက်နေတဲ့ နီးစပ်ရာမိတ်ဆွေ ဆရာဝန်တွေဆီကိုလည်း အကူအညီတောင်းပါတယ်။ အချို့ကလည်း သတင်းကြားပြီးပို့ပေးတာမျိုးရှိပါတယ်။ အခက်အခဲကတော့ တော်တော်ရှိပါတယ်။ တိုင်းအဆင့် ဆေးရုံကြီးတွေအတွက် ကောက်ယူရလွယ်ပေမယ့် ခရိုင်၊ မြို့နယ်တွေဆိုရင်တော့ အဆက်အသွယ်မရတဲ့အတွက် အခုထိ မထည့်ရသေးတာမျိုးရှိပါတယ်။ နောက်တစ်ခုကတော့ ဆေးရုံကြီးတွေမှာ ရက်တွေအသစ်ပြောင်းလဲနေတာမျိုးပါ။ အဲဒီလို ခဏခဏ ရက်ပြောင်းတတ်တဲ့ဆေးရုံတွေကိုလည်း အဓိကဦးစားပေးပြီး Followup လုပ်ပါတယ်။ နောက်အခက်အခဲတစ်ခုကတော့ ဒေသတစ်ခုနဲ့တစ်ခု ကုသတဲ့ဌာနတွေကို ခေါ်ဆိုတဲ့ အသုံးအနှုန်းမတူတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် Category ခွဲတဲ့အခါမှာ တကယ်ဆေးရုံမှာ ကုသမှုပေးနေတဲ့သူတွေကို အသေးစိတ်မေးရပြီးမှ အမျိုးအစားခွဲရပါတယ်။

Vocie : လက်ရှိမှာ App ကို စပြီးမိတ်ဆက်တဲ့အချိန်နဲ့ဆိုရင် ၇ လနီးပါး ရှိသွားပြီပေါ့။ အသုံးပြုသူ ဘယ်လောက်ရှိပြီလဲ။ အသုံးပြုသူတွေဘက်က တုံ့ပြန်မှုတွေရော ဘယ်လိုရှိသလဲ။
C2K : My OPD Version 1 ကိုတော့ မနှစ်က ဒီဇင်ဘာလောက်မှာ ထုတ်ခဲ့တာ ဖြစ်ပါတယ်။ Version 2 မှာတော့ အများကြီး ထပ်ပြင်ဆင်ထားပြီး ဇွန်လမှာ ထပ်ထုတ်ဖြစ်ခဲ့ပါတယ်။ စပြီးမိတ်ဆက်တာကတော့ American Center မှာ ပြုလုပ်ခဲ့တဲ့ Myanmar Info Connect ပွဲမှာပါ။ မိုဘိုင်းလ် App ကို ဖုန်းမှာထည့်ထားတဲ့သူ ပြုလုပ်ထားသူ ၁၀၀၀ ဝန်းကျင်ရှိပါတယ်။ နေ့စဉ်အသုံးပြုသူကတော့ ၁၀၀ ဝန်းကျင်ရှိပါတယ်။ တုံ့ပြန်မှုတွေကတော့ အားရစရာကောင်းပါတယ်။ လက်ရှိလိုနေတဲ့အရာတစ်ခုကို ဖြည့်ပေးတာမျိုးဖြစ်လို့ အသုံးဝင်ကြောင်း ပြောကြပါတယ်။

Vocie : ပြည်တွင်းမှာ လူငယ်တွေကြိုးစားပြီး ဒီလို မိုဘိုင်းလ် App တွေထုတ်ကြတယ်။ ပြီးတဲ့အခါကျတော့ ရပ်ရပ်သွားသလိုမျိုး ဖြစ်နေတာပေါ့လေ။ ထုတ်ကုန်တစ်ခုလိုမျိုး သွားနိုင်ဖို့အတွက်ကရော ဘယ်လို လိုအပ်ချက်တွေရှိမလဲဗျ။
C2K : လူငယ်တွေမှာတော့ လုပ်ချင်စိတ်ရှိကြတာပေါ့ဗျာ။ ဒါပေမဲ့ ရပ်သွားကြတာကတော့ ရေရှည်မှာ ဒီထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို ထိန်းသိမ်းဖို့အတွက် လိုအပ်ချက်တွေရှိပါတယ်။ ဥပမာပေးရတဲ့ အချိန်တွေ၊ ကုန်ကျစရိတ်တွေ စသဖြင့်ပေါ့၊ App ဖန်တီးရုံနဲ့မပြီးပဲ အဲဒါတွေအတွက်ကိုပါ ဘယ်လိုဖြေရှင်းရမလဲသိမှ ရေရှည်ရပ်တည်နိုင်ကြတာပါ။

Vocie : လက်ရှိ ပြည်တွင်းမှာ နည်းပညာသမားလူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းအခြေအနေက ဘယ်လိုရှိသလဲ။
C2K : လူအပေါ်လည်း မူတည်တာပေါ့နော်။ အခုတော့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အရင်က ထက်ပွင့်လင်းလာပါပြီ။ ကြိုးစားရင် ကြိုးစားသလောက် အခွင့်အလမ်းတွေရှိလာပါလိမ့်မယ်။ အင်တာနက်မကောင်းတာ၊ မြန်မာစာပြဿနာ၊ ငွေပေးချေမှုနဲ့ အချက်အလက်စတာတွေပါ။ မြန်မာစာပြဿနာက ပထမဆုံးအခက်အခဲပါ။ ကျန်တာတွေကတော့ တစ်နိုင်တစ်ပိုင် Develop လုပ်သူတွေအတွက် ပြန်ပြီး ဝင်ငွေရနိုင်ဖို့ နည်းလမ်းမျိုးမရှိတာပါ။ ငွေပေးချေမှုစနစ်မတွင်ကျယ်တာ၊ ရှိပြီးသားစနစ်တွေကလည်း တစ်နိုင်တစ်ပိုင်တွေအတွက် စဉ်းစားပေးထားတာမျိုးမရှိတာ၊ နောက်ပြီး ကြော်ငြာနဲ့ရပ်တည်ဖို့ဆိုရင်တောင် မြန်မာနိုင်ငံကနေ ပြုလုပ်လို့မလွယ်တာ စတာမျိုးတွေရှိပါတယ်။ ဒေတာအချက်အလက်တွေကို တရားဝင်မရရှိတာမျိုးကလည်း အခက်အခဲတစ်ခုပါပဲ။ တကယ်လို့ အစိုးရကနေ အချက်အလက်တွေကို ပြည်သူတိုင်းသိသင့်တဲ့အရာကို api တစ်ခုအနေနဲ့ ထုတ်ပေးတာမျိုးရှိရင် ဘယ်နည်းပညာသမားမဆို စိတ်ကူးရှိသလို Product တွေတည်ဆောက်လို့ ရပါတယ်။ အခုလိုမျိုး ကိုယ့်ဘာသာဒေတာလိုက်စုပြီး ထိန်းသိမ်းရတာမျိုးရှိတော့မှာမဟုတ်ပါဘူး။

Vocie : နည်းပညာသမားလူငယ်တွေအတွက် အထောက်အပံ့တွေရော ဘယ်လောက်အထိ လိုအပ်သလဲဗျ။ အခုလက်ရှိမှာဆိုရင် နေရာနဲ့ အင်တာနက်ပေးထားတဲ့ Kanaung Hub နေရာမျိုးတွေတော့ ရှိလာတာပေါ့လေ။ ဒါပေမဲ့ အရေအတွက်က နည်းနေဦးမလား။
C2K : နည်းပညာသမား လူငယ်တွေအတွက် ပူးပေါင်းလုပ်လို့ရမယ့်အရာမျိုးတွေ များများဖန်တီးပေးသင့်ပါတယ်။ လက်ရှိ ရန်ကုန်မှာတော့ နည်းပညာနဲ့ပတ်သက်ပြီး အချင်းချင်းတွေ့လို့ရတဲ့နေရာတချို့တော့ရှိပါတယ်။ ဒါပေမဲ့ အခြားဒေသတွေမှာတော့ မရှိသေးဘူးလို့မြင်တယ်။ ဒါကြောင့် ရန်ကုန်မှာရှိတဲ့သူတွေအတွက်ပဲ အခွင့်အလမ်းကပိုများနေပြီး ကျန်တဲ့ဒေသတွေမှာလည်း ရှိလာသင့်တယ်လို့မြင်ပါတယ်။ နောက်တစ်ခုကတော့ မြေတောင်မြှောက်ပေးမှုပေါ့လေ။ အချို့သော အစိုးရပိုင်းက ဦးဆောင်ပြုလုပ်ရမယ့် အရာမျိုးတွေကို လူငယ်တွေကပဲ လိုက်လုပ်ပေးနေကြတာမျိုးမြင်ရတယ်။ ဒီလိုအခြေအနေမျိုးမှာ အစိုးရက ဦးဆောင်မပေးနိုင်ရင်တောင် အစိုးရကိုယ်စားလုပ်နေတဲ့ နည်းပညာရှင်လူငယ်တွေကို အသိအမှတ်ပြုထားပြီး လိုအပ်သလို အထောက်အပံ့ပေးပြီး တရားဝင်အကူအညီတောင်းသင့်ပါတယ်။

Vocie : ခုနလို နေရာနဲ့ အင်တာနက်အထောက်အပံ့ပေးတာမျိုးက Software သမားတွေအတွက်ကတော့ အဆင်ပြေနိုင်သေးပေမယ့် Hardware သမားတွေ၊ Arduino လိုမျိုးသုံးချင်တဲ့သူတွေအတွက် ကျတော့ရော ဘယ်လိုအခက်အခဲတွေရှိနေနိုင်မလဲဗျ။
C2K : Hardware ကတော့ ကျွန်တော်နဲ့ နည်းနည်းစိမ်းတယ်ဗျ။ သိသလောက်ကတော့ Hardware သမားတွေအတွက် ရန်ကုန်မှာ Makerspace ဆိုပြီး ရှိပါတယ်။ နောက်ပြီး မန္တလေးဘက်မှာလည်း Green Hacker  ဆိုတာမျိုးရှိတယ်လို့ ကြားပါတယ်။ သူတို့အတွက်ကတော့ ကူညီပြသပေးတဲ့ Mentor နဲ့ Hardware လိုအပ်တာမျိုး ဖြစ်မှာပါ။ လွယ်လွယ်ကူကူ ရှာဖွေလို့မရတာမျိုး ရှိမယ်ထင်ပါတယ်။ လိုချင်တဲ့ Hardware တွေကို မြန်မာနိုင်ငံကနေ မှာရလွယ်ရင်တော့ ပိုအဆင်ပြေမယ်ထင်ပါတယ်။

Vocie : ဒီ App နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ ကိုယ့်လိုပဲ ဖန်တီးတီထွင်မှုတွေလုပ်ကိုင်နေတဲ့ လူငယ်အချင်းချင်းပဲဖြစ်ဖြစ် ဘာများအကြံပြုပြောဖို့ရှိမလဲဗျ။
C2K : ဒီ App နဲ့ပတ်သက်ရင်တော့ အဓိကသုံးကြည့်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ Free ပေးထားတဲ့ Jh App ဖြစ်ပါတယ်။ အကူအညီတောင်းချင်တာကတော့ အချက်အလက်တွေကို ပိုမိုပြည့်စုံအောင် Update ဖြစ်အောင် ကူညီပေးကြဖို့ပါ။ App ထဲကနေ အချက်အလက်မှားတွေကို Report လုပ်တာနဲ့ ထပ်မံဖြည့်စွက်ပေးတဲ့ Function တွေထည့်ပေးထားပါတယ်။ ဖန်တီးချင်တဲ့လူငယ်များကို ပြောချင်တာကတော့ လုပ်ချင်စိတ်ရှိတုန်းမှာ များများလုပ်စေချင်ပါတယ်။ ပူးပေါင်းလည်းလုပ်စေချင်ပါတယ်။ နောက်ပြီး ရှိတဲ့ပစ္စည်း၊ Tool တွေနဲ့ ဖြစ်အောင်လုပ်စေချင်ပါတယ်။ 

မောင်မန်း