News

POST TYPE

IT

ဆုကြေး ကျပ်သိန်း ၇၀ ကျော် ချီးမြှင့်မည့် အီလက်ထရွန်နစ် ဂိမ်းပြိုင်ပွဲ ယနေ့စမည်
26-Jun-2018

ရန်ကုန်၊ ဇွန်၂၆

ဆုကြေးငွေ စုစုပေါင်းကျပ်သိန်း ၇၀ ကျော်ချီးမြှင့်မည့် လူငယ်ကြိုက် အီလက်ထရွန်နစ်ဂိမ်း Dota2 ပြိုင်ပွဲကို ယနေ့ (ဇွန်လ ၂၇ ရက်)တွင် စတင်ကျင်းမည်ဖြစ်ကြောင်း ပြိုင်ပွဲကို တာဝန်ယူဆောင်ရွက်နေသည့် HOG e-Sports မှ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုလူမင်းခန့်က ပြောကြားသည်။

ဇွန်လ ၂၇ ရက်မှစ၍ ငါးရက်ကြာကျင်းပမည့် ယင်းပြိုင်ပွဲတွင် အသင်း ၁၆ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“မြန်မာနိုင်ငံမှာ ဂိမ်းဆော့တယ်ဆိုရင် အချိန်ဖြုန်းတယ်ဆိုပြီးတော့ပဲ မြင်နေကြတယ်။ အားကစားတစ်ခုလို မြင်လာအောင် e-Sport ကို နိုင်ငံတကာ ထိဖောက်နိုင်အောင် လုပ်ဖို့ထိ ရည်ရွယ်ထားပါတယ်”ဟု ၎င်းကဆိုသည်။

HOG Con ၏ အီလက်ထရွန်နစ် ဂိမ်းပြိုင်ပွဲကို Ooredoo Myanmar နှင့် Myanmar Creative Technology College တို့အတူ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များမှ ဂိမ်းအသင်းသား ဦးရေ ၈၀ က ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာက ဆုကြေးများတဲ့ ဂိမ်းပြိုင်ပွဲတွေက ပေါ်လိုက် ပျောက်လိုက်ဖြစ်ဖြစ် သွားတယ်။ လက်ရှိက အာဆီယံအဆင့်တောင်မီဖို့ တော်တော် ဆော့နေရတယ်။ အမြဲတမ်းရှိနေဖို့လိုတယ်”ဟု Dota ဂိမ်းကစားသူ Made in Myanmar (MIM) အသင်းမှ ကိုသီဟကဆိုသည်။

မြန်မာနိုင်ငံတွင် အီလက်ထရွန်နစ် ဂိမ်းပြိုင်ပွဲများကို နှစ်စဉ် ကျင်းပသင့်ပြီး ပြည်တွင်း ကစားသမားများ သာမက ပြည်ပအသင်းများကိုလည်း ဖိတ်ခေါ်ယှဉ်ပြိုင်ရန် လိုအပ်နေကြောင်း ဂိမ်းကစားသူများက မှတ်ချက်ပြုကြသည်။

အဆိုပါပြိုင်ပွဲတွင် ထူးချွန်သူများကို HOG e-Sports မှ ထပ်မံ၍ လေ့ကျင့်သင်ကြားမည်ဖြစ်ပြီး နိုင်ငံတကာ ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ကိုလူမင်းခန့်ထံမှ သိရသည်။

Dota 2 ဂိမ်းသည် ကမ္ဘာပေါ်တွင် လူငယ်များအကြား ရေပန်းအစားဆုံး ဂိမ်းတစ်ခုဖြစ်ပြီး တစ်သင်းလျှင် ငါးဦးပါဝင်ကာ အသင်းနှစ်သင်း ယှဉ်ပြိုင်ရသည့် ကွန်ပျူတာဂိမ်းတစ်ခုဖြစ်သည်။

J-14