News

POST TYPE

IT

MMSocial လူမှုကွန်ရက်တည်ထောင်သူ ကိုရန်နိုင်မြင့်နှင့် တွေ့ဆုံခြင်း
19-Jun-2018
ပြည်တွင်း၌ တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းများ ချထားပေးမှုနှင့်အတူ လူမှုကွန်ရက် အသုံးပြုမှုတွင် Facebook အသုံးပြုမှု လွန်စွာများပြားမြင့်တက်လာခဲ့သည်။ ကမ္ဘာကျော် လူမှုကွန်ရက်တစ်ခုဖြစ်သည့် Facebook အနေနှင့် အချက်အလက်များ ပေါက်ကြားမှုများ ဖြစ်ပွားခဲ့သည့်နည်းတူ ပြည်တွင်း၌ Facebook အသုံးပြုသူများ၏ အကောင့်အချို့ကို ပိတ်သိမ်းမှုများလည်း ဖြစ်ပွားခဲ့သည်။ ယင်းအခြေအနေများနှင့်ဆက်စပ်ပြီး လူမှုကွန်ရက်တွင် ကိုယ်ရေး အချက်အလက်များ ပေါက်ကြားနိုင်မှု အန္တရာယ်များ၊ လူမှုကွန်ရက် တည်ထောင်သူများ စောင့်ထိန်းရမည့် ကျင့်ဝတ်များနှင့် မြန်မာပိုင် လူမှုကွန်ရက်တစ်ခု ပေါ်ပေါက်လာရေးအတွက် မြန်မာလူမှုကွန်ရက်တစ်ခုဖြစ်သည့် MMSocial လူမှုကွန်ရက်တည်ထောင်သူ ကိုရန်နိုင်မြင့်နှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည် ဖော်ပြအပ်ပါသည်။

Voice : မြန်မာလူမှုကွန်ရက်တစ်ခု လုပ်မယ်လို့ သိရတယ်ဗျ။ ဘာကြောင့် မြန်မာပိုင်လူမှုကွန်ရက်တစ်ခု လိုအပ်တာလဲ။
YNM : ဟုတ်ကဲ့ ကျွန်တော်တို့ လုပ်နေပါတယ်ဗျ။ မြန်မာပိုင် လူမှုကွန်ရက်တစ်ခုကို ဘာလို့လိုအပ်တာလဲဆိုရင် ဒါကတော့ ၂ ပိုင်းရှိမယ်ဗျ။ လူတစ်ဦးချင်းစီမှာ ကိုယ်ပိုင် လိုအပ်ချက်တွေရှိမယ်။ နောက်ပြီး လူတိုင်းမှာ တူညီတဲ့ လိုအပ်ချက်တွေရှိမယ်ဗျ။ လူတိုင်းမှာ တူညီတဲ့လိုအပ်ချက်တွေဆိုရင်တော့ လူတိုင်းနီးပါးဟာ တခြားနိုင်ငံကပြုလုပ်ထားတဲ့ လူမှုကွန်ရက်တွေကို အသုံးပြုနေကြတယ်။ ကိုယ်ပိုင် လိုအပ်ချက်ဆိုရင်တော့ ဥပမာ Facebook ကို မသုံးချင်တော့ဘူး။ ငြီးငွေ့လာပြီ စသည်ဖြင့်ပေါ့။ ကိုယ်ပိုင် လိုအပ်ချက်လေးတွေကြောင့် မြန်မာပိုင် လူမှုကွန်ရက်တစ်ခုကို လိုအပ်လာကြပါတယ်။

Voice : MMSocial လူမှုကွန်ရက်အကြောင်း လည်း အနည်းအကျဉ်းမိတ်ဆက်ပေးပါဦး။
YNM : MMSocial လူမှုကွန်ရက်ကိုတော့ Facebook ကနေ ပြောင်းလဲသုံးစွဲသူတွေအတွက် အလွယ်ကူဆုံးဖြစ်အောင် စီစဉ်ပေးထားပါတယ်။ Facebook မှာရှိတဲ့ Feature တော်တော်များများကိုလည်း ဒီဘက်မှာ ရအောင်ကြိုးစားနေဆဲပါပဲ။ ခုမှ စလုပ်ကြတာဆိုတော့ အားလုံးတော့လည်း မပြီးသေးဘူးပေါ့။ ဒါပေမဲ့ တော်တော်များများ ပါဝင်အောင် ထည့်နေသလို ဆက်လက်ပြီး Feature တွေထပ်ထည့်ဖို့လည်း အစီအစဉ်တွေ လျာထားထားပါတယ်။

Voice : ပြည်တွင်းမှာဆိုရင် ဖေ့စ်ဘွတ်ခ်အကောင့် တချို့ ပိတ်သိမ်းခံရတာ၊ နိုင်ငံတကာမှာလည်း အချက်အလက် ပေါက်ကြားတာတွေက ဖြစ်လာတယ်။ ဒါနဲ့ အချိန်ကိုက် မြန်မာလူမှုကွန်ရက် လုပ်မယ်ဆိုတော့ တိုက်ဆိုင်တာလား၊ ဒါမှမဟုတ် တစ်ခုခုရည်ရွယ်ချက်ရှိတာလား။
YNM : တိုက်ဆိုင်တာတော့ မဟုတ်ဘူးဗျ။ တကယ်တော့ ကျွန်တော်တို့လည်း နှစ်နဲ့ချီပြီး ကြားသိနေရတာတွေရှိတယ်။ ကျွန်တော်တို့ Cyber Security ပွဲတွေလုပ်တယ်။ တခြားနည်းပညာရှင်တွေက Facebook ဟာ ဘယ်လို သတင်းအချက်အလက်တွေ ဘယ်သူတွေကိုရောင်းနေကြောင်း ပြောသွားတာ၊ အချက်အလက်တွေ အပြည့်အစုံနဲ့ ချပြသွားတယ်၊ ပြောပြသွားတာတွေ ရှိတယ်။ နောက်ပြီး ဒီရက်ပိုင်းမှာ ညီမျှမှုမရှိဘူးလို့ထင်ရတဲ့ Facebook Account ပိတ်သိမ်းခံရတာတွေ ရှိလာတယ်လို့ ကြားမိတယ်။ ကိုယ်က တခြားနိုင်ငံရဲ့ လူမှုကွန်ရက်ကို သုံးနေရင်တော့ သူတို့ခြယ်လှယ်သမျှ ခံရမှာပါပဲ။ နောက်ပြီး တခြားနိုင်ငံက သတင်းအချက်အလက် ထောက်လှမ်းတာတွေကိုလည်း တခြားနိုင်ငံက လူမှုကွန်ရက်ကို သုံးနေသရွေ့ လွတ်မယ်မထင်ပါဘူး။ ဒါကြောင့် မြန်မာပိုင်လူမှုကွန်ရက်ကို ရည်ရွယ်ချက်ရှိရှိ တည်ထောင်ဖို့ ကြိုးစားနေတာပါ။

Voice : ကိုယ်ရေးအချက်အလက် လုံခြုံမှုအပိုင်းကိုပဲ ပြောကြရအောင်ပါ။ လူမှုကွန်ရက်တစ်ခုက ဘယ်လောက်အထိ ဒီလုံခြုံရေးအတွက် အကာအကွယ်ပေးသင့်သလဲ၊ ပေးနိုင်သလဲ။ ဆိုလိုတာက တစ်စုံတစ်ဦးက တောင်းဆိုလာရင် ကိုယ်ရေး အချက်အလက်တွေကို ပေး၊ မပေး ဆိုတဲ့ကိစ္စက ဘယ်လိုမျိုးရှိမလဲ။
YNM : ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုတာ လူမှုကွန်ရက်တစ်ခုကို တည်ထောင်သူတွေ စီမံသူတွေအတွက် အရမ်းကြီးလေးပြီး စောင့်ထိန်းရမယ့်ကိစ္စတစ်ခုပါ။ ကိုယ့်လူမှုကွန်ရက်ကို ယုံယုံကြည်ကြည်နဲ့ အသုံးပြုလာသူတွေအတွက် အကောင်းဆုံး အကာအကွယ် ပေးရမယ့်ကိစ္စ တစ်ခုပါပဲ။ တစ်စုံတစ်ဦးက တောင်းဆိုလာရင် ဆိုတဲ့နေရာမှာ ဘယ်သူလဲဆိုတာက အရေးကြီးပါတယ်။ သက်ဆိုင်ရာ လူမှုကွန်ရက်တစ်ခုဟာ သူအခြေခံထားတဲ့နိုင်ငံရဲ့ တည်ဆဲဥပဒေတွေကိုလည်း လိုက်နာရမှာပါ။ ဆိုလိုတာက တည်ဆဲဥပဒေများနဲ့အညီ ဆက်လက် လုပ်ဆောင်ရမှာပါပဲ။ ဒါကြောင့် သတင်းအချက်အလက် တစ်စုံတစ်ရာကို လာရောက်တောင်းခံသူဟာလည်း ဘာကြောင့်တောင်းခံရလဲဆိုတဲ့ အကြောင်းအရာ ခိုင်ခိုင်လုံလုံ ရှိရမယ့်အပြင် တည်ဆဲဥပဒေတွေနဲ့လည်း ညီညွတ်ရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် MMSocial ကိုအသုံးပြုသူ User တွေထဲမှာ မသမာမှု၊ ဒုစရိုက်မှုတစ်ခုခု ကျူးလွန်ထားတဲ့လူရဲ့ဒေတာတွေကို သက်ဆိုင်ရာကနေ စာရွက်စာတမ်း အတိအကျနဲ့တကွ တရားရုံးအမိန့်စာနဲ့ပါ လာရောက် တောင်းဆိုလာတယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ထုတ်ပေးကို ပေးရမှာပါ။ ဘာလို့ဆိုရင် ကျွန်တော်တို့ဟာ ဒုစရိုက် အားပေး မလုပ်ချင်လို့ပါပဲ။ နောက်ပြီး အချက်အလက် လာတောင်းတဲ့ အခြေအနေဟာလည်း အမှုရင်ဆိုင်နေရသူဟာ တရားခံအဆင့်ထိ မရောက်သေးဘဲ စွပ်စွဲခံရသူ အဆင့်လောက်ပဲရှိတယ် (သူ တကယ် ဒုစရိုက်ကျူးလွန်တာ ဟုတ်မဟုတ် မသေချာသေးတဲ့အဆင့်) ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ Data ထုတ်ပေးသွားဖို့အတွက် ကျွန်တော်တို့ ဥပဒေအကြံပေးများရဲ့ သဘောထား ဆုံးဖြတ်ချက်တွေကို တောင်းခံပြီး ဆက်လက် ဆောင်ရွက်သွားမှာပါ။ အချုပ်ပြောရရင်တော့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ လူမှုကွန်ရက်ကို အဘက်ဘက်ကမျှတပြီး သန့်ရှင်းတဲ့နေရာတစ်ခုကို ဆက်လက်ထိန်းသိမ်းသွားမှာပါ။

Voice : MMSocial မှာရော ဆိုက်ဘာလုံခြုံရေး အပိုင်းကို ဘယ်လိုစီမံထားသလဲ။ နောက်တစ်ခုက အခုမှစမှာဖြစ်တဲ့အတွက် Bug-Bounty တွေ ဘာတွေပေးဖို့ရော အစီအစဉ်ရှိမလားဗျ။ အဲတစ်ဆက်တည်းမှာ Bug-Bounty ဆိုတာကိုလည်း အဓိပ္ပာယ်ဖွင့်ဆိုချက်လေး ပြောပေးပါဦး။
YNM : Bug-Bounty ဆိုတာကတော့ Web Site သော်လည်းကောင်း၊ Software/App သော်လည်းကောင်းမှာ လုံခြုံရေးဟာကွက်တွေကို Pen Test ပြုလုပ်သူတွေ အထူးသဖြင့် Whitehat တွေကနေ တွေ့ရှိတဲ့အခါ သက်ဆိုင်ရာ Website/Software/App ပိုင်ဆိုင်သူတွေ သို့မဟုတ် ၎င်းတို့ကို နည်းပညာ စီမံမှုပြုလုပ်သူတွေကို Report ပေးကြပါတယ်။ အဲလို Report ပေးတဲ့အခါ သက်ဆိုင်ရာ လုံခြုံရေးယိုပေါက်ရဲ့ ထိခိုက်မှု အနည်းအများပေါ် မူတည်ပြီး ဆုတစ်ခုခု ထုတ်ပေးတာမျိုးကို ဆိုလိုတာပါ။ ကျွန်တော်တို့ လက်ရှိ Beta Test တွေ လွှင့်တင်နေမှုအပေါ်ကိုလည်း ဆိုက်ဘာလုံခြုံရေးကို စမ်းသပ်ပေးသူတွေ အများကြီးရှိပြီး Report တွေကိုလည်း လက်ခံရရှိထားပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီးလည်း ကျွန်တော်တို့ mmSocial Website ပေါ်မှာ ကျေးဇူးတင်တဲ့ စာမျက်နှာတစ်ခု လွှင့်တင်ထားပြီး အဲ့ဒီစာမျက်နှာပေါ်မှာ လုံခြုံရေးကိုစမ်းသပ်ပြီး ဟာကွက်တွေ့ရှိသူတွေကို မှတ်တမ်းတင်ထားပေးပါတယ်ဗျ။ နောက်ပိုင်း Official Launch ပြုလုပ်ပြီးတဲ့အချိန်မှာလည်း Bug-Bounty အစီအစဉ်ကို ဆက်လက် ထည့်သွင်းပေးသွားဦးမှာပါ။

Voice : ကိုယ်ရေးအချက်အလက်တွေရဲ့ တန်ဖိုးနဲ့ လူမှုကွန်ရက်ပေါ်က ကိုယ့်ရဲ့ ကိုယ်ရေး အချက်အလက်တွေကို သူတစ်ပါးနိုင်ငံ ဒါမှမဟုတ် သူတစ်ပါးကို ပေးလိုက်တဲ့အခါ ဘယ်လို အသုံးချသွားတာမျိုးတွေ ခံရနိုင်လဲဆိုတာလည်း ရှင်းပြပေးပါဦး။
YNM : ကိုယ်ရေး အချက်အလက်တွေ ဆိုတာလည်း သတင်းအချက်အလက်တွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ ဒီနေရာမှာ အမြင်ကို ၂ ခု ခွဲကြည့်ရပါမယ်။ အမြင်တစ်ခုကို ခုပြောကြည့်ပါမယ်။ အရင်က ကျွန်တော် ကိုယ်တိုင် ပြောဖူးပါတယ်။ ကိုယ်လိုကောင်မျိုးသူများ နိုင်ငံက ထောက်လှမ်းပါစေဦးကွာ ကိုယ် ဘယ်သွားတယ်၊ ဘာလုပ်တယ်၊ နောက်ဆုံး သန့်စင်ခန်းဝင်တယ်ကအစ ဒေတာတွေ ရောင်းစားပါစေ ကိစ္စမရှိဘူးဆိုပြီး ပြောခဲ့ဖူးတယ်။ ခုထိလည်း ပြောလို့ရနေတုန်းပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော့် သတင်းအချက်အလက်တွေဟာ နိုင်ငံတကာအတွက် ဘာမှတန်ဖိုးမရှိလို့ ခုလိုပြောရဲတာပါ။

ဒါပေမဲ့ နောက်ထပ် အမြင်တစ်မျိုးဖြစ်တဲ့ အစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံခေါင်းဆောင်တွေ သို့မဟုတ် နိုင်ငံတကာအတွက် အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေရဲ့ သတင်းအချက်အလက်တွေကတော့ အင်မတန် တန်ဖိုးရှိပါတယ်။ တခြားနိုင်ငံပိုင်တဲ့ Social Network ကို အသုံးပြုနေသရွေ့ ဘယ်လောက်လုံခြုံမှုရှိမလဲဆိုတာ အာမခံနိုင်မှု လုံးဝ မရှိနိုင်ပါဘူး။ ဘယ်လောက်ကြီးပဲ ဒေတာတွေ မရောင်းဘူးပြောပြော တကယ်ရောင်းလိုက်လား၊ မရောင်းလိုက်လား ဘယ်သူမှမသိနိုင်သလို သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်လည်း တိတိကျကျ မသိရှိနိုင်ပါဘူး။ နိုင်ငံခေါင်းဆောင်တွေ အစိုးရတွေနဲ့ စစ်တပ်တွေမှာ ကျွန်တော်တို့လို သာမန်ပြည်သူတွေထက် လျှို့ဝှက်အပ်ရာတွေ အများကြီးရှိတာမို့ အခြားနိုင်ငံက Social Media တွေကိုအသုံးပြုတာကို သေချာ စဉ်းစားရမှာပါ။ ဘယ်လို အသုံးချသွားတာမျိုးတွေ ခံရနိုင်လဲဆိုတာတော့ ကိုယ်ဘာလုပ်တယ် ဘယ်သွားမယ် သို့မဟုတ် အတွင်းရေးတွေကို တစ်ဖက်က ကြိုသိနေမယ်ဆိုရင်တော့ အကျိုးဆက်တွေကို ကျွန်တော် ရှင်းပြစရာ မလိုတော့ပါဘူး။

Voice : အရင်က စင်ကာပူ အရင်းအနှီးနဲ့ မြန်မာလူမှုကွန်ရက်တစ်ခု လုပ်တာလည်းရှိသလို တခြားလည်း လူမှုကွန်ရက်တွေ လုပ်တာတွေ မြင်ဖူးတယ်။ ဒီ MMSocial ကိုရော ဘယ်က ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်တာလဲ။ နောက်တစ်ခုက ရင်းနှီးမြှုပ်နှံမှု ပမာဏကရော ဘယ်လောက်ရှိမလဲ။ ပြောလို့ရရင် ပြောပေးပါဗျ။
YNM : ရင်းနှီးမြှုပ်နှံမှုကိစ္စကိုတော့ တိတိကျကျကို Official Launch လုပ်ပြီးမှပဲ ပြောပါရစေ။ သေချာတာ တစ်ခုကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုံးဝ မပါသေးသလို လက်ခံသွားမှာလည်း မဟုတ်ဘူးဆိုတာပါပဲ။

Voice : အရင်က ဒီဖေ့စ်ဘွတ်ခ်ပေါ်မှာ မြန်မာတွေ များမလာခင်အချိန်ကတော့ ဆက်သွယ်ရေးဖိုရမ်တွေ သုံးခဲ့ကြတယ်။ အဲ့ဒီအချိန်ကတော့ အုပ်ချုပ်သူတွေက စောင့်ကြည့်ပြီး အကြောင်းအရာတွေ၊ ဆွေးနွေးတာတွေကို စောင့်ကြည့်ထိန်းသိမ်းခဲ့တာ ရှိတယ်။ ဖေ့စ်ဘွတ်ခ်ကကျတော့ ဒါမျိုးတွေမရှိတော့ဘဲ လွတ်လပ်လာတာပေါ့လေ။ ဒီ MMSocial မှာကျတော့ရော စောင့်ကြည့်ထိန်းချုပ်တာတွေ ဘာတွေက ဘယ်လိုမျိုးရှိမလဲ။
YNM : ကျွန်တော်တို့ကိုယ်တိုင်က စောင့်ကြည့်တာမျိုး ထိန်းချုပ်တာမျိုးတွေတော့ ဘယ်တော့မှ လုပ်သွားမှာမဟုတ်ပါဘူး။ တစ်ခုတော့ ရှိတာပေါ့နော်။ အသုံးပြုသူတွေကနေ Report လုပ်လာတာဆိုရင်တော့ ကျွန်တော်တို့ကြေညာမယ့် Terms & Condition (Facebook မှာတော့ Community Standard လို့ခေါ်တာပေါ့) တွေပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားမှာပါ။ ဒီနေရာမှာ ဖြည့်စွက် ပြောချင်တာကတော့ MMSocial မှာ Social Network တင်မကပဲ Forum ကိုပါ ထည့်သွင်းသွားဖို့ အစီအစဉ်ရှိတယ် ဆိုတာပါပဲ။

Voice : MMSocial ကို အခုလက်ရှိအချိန်မှာ စမ်းသပ် အသုံးပြုခွင့်ပေးထားတယ်လို့ သိရတယ်ဗျ။ လက်ရှိ အသုံးပြုသူ ဘယ်လောက်ရှိနေပြီလဲ။ ပြည်ပနိုင်ငံတွေကရော ဝင်ရောက် အသုံးပြုတာမျိုး ရှိသလား။ နောက်ပြီး စမ်းသပ် အသုံးပြုဖို့အတွက် စိတ်ဝင်စားတဲ့သူတွေကိုရော ဘယ်လိုမျိုး လက်ခံပေးသွားမလဲ။
YNM : ဟုတ်ကဲ့။ MMSocial ကို ခုလက်ရှိအချိန်မှာ စမ်းသပ် သုံးစွဲခွင့်ပြုပေးထားပါတယ်။ အခုအချိန်မှာတော့ အသုံးပြုဖို့ မှတ်ပုံတင်ထားတဲ့လူ ၄၀၀ နီးပါး ရှိနေပါပြီ။ ပြည်ပကနေ ဝင်ရောက် သုံးစွဲနေသူတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ပြည်ပနိုင်ငံသားတွေတော့ မတွေ့မိသေးပါဘူး။ အခုအချိန်ဟာ စမ်းသပ် အသုံးပြုတဲ့အချိန်ဖြစ်တာနဲ့အညီ ကျွန်တော်တို့ဘက်ကလည်း ဝင်ရောက် အသုံးပြုဖို့အတွက် ကျွန်တော်တို့ဘက်က ထုတ်ပေးတဲ့ ဝင်ခွင့်လိုမျိုးတစ်ခုကို တစ်ယောက်သာ ဝင်နိုင်တဲ့ Invitation Code လေး အသုံးပြုစေပါတယ်။ စမ်းသပ်အသုံးပြုဖို့အတွက် စိတ်ဝင်စားတဲ့လူတွေကို လက်ခံပေးသွားတဲ့ပုံစံကတော့ အဲဒီ Invitation Code တွေကို ကျွန်တော့် Facebook Profile မှာရော Chat Box ကနေ လာရောက်တောင်းခံတဲ့သူတွေထဲက အချို့ကိုရော ပေးထားပါတယ်။

Voice : အချုပ်အနေနဲ့ လူမှုကွန်ရက်နဲ့ ကိုယ်ရေး အချက်အလက် လုံခြုံရေး၊ နည်းပညာ လုံခြုံရေးတို့မှာ ဖြည့်စွက်ပြီးတော့ ဘာများပြောဖို့ရှိမလဲ။
YNM : ကျွန်တော်တို့ MMSocial အနေနဲ့လည်း ဆိုက်ဘာလုံခြုံရေး ဟာကွက်တွေကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်စမ်းသပ်နေတယ်ဆိုပေမယ့် ကျွန်တော်တို့မမြင်နိုင်တဲ့ MMSocial ရဲ့ ဆိုက်ဘာလုံခြုံရေး ဟာကွက်တွေကို သက်ဆိုင်ရာ စည်းကမ်းများနဲ့အညီ ပြည်တွင်းက ပညာရှင်တွေက ထောက်ပြပေးခဲ့တာတွေအတွက် တကယ် ကျေးဇူးတင်ပါတယ်။ ဒါဟာလည်း ကျွန်တော်တို့အတွက်ချည်းကြောင့် မဟုတ်ပါဘူး။ MMSocial ကို ယုံယုံကြည်ကြည်နဲ့ လာရောက်အသုံးပြုနေတဲ့ User တွေကိုယ်စား တကယ်ကျေးဇူးတင်တာပါ။ အရိုးရှင်းဆုံးပြောရင်တော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ကြည့်ရင် မျက်လုံး ၂ လုံးတည်းနဲ့ကြည့်ရမှာပါ။ ကျွန်တော့်ကိုကြည့်တဲ့ မျက်လုံးတွေက ၂ လုံးထက်ပိုပြီး ရှုထောင့်က ကျွန်တော်မမြင်နိုင်တဲ့ ရှုထောင့်တွေကနေ ကြည့်နိုင်ပါတယ်။ ဒီလိုပဲ သက်ဆိုင်ရာ နည်းပညာရှင်တွေ ဆိုက်ဘာလုံခြုံရေး ပညာရှင်တွေဟာလည်း မိမိတို့ သက်ဆိုင်ရာ ရှုထောင့်ကနေကြည့်ပြီး MMSocial ကို အခုထက်ပိုပြီး လုံခြုံတဲ့ Social Network လေး ဖြစ်လာဖို့အတွက်လည်း ဝိုင်းဝန်းကူညီကြဖို့ ကမ်းလှမ်းလိုက်ပါတယ်။ အခု Beta Test မှာတော့ Thank List ထဲသာ ထည့်ပေးနိုင်မှာဖြစ်ပေမယ့် Official Launch ပြုလုပ်ပြီးရင်တော့ Bug-Bounty အစီအစဉ်တွေ ပါမှာဖြစ်တဲ့အတွက် သူတို့အတွက်လည်း အချည်းအနှီး မဖြစ်တော့ပါဘူး။ ဒါကြောင့် ကိုယ်တိုင်လည်း စောင့်ကြည့်နေတဲ့အပြင် မြင်တွေ့လာတဲ့ ဟာကွက်တွေကိုလည်း များများ ထောက်ပြပေးခြင်းအားဖြင့် ပိုမိုလုံခြုံတဲ့ Social Network တစ်ခုဖြစ်လာဖို့ကို ဝိုင်းဝန်းကူညီကြဖို့ မေတ္တာရပ်ခံပြီး ကမ်းလှမ်းလိုက်ပါကြောင်း ပြောချင်ပါတယ်ဗျ။

မောင်မန်း