News

POST TYPE

IT

Computer Dictionary မိုဘိုင်းလ် App ရေးသားသူများနှင့် တွေ့ဆုံခြင်း
12-Jun-2018


“တော်ရုံရူးသွပ်မှုနဲ့တော့ ဒီနယ်ပယ်ထဲမှာ အသက်မွေးဝမ်းကျောင်းပြုရတာမလွယ်ဘူး”

ပြည်တွင်း၌ နည်းပညာတီထွင်မှုများကို ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များမှ ကျောင်းသားလူငယ်များက ကြိုးပမ်းဆောင်ရွက်နေကြသည်။ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားလူငယ်များက ဒေသတွင်းပြည်သူများအတွက် အသုံးဝင်မည့် မိုဘိုင်းလ် App များ၊ Web App များနှင့် Hardware ထုတ်ကုန်များကို ဖန်တီးတီထွင်ခဲ့ကြသည်။ ယင်းတို့အနက်မှ Computer Dictionary မိုဘိုင်းလ် App ရေးသားသည့် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) မှ ကျောင်းသား မောင်ပြည်သိမ်းကျော်၊ မောင်ဝေယံဖြိုး၊ ဆလိုင်းချစ်ဦးလတ်၊ မောင်ရာပြည့်သိမ်း၊ မောင်ဟိန်းထက်အာကာကျော်ဇင်တို့နှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ကွန်ပျူတာပညာရပ်ဆိုင်ရာသုံး အဘိဓာန်မိုဘိုင်းလ် App ရဲ့ နာမည်နဲ့လုပ်ဆောင်ပေးနိုင်တဲ့ အချက်တွေကို မေးခွန်းတချို့မေးဖို့ပါ။ ပထမဆုံးအနေနဲ့ ဒီ App ကို စတင်ရေးဆွဲဖို့ စိတ်ကူးရခဲ့တာလေး အရင်ဖြေပေးပါဗျ။
V Link : App ရေးတာကတော့ အရင်က UCST မှာရေးထားတဲ့ Projects တွေအများကြီးရှိခဲ့တယ်။ ဒါပေမဲ့ လူသိပ်မသိခဲ့သလို အများကြီးလည်း မသုံးကြဘူး။ တကယ်ကောင်းတဲ့ App တွေ အများကြီးရှိခဲ့တယ်။ အဲ့အထဲက ကောင်းတဲ့ App လေးတွေရဲ့ Core Objective ကို ပြန်ယူပြီး အခုခေတ် Tech လေးတွေ စမ်းရင်းနဲ့ရေးပြီး Release လုပ်ဖြစ်သွားတာပါ။

Voice : ဒီ App က ဘယ်လို လုပ်ဆောင်ချက်တွေကို လုပ်ပေးနိုင်မှာလဲဗျ။
V Link : Computer Terms တွေကို Eng to Myanmar နဲ့ Eng to Eng ပြန်ဆိုပေးမှာပါ။

Voice : ဘယ်လိုလူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာလဲဗျ။
V Link : ပထမရည်ရွယ်ချက်ကတော့ ယခုတက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကနေ ကျွန်တော်တို့ ကွန်ပျူတာတက္ကသိုလ်တွေဆီ ဝင်လာကြမယ့် Junior တွေအတွက် Computer Term တချို့ကို နားလည်စေချင်တာရယ်၊ နောက်တစ်ခုကတော့ ခုလိုချိန် Final Year တွေမှာ Internship ဆင်းတဲ့သူတွေထဲကမှ Android လေ့လာနေတဲ့ ကျောင်းသားတွေအတွက်ပါ။ ကျွန်တော်တို့ Code တွေကနေ Database တွေရော စပြီဆိုတည်းက Note တွေပါမကျန် အကုန်ပေးချင်တာပေါ့နော်။ ဒီ App တွေကနေ ပိုပြီးကောင်းမွန်တဲ့ Application လေးတွေထွက်ပေါ်လာစေချင်လို့ ခုလိုထုတ်ခဲ့တာဖြစ်ပါတယ်။

Voice : ဒီလိုနည်းပညာထုတ်ကုန်တွေထွက်လာဖို့အတွက် ကျောင်းက ဘယ်လောက်အထိ အထောက်အပံ့ပေးခဲ့သလဲ။ Android ကို လေ့လာတဲ့အပိုင်းကိုရော ဘယ်လိုလေ့လာခဲ့သလဲ။
V Link : ကျောင်းက ထောက်ပံ့တာကတော့ ၁၀၀ ရာခိုင်နှုန်းပါပဲ။ Android ကတော့ Self-study တွေနဲ့ပဲ လေ့လာခဲ့ကြတာဖြစ်ပါတယ်။

Voice : ဒီ App ကကျတော့ App မှာပြဖို့ အချက်အလက်စုဆောင်းရတာတွေ ရှိမှာပေါ့။ ဒီအပိုင်းကိုရော ဘယ်လိုလုပ်ခဲ့သလဲ။
V Link : UCST Project မှာတုန်းက ရှိခဲ့တဲ့ Data တွေကိုပဲ သေချာပြန်စစ်ပြီး လုပ်ခဲ့တာပါ။ အခုလောလောဆယ် Meaning က ၇၀၀၀ လောက်ပဲရှိသေးတယ်။ သုံးတဲ့သူများရင် ဒီထက်များတဲ့ Meaning တွေနဲ့ Upgrade လုပ်ပေးသွားမှာပါ။ Data တွေအတွက်ကတော့ ပြင်ဆင်နေပါတယ်။ အချိန်ရရင် ရသလိုဘဲ တခြား Freelance Application တွေကိုလည်း Sharing လုပ်ပေးသွားဦးမှာပါ။

Voice : လက်ရှိ ပြည်တွင်းမှာ နည်းပညာသမားလူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း အခြေအနေက ဘယ်လိုရှိသလဲ။
V Link : လက်ရှိမှာ နည်းပညာသမားလူငယ်တွေအတွက်တော့ အလုပ်အကိုင်အခွင့်အလမ်းကတော့ စပြီးကောင်းလာတယ်လို့ ပြောရမှာပဲဗျ။ ဒါပေမဲ့လည်း ကိုယ်ကိုယ်တိုင်ကလည်း သေသေချာချာ ဝါသနာပါတဲ့သူဖြစ်ဦးမှ။ တော်ရုံရူးသွပ်မှုနဲ့တော့ ဒီနယ်ပယ်ထဲမှာ အသက်မွေးဝမ်းကျောင်းပြုရတာ မလွယ်ဘူးလို့ ပြောလို့ရတယ်ဗျ။

Voice : ဒီ App ကို အဖွဲ့အနေနဲ့ လုပ်ခဲ့တယ်လို့ သိရတယ်ဗျ။ အဖွဲ့လိုက်လုပ်ဆောင်တာနဲ့ တစ်ဦးချင်းလုပ် ဆောင်တဲ့နေရာမှာ ဘယ်လိုမျိုးကွဲပြားမှုတွေရှိမလဲဗျ။
V Link : ဟုတ်ကဲ့ဗျ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ဘယ်သူက ဘာလုပ်ပါရယ်တော့ သတ်သတ်မှတ်မှတ် မခွဲခြားထားပါဘူး။ Data Collection လုပ်တာတွေရှိတယ်၊ Research ပြန်လုပ်ကြရတာတွေရှိတယ်။ Testing  ပိုင်းတွေ စုလုပ်ကြတယ်။ ကျောင်းပြီးတော့ အလုပ်ကိုယ်စီနဲ့ဆိုတော့ Freelance ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လှုပ်ရှားလိုက် သိသမျှလေးတွေ လက်ဆင့်ကမ်းလိုက် လုပ်နေကြတာပါဘဲခင်ဗျ။ တစ်ယောက်ချင်းရယ်လိုတော့ သီးသန့်ကြီးခွဲမထားပါဘူးခင်ဗျ။

Voice : ကွန်ပျူတာတက္ကသိုလ်တွေက ဟိုးအရင် ၅ နှစ်ကာလနဲ့ ချိန်ထိုးကြည့်ရင် ပိုပြီးအသက်ဝင်လာတယ်လို့ ပြောနိုင်မယ်ထင်ပါတယ်။ ဒီအနေအထားမှာ ကျောင်းရဲ့ ပံ့ပိုးမှုတွေက ညီလေးတို့လို ဖန်တီးမှုတွေလုပ်ကိုင်ချင်တဲ့လူငယ်တွေအတွက် ဘယ်လောက်အထိ အထောက်အပံ့ဖြစ်သလဲဗျ။
V Link : ဟုတ်ကဲ့ ပြောနိုင်ပါတယ်။ ယခင်တုန်းက Knowledge Sharing လုပ်တာတွေထက် ခုနောက်ပိုင်းမှာ ပိုပိုလုပ်လာကြတဲ့အတွက်လဲ ပိုပြီးအသက်ဝင်လာတယ်လို့ပြောနိုင်ပါတယ်။ ကျောင်းရဲ့ ပံ့ပိုးမှုတွေကတော့ အများဆုံးပါပဲ။ ဆရာ၊ ဆရာမတွေလည်း လိုအပ်တာတွေ သင်ကြားပေးတယ်။ ပိုကောင်းတဲ့ အတွေးအခေါ် အရည်အချင်းတွေရဖို့လည်း အများဆုံး အထောက်အပံ့ပေးပါတယ်။ ပိုကျွမ်းကျင်တဲ့ လုပ်ငန်းခွင်တွေဆီကို Internship ပို့ပေးတယ်။ နည်းပညာနယ်ပယ်ထဲက လေးစားအားကျရတဲ့သူတွေဆီကနေလည်း အထောက်အပံ့ကောင်းတွေရအောင် ဖန်တီးပေးနေလို့ လူငယ်တွေအတွက် ပြောစရာမရှိအောင်ကို အထောက်အပံ့ဖြစ်စေပါတယ်။

Voice : နောက်ဆုံးအနေနဲ့ ဒီ App နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ ကိုယ့်လိုပဲ ဖန်တီးတီထွင်မှုတွေ လုပ်ကိုင်နေတဲ့ လူငယ်အချင်းချင်းပဲဖြစ်ဖြစ် ဘာများအကြံပြုပြောဖို့ရှိမလဲဗျ။
V Link : ဖန်တီးလုပ်ကိုင်နေတဲ့ ကျွန်တော်တို့လို လူငယ်အချင်းချင်းကတော့ အကြံပြုချင်တာက စိတ်ဓာတ်မကျဘဲ ဆက်လုပ်နေဖို့ပါပဲ။ ဆက်ပြီးလေ့လာနေဖို့ရယ်၊ အမြဲတမ်း Learning လုပ်နေဖို့ရယ်၊ အသစ် အသစ် နည်းပညာတွေကြားမှာ လိုအပ်သလို ပြုလွယ်ပြောင်းလွယ် နေတတ်ဖို့ပါပဲ။ အရေးကြီးတယ်ထင်တာကတော့ App တွေ ထုတ်လုပ်တဲ့အခါ Business View/ Plan တွေကိုပါ ထည့်သွင်းစဉ်းစားပြီး ထုတ်လုပ်ရင် ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ်လာနိုင်တယ်ဆိုတာလေးပဲ အကြံပြုချင်ပါတယ်ခင်ဗျာ။

မောင်မန်း

Computer Dictionary Application link :  https://goo.gl/NPRPgx