News

POST TYPE

IT

အစိုးရနည်းပညာ အထက်တန်းကျောင်း ဝင်ခွင့် လျှောက်ထားရမည့်ရက်ထပ်တိုး
31-May-2018

ရန်ကုန်၊ မေ ၃၀

အစိုးရနည်းပညာ အထက်တန်းကျောင်းများ ဝင်ခွင့်လျှောက်လွှာ နောက်ဆုံးတင်ရမည့်ရက်ကို ထပ်တိုးကာ ဇွန်လ ၁၀ ရက်အထိ လျှောက်ထားခွင့်ပြုကြောင်း နည်းပညာ၊ သက်မွေးပညာလေ့ကျင့်ရေး ဦးစီးဌာနထံမှ သိရှိရသည်။

မူလက သင်တန်းလျှောက်လွှာများကို မေလ ၇ ရက်မှစ၍ သက်ဆိုင်ရာကျောင်းများတွင် ထုတ်ယူကာ မေ ၂၂ရက် နောက်ဆုံးလျှောက်ထားရမည်ဟု သတ်မှတ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးတွင် အစိုးရနည်းပညာ အထက်တန်းကျောင်း ၃၅ ကျောင်း ရှိသည့်အနက် ဗန်းမော်၊ ပူတာအို၊ တီးတိန်၊ မင်းတပ်၊ ကလေး၊ ခန္တီး၊ ထားဝယ်၊ ပခုက္ကူတို့က ရက်ထပ်တိုးကာ လျှောက်လွှာလက်ခံနေခြင်းဖြစ်သည်။

ထို့ပြင် မိတ္ထီလာ၊ မြင်းခြံ၊ မော်လမြိုင်၊ ပုသိမ်၊ လားရှိုး၊ တောင်ကြီး၊ ပင်လုံ၊ ကျိုင်းတုံ၊ ပင်းပက် ကျောင်းများတွင် လျှောက်လွှာများကို အချိန်တိုးမြှင့်၍ လက်ခံပေးမည်ဖြစ်သည်။

ပခုက္ကူအစိုးရ နည်းပညာအထက်တန်းကျောင်းအုပ် ဦးသော်ဇင်မျိုးက “ကျောင်းအလိုက်သတ်မှတ်ထားတဲ့ ဦးရေရှိတယ်။ သတ်မှတ်ဦးရေမပြည့်တဲ့ ကျောင်းတွေက နောက်ဆက်တွဲလျှောက်လွှာခေါ်တာပါ”ဟု ပြောကြားသည်။

အစိုးရနည်းပညာ အထက်တန်းကျောင်းများတွင် အဆောက်အအုံနည်း ပညာသင်တန်း၊ အီလက်ထရွန်နစ်နည်း ပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ် နည်းပညာသင်တန်းတို့ ဖွင့်လှစ်မည်ဖြစ်သည်။

ထို့ပြင် စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်း နည်းပညာသင်တန်း၊ ရေခဲသေတ္တာနှင့် လေအေးပေးစက်နည်း ပညာသင်တန်း၊ သတ္တုပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် သုတနည်းပညာ သင်တန်းများလည်း ဖွင့်လှစ်မည်ဖြစ်သည်။

သင်တန်းကာလမှာ ၂ နှစ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းကာလအတွင်း တစ်လလျှင် ထောက်ပံ့ကြေး ၃ သောင်းကျပ် ရရှိမည်ဖြစ်ကာ သင်တန်းပြီးလျှင် တက္ကသိုလ်ဝင်စာမေးပွဲကို ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်သည်။ 

J-19

  • VIA