News

POST TYPE

IT

Zawgyipedia မိုဘိုင်းလ် App ရေးဆွဲသူ ကိုမြတ်မင်းစိုးနှင့် တွေ့ဆုံခြင်း
29-May-2018



“ယူနီကုတ်မသုံးရင် Wikipedia မသုံးနဲ့ဆိုပြီး လုပ်ထားတာမျိုးတွေကို ဖယ်ချင်လို့လည်းဖြစ်ပါတယ်”

ပြည်တွင်း၌ မြန်မာဘာသာဖြင့် ရေးသားထားသည့် မြန်မာ Wikipedia တွင် ယူနီကုတ်အသုံးပြုထားပြီး ဇော်ဂျီဖောင့်အသုံးပြုသူများအနေနှင့် ဖတ်ရှုရန်အခက်အခဲရှိနေသည်။ ယင်းအခက်အခဲကို အဆင်ပြေစေရန်အတွက် ယူနီကုတ်ဖြင့်ရေးသားထားသည့် မြန်မာ Wikipedia မှာ အချက်အလက်များကို ဇော်ဂျီဖောင့်အသုံးပြုသူများ ဖတ်ရှုနိုင်မည့် Zawgyipedia မိုဘိုင်းလ် App ကို DevHouse Myanmar မှ CEO ဖြစ်သူ ကိုမြတ်မင်းစိုးက ရေးဆွဲထုတ်လုပ်လိုက်ပြီဖြစ်သည်။ ယင်းမိုဘိုင်းလ် App ကို ထုတ်လုပ်ရသည့် ရည်ရွယ်ချက်နှင့် App ၏ လုပ်ဆောင်ချက်များအကြောင်းကို ကိုမြတ်မင်းစိုးနှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : Wikipedia ကို ဇော်ဂျီဖောင့်အသုံးပြုသူတွေ အဆင်ပြေပြေဖတ်ရှုနိုင်မယ့် မိုဘိုင်းလ် App ကို ထုတ်လုပ်ထားတယ်လို့ သိရပါတယ်ဗျ။ အဲ့ဒီ App ရဲ့ လုပ်ဆောင်ချက်တွေကို ရှင်းပြပေးပါဦး။
MMS : Wikipedia ရဲ့ အခွဲတစ်ခုဖြစ်တဲ့ မြန်မာ Wikipedia မှာ ယူနီကုတ်သုံးထားတော့ သာမန်အသုံးပြုသူတွေ၊ ဇော်ဂျီဖောင့်သုံးတဲ့သူတွေက ဖတ်လို့မရဘူးဗျ။ ဖတ်လို့ရချင်ရင်လည်း ဖုန်းမှာ desktop site လို့ခေါ်တယ် ကွန်ပျူတာမှာ မြင်ရတဲ့ပုံစံမျိုးအသုံးပြုမှ မြင်ရအောင်လုပ်လို့ရတယ်။ ဒါကလည်း အရမ်းအဆင့်များတော့ သာမန်လူတွေအတွက် အဆင်မပြေဘူး။ အဲ့ဒါကြောင့် App ထုတ်လုပ်ပြီးတော့ အကုန်လုံး အဆင်ပြေပြေ အသုံးပြုနိုင်အောင်လုပ်ထားတာ။ ဒီ App မှာ မြန်မာဝီကီပီးဒီးယားကို Android ဖုန်းတိုင်းမှာ ဖတ်လို့ရအောင် ပြုလုပ်ပေးထားပါတယ်။

Voice : ဒီ App ကို လုပ်ရတဲ့ ရည်ရွယ်ချက်ကရော ဘာကြောင့်လဲဗျ။
MMS : Wikipedia ကို ကိုယ့်ဘာသာနဲ့ရှိနေပြီး လွယ်လွယ်ကူကူဖတ်လို့မရ ဖြစ်နေတာကြောင့် အဓိက လုပ်ခဲ့တာပါ။ နောက်ပြီး မြန်မာ Wikipedia က လူကြီးတွေကို အကြံပေးခဲ့ပေမယ့် လက်မခံဘဲ လူငယ်တွေ တက်မလာနဲ့ဆိုတဲ့ပုံစံမျိုး ပြန်ပြောခဲ့တာကြောင့် ဒါမျိုးလုပ်နိုင်ကြောင်း ပြသခဲ့တာပါ။ ယူနီကုတ်မသုံးရင် Wikipedia မသုံးနဲ့ဆိုပြီး လုပ်ထားတာမျိုးတွေကို ဖယ်ချင်လို့လည်းဖြစ်ပါတယ်။ 

Voice : ပြည်တွင်းမှာက Wikipedia ကို ဖတ်တာ၊ သုံးတာ နည်းတဲ့သဘောတော့ ရှိမလားဗျ။
MMS : နည်းတယ်လို့ပဲပြောရမယ်ဗျ။ နေ့စဉ်သုံးတာ ၂၀၀၀၀ ဝန်းကျင်ပေါ့။ အခု App ထွက်ပြီးတဲ့နောက်မှာတော့ ၄၀၀၀၀ ကျော်ဖြစ်သွားတယ်ခင်ဗျ။

Voice : ဒီ App ကိုသုံးရင် မူလ ယူနီကုတ်နဲ့ ရေးသားထားတဲ့ မြန်မာစာတွေအကုန်လုံးကို ဇော်ဂျီအသုံးပြုသူတွေ ဖတ်လို့ရမှာလား။
MMS : ဟုတ်ကဲ့ရပါတယ်။ ဘာဖောင့်သွင်းထားသွင်းထား ရအောင် ပြုလုပ်ထားတာပါ။

Voice : နောက်တစ်ခုက ရေးချင်တဲ့သူတွေအတွက် ပေါ့လေ။ ဇော်ဂျီနဲ့ပဲ ဝင်ရေးလို့ရအောင်ရော လုပ်လို့ရနိုင်မလား။
MMS : ဇော်ဂျီလက်ကွက်အတိုင်း ရေးလို့ရအောင်တော့ ဖန်တီးနေပါတယ်။ ရအောင်လုပ်ရင်တော့ ရတာပေါ့ဗျာ။ ဒါပေမဲ့ အသုံးပြုသူတွေအတွက် ခက်ခက်ခဲခဲ မဟုတ်ဘဲ အဆင်ပြေပြေဖြစ်အောင်ဖန်တီးနေလို့ပါ။

Voice : ဒီ Wikipedia ကို ဇော်ဂျီနဲ့ ဖတ်လို့ရသွားတဲ့အတွက် အချက်အလက်တွေ ရှာဖွေချင်တဲ့သူတွေ ဘယ်လောက်အထိ အဆင်ပြေသွားမလဲ။
MMS : အချက်အလက်ကိုလည်း ဇော်ဂျီနဲ့ရှာလို့ရအောင်ထည့်ပေးထားတယ်ခင်ဗျ။ မြန်မာ Wikipediaမှာရှိသမျှ အချက်အလက်တွေကို အကုန်ရှာနိုင်သွားမှာပါ။

Voice : Wikipedia မှာက မြန်မာလိုရေးထားတဲ့ စာတွေက အရေအတွက်နည်းသေးတဲ့သဘောတော့ ရှိတာပေါ့လေ။ တချို့အဖွဲ့အစည်းတွေလည်း မြန်မာဘာသာပြန်ပေးတာတွေ ဘာတွေ အရင်ကကြားဖူးတယ်။ လက်ရှိမှာရော ဘယ်လိုမျိုးအခြေအနေရှိသလဲဗျ။
MMS : လက်ရှိမှာ အကြောင်းအရာ ၃၈,၅၈၃ ခုရှိပါတယ်။ ဒါပေမဲ့ တော်တော်များများက အဖြစ်လောက် ဘာသာပြန်ထားတာရယ်။ bot နဲ့ မြန်မာနိုင်ငံ ကျေးရွာ၊ ရပ်ကွက်စာရင်းတွေကို ထည့်ထားတာကြောင့် နည်းတယ်လို့ပဲ ပြောလို့ရမယ်ဗျ။ ယူနီကုတ်နဲ့ရေးမှ ရမယ်ဆိုတာကလည်း ဘာသာပြန်သူတွေအတွက် အခက်အခဲဖြစ်စေပါတယ်။

Voice : တစ်လက်စတည်းဗျာ။ ပြည်တွင်းမှာက ကွန်ပျူတာသုံးမြန်မာစာစနစ်က အဲဒီလို ယူနီကုတ် စံသတ်မှတ်ချက်ကို လိုက်နာတာ၊ မလိုက်နာတာဆိုပြီး ဖြစ်နေတော့ ဒါကြီးကိုပြေလည်ဖို့ဆိုရင် ဘာတွေလုပ်ကြရဦးမလဲဗျ။
MMS : အမှန်တော့ စံတွေ၊ ဖောင့်တွေထက် လူတွေက ဖတ်လို့ရတာရယ်၊ ဖတ်လို့မရတာရယ် နှစ်မျိုးပဲရှိတာပါ။ လူတွေအဆင်ပြေပြေ ရေးနိုင်ဖတ်နိုင်ရင် ပြေလည်သွားမှာပါ။

Voice : နောက်တစ်ပိုင်းအနေနဲ့ပေါ့လေ။ ပြည်တွင်းက နည်းပညာသမား လူငယ်တွေက မိုဘိုင်းလ် App တွေ အမျိုးမျိုး ရေးဆွဲထုတ်လုပ်ကြတယ်။ ဒါပေမဲ့ ဒါတွေကနေ ဝင်ငွေတစ်ခုလိုမျိုး ရပ်တည်နိုင်ဖို့အတွက်ကျတော့ နည်းနည်းအလှမ်းဝေးနေသေးသလားဗျ။ အွန်လိုင်းငွေပေးချေမှုက နည်းနည်းတော့အဆင်ပြေလာတယ်ဆိုပေမယ့် အသုံးပြုသူတွေရဲ့ အလေ့အထကရော ဘယ်လိုရှိမလဲ။
MMS : Payment တွေများလာပေမယ့် အဆင်မပြေသေးဘူးပဲ ပြောရမှာပေါ့။ တကယ်က Third Party Payment တွေထက် ဘဏ်တွေကသွားရမှာကို ဒီကဘဏ်စနစ်ကြောင့် Google Play နဲ့ App Store က မဝင်လာသေးတဲ့အတွက် Developer တွေအနေနဲ့ ပိုက်ဆံလက်ခံလို့ မရသေးပါဘူး။ ဒါပေမဲ့ Visa Prepaid Card မျိုးတွေကြောင့် ဝယ်နိုင်လာတာတွေရှိပါတယ်။ တိုင်းပြည်က ထွက်ငွေပဲဖြစ်နေပြီး ဝင်ငွေလက်ခံလို့မရသေးတဲ့ပုံစံ ဖြစ်နေတာပေါ့။

Voice : နည်းပညာသမားလူငယ်တွေအတွက် အများစုကြုံရတတ်တဲ့အခက်အခဲနဲ့ လိုအပ်ချက်တွေကရော ဘာတွေဖြစ်မလဲဗျ။
MMS : တီထွင်မှုတွေကို အကာအကွယ်ပေးမယ့် ဥပဒေတွေ၊ ငွေပေးချေမှုစနစ်တွေ၊ လူတိုင်းတတ်နိုင်တဲ့ မြန်နှုန်းမြင့်အင်တာနက်လိုင်းတွေ အများကြီးလိုပါသေးတယ်။

Voice : နောက်ဆုံးအနေနဲ့ပေါ့လေ။ ပြည်တွင်းနည်းပညာလောက ပိုပြီးအဆင့်မြင့်လာဖို့၊ ပိုပြီးတော့ လူငယ်တွေ၊ ပညာရှင်တွေ နေရာ၊ အလုပ်အကိုင်အခွင့်အရေးတွေ ရလာဖို့အတွက် ဘာများပြောချင်သလဲဗျ။
MMS : အလုပ်အကိုင်အခွင့်အလမ်းတွေကတော့ အရင်ကထက် များလာပါတယ်။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင်တောင် အဆင့်မြင့်လာဖို့ လိုပါသေးတယ်။ အပေါ်ကပြောခဲ့တဲ့ လိုအပ်ချက်တွေလည်း လိုတာပေါ့။

မောင်မန်း