News

POST TYPE

IT

Drawing Machine စမ်းသပ်တီထွင်သူ မောင်သီဟသူနှင့် တွေ့ဆုံခြင်း
15-May-2018




“အချိန်တွေ၊ ငွေတွေ၊ ကိုယ်ပိုင်ဉာဏ်စွမ်း အတွေးအခေါ်ပိုင်းတွေ၊ မိဘတွေရဲ့အားပေးမှုတွေ အများကြီးလိုအပ်ပါတယ်”

ပြည်တွင်း၌ နည်းပညာတီထွင်မှုများကို နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသားလူငယ်များက ကြိုးပမ်းဆောင်ရွက်နေကြသည်။ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားလူငယ်များက ဒေသတွင်းပြည်သူများအတွက် အသုံးဝင်မည့် မိုဘိုင်းလ် App များ၊ Web App များနှင့် Hardware ထုတ်ကုန်များကို ဖန်တီးတီထွင်ခဲ့ကြသည်။ ထို့အတူ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (WYTU) မှ ပဉ္စမနှစ် Electrical Power ကျောင်းသား မောင်သီဟသူက Drawing Machine V2 ကို စမ်းသပ်တီထွင်ထုတ်လုပ်နိုင်ခဲ့သည်။ ယင်း Drawing Machine စမ်းသပ်တီထွင်ခဲ့သည့်အတွေ့အကြုံများကို တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : Drawing Machine ကို စမ်းသပ်ပြီးလုပ်ဖြစ်တဲ့ စိတ်ကူးနဲ့ ဒီစက်က ဘယ်လိုနေရာတွေမှာ အသုံးဝင်မလဲဆိုတာလေး ပြောပေးပါ။
THT : Drawing Machine ကို စမ်းသပ်ပြီးလုပ်ခဲ့တာက ကျွန်တော်က ငယ်ငယ်ကတည်းက အဲ့ဒီလိုတွေ စမ်းသပ်တီထွင်နေရတာကို ဝါသနာပါလို့ပါ။ ဒီစက်က ပုံဆွဲတဲ့နေရာ၊ စာရေးတဲ့နေရာတွေမှာ အသုံးဝင်ပါတယ်။

Voice : ဒီစက်ကိုလုပ်တဲ့နေရာမှာ လိုအပ်တဲ့အစိတ်အပိုင်းတွေကိုရော ဘယ်လိုရယူခဲ့သလဲ။
THT : လိုအပ်တဲ့ပစ္စည်းတွေကို ကိုယ်ပိုင် 3D Printer နဲ့ Print ထုတ်ခဲ့ပါတယ်။

Voice : ကိုယ်ပိုင် 3D Printer နဲ့ထုတ်တာဆိုတော့ ဒီအတွက် ကုန်ကျစရိတ်ကို ဘယ်လိုငွေစုခဲ့သလဲ။
THT : ကုန်ကျစရိတ်တွေကို ကိုယ်ပိုင်မုန့်ဖိုးနဲ့စုပြီး လုပ်ခဲ့ပါတယ်။

Voice : Drawing Machine ကို စမ်းသပ်ပြီးလုပ်ခဲ့တဲ့အချိန်မှာ အခက်အခဲတွေရော ဘာတွေရှိခဲ့သလဲ။ Error တွေ ဘယ်လောက်တောင်ကြုံခဲ့ရသေးလဲ။
THT : Error တွေရှိခဲ့ပါတယ်။ Software ပိုင်းတွေ၊ တပ်ဆင်တဲ့အပိုင်းတွေမှာ Error တွေ ရှိခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက Firmware မကိုက်လို့ Error တက်ခဲ့ပါသေးတယ်။

Voice : အခက်အခဲတွေ ကြုံလာတဲ့အခါ ဘယ်လို ဖြေရှင်းသလဲ။
THT : အခက်အခဲတွေ ကြုံလာတဲ့အခါ ကိုယ်ပိုင်ဉာဏ်စွမ်းနဲ့ရော၊ တတ်ကျွမ်းနားလည်တဲ့ အစ်ကိုဆရာတွေနဲ့ရော၊ Google, You Tube ကနေကြည့်ပြီးတော့ရော ဖြေရှင်းခဲ့ပါတယ်။

Voice : ပြည်တွင်းမှာက ဒီလိုစမ်းသပ်လုပ်ကိုင်နိုင်ဖို့က သိရသလောက်ဆိုရင် လူငယ်တွေက စိတ်ကူးတွေတော့ရှိတယ်။ ဒါပေမဲ့လို့ ကုန်ကျစရိတ်တွေနဲ့ ပစ္စည်းတွေဝယ်ရခက်တာမျိုးတော့ ရှိတဲ့အခါကျတော့ ဒီအခက်အခဲတွေက ဘယ်လောက်အထိ အတားအဆီးဖြစ်စေသလဲဗျ။
THT : အတားအဆီးတွေကတော့ များပါတယ်။ ငွေရေးကြေးရေးရော၊ ပစ္စည်းအခက်အခဲတွေရောပေါ့။ ပြည်တွင်းမှာ မရှိတဲ့ပစ္စည်းမျိုးတွေကျတော့ ပြည်ပကနေ မှာရတာတွေလည်းရှိတယ်။ အဲ့ဒီလိုကျရင် အချိန်တစ်လလောက်စောင့်ရတာပေါ့။

Voice : နောက်ပိုင်းမှာတော့ ကျောင်းတွေမှာရော၊ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာပါ ဒီလို စမ်းသပ်နိုင်မယ့် Lab တွေတော့ ရှိလာတာသိရပါတယ်။ ဒါပေမဲ့လည်း အရေအတွက်အားဖြင့် နည်းနေသေးသလားလို့ပါ။ ဒီအပေါ် ဘယ်လိုအမြင်ရှိသလဲဗျ။
THT : Lab တွေက ရှိလာပြီဆိုပေမယ့် အများကြီးရှိမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒီလို Lab တွေ ရန်ကုန်၊ မန္တလေးမြို့တွေမှာ အမြောက်အမြားရှိလာဖို့ လိုပါတယ်။

Voice : ပြည်တွင်းမှာက ဒီလိုစမ်းသပ်တီထွင်ကြတာတော့ ဟုတ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းအနေနဲ့ဆိုရင်ရော ဘယ်လောက်အထိ ရှိမလဲ။
THT : အခုအချိန်အထိတော့ ဒီလိုစမ်းသပ်တီထွင် မှုတွေတော့ အလုပ်အကိုင်က ရှားပါသေးတယ်။ ဒါပေမဲ့ နောင်တစ်ချိန်ဆိုရင်တော့ အခွင့်အလမ်းတွေ အလုပ်အကိုင်တွေ ပေါများလာမယ်လို့တော့ မျှော်လင့်ပါတယ်။

Voice : ဒီလိုစက်တွေကို ဈေးကွက်ဝင်အောင်အထိ သွားဖို့ဆိုရင်ရော ဘယ်လိုလုပ်လို့ရမလဲ။
THT : ဒီလိုစက်တွေကို ဈေးကွက်ဝင်အောင်ဆိုရင် ကျောင်းတွေမှာ ပြပွဲတွေလုပ်တာ၊ အပြင်မှာ နည်းပညာပြပွဲတွေကနေ မိတ်ဆက်တာမျိုးတွေ အများကြီးလုပ်ဖို့လိုပါတယ်။ Online မှာလည်း များများပျံ့နှံ့အောင် လုပ်ဖို့လိုပါတယ်။

Voice : နည်းပညာတွေလေ့လာရတဲ့ အခက်အခဲတွေဆိုရင်ရော ဘာရှိမလဲ။
THT : နည်းပညာတွေလေ့လာရတဲ့ အခက်အခဲတွေ အများကြီးရှိပါတယ်။ အချိန်တွေ၊ ငွေတွေ၊ ကိုယ်ပိုင်ဉာဏ်စွမ်း အတွေးအခေါ်ပိုင်းတွေ၊ မိဘတွေရဲ့အားပေးမှုတွေ အများကြီးလိုအပ်ပါတယ်။

Voice : အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာကို လှမ်းပြီးချိန်ထိုးမယ်ဆိုရင် ဒီလိုအပိုင်းမှာ မြန်မာနိုင်ငံရဲ့ နည်းပညာအဆင့်အတန်းက ဘယ်လိုအနေအထားမှာရှိသလဲဗျ။
THT : အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာကို လှမ်းပြီးချိန်ထိုးမယ်ဆိုရင် ဒီလိုအပိုင်းမှာ မြန်မာနိုင်ငံရဲ့နည်းပညာအဆင့်အတန်းက အဆင့်မီပါတယ်။ နောက်ကျန်နေခဲ့တဲ့ အခြေအနေမျိုးတော့မဟုတ်ပါဘူး။

Voice : နောက်ဆုံးအနေနဲ့ပေါ့လေ။ ဒီလိုမျိုးပဲ နည်းပညာစမ်းသပ်တီထွင်မှုတွေ လုပ်ကိုင်နေတဲ့လူငယ်တွေကို ဘာများပြောဖို့ရှိမလဲဗျ။
THT : နည်းပညာ စမ်းသပ်တီထွင်မှုတွေလုပ်ကိုင်နေတဲ့ လူငယ်တွေကို ရဲရဲဝံ့ဝံ့ တီထွင်ပါ၊ ကြံဆပါ၊ လုံ့လစိုက်ပါ၊ အမှားပါရင်လည်း မတွန့်မဆုတ်ဘဲ ဆက်လက်တီထွင်ကြံဆပါလို့ ပြောချင်ပါတယ်။

မောင်မန်း