News

POST TYPE

IT

Kilo Taxi Group အဖွဲ့ဝင်များနှင့် တွေ့ဆုံခြင်း
08-May-2018


“ယာဉ်မောင်းက ဈေးပိုတောင်းတာ၊ ခရီးသည်က ဈေးနှိမ်တာ အဲဒီနှစ်ခုအကြားမှာ ပုံသေဈေးနှုန်းလေးတစ်ခုကို ဖြစ်စေချင်တာ”

ပြည်တွင်း၌ Taxi အငှားယာဉ်မောင်းစနစ်ကို ကုမ္ပဏီများက ဝန်ဆောင်မှုပေးနေခြင်းများရှိသလို အငှားယာဉ်မောင်းများစုစည်းပြီး အဖွဲ့အစည်းအနေနှင့် ဝန်ဆောင်မှုပေးနေသည်။ အငှားယာဉ်မောင်းများ စုစည်းပြီး ဝန်ဆောင်မှုပေးနေသည့် Kilo Taxi Group က GPS အခြေပြုမီတာစနစ်ဖြင့် ဝန်ဆောင်မှုပေးနေသည်။ ယင်းမီတာစနစ်ဖြင့် ဝန်ဆောင်မှုပေးရန်အတွက် နည်းပညာအထောက်အပံ့များ၊ လက်ရှိဝန်ဆောင်မှု ပေးနေသည့်အခြေအနေများနှင့် မီတာစနစ်အသုံးပြုသည့်အတွက် ယာဉ်မောင်းနှင့်ခရီးသည် နှစ်ဦးနှစ်ဖက်အဆင်ပြေနိုင်သည့်အချက်များကို Kilo Taxi Group  တည်ထောင်သူ ကိုလင်းနှင့် Kilo Taxi Group အဖွဲ့ဝင်ယာဉ်မောင်းများနှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : အစ်ကိုတို့ Kilo Taxi Group အနေနဲ့ မီတာစနစ်နဲ့ပြေးဆွဲတဲ့ ဝန်ဆောင်မှုကို ပေးနေတယ်လို့ သိရပါတယ်။ ဝန်ဆောင်မှုပေးတဲ့ပုံစံကို အရင်ဆုံး ပြောပြပေးပါဦး။
KTG : ကျွန်တော်တို့ အခုသွားနေတဲ့ပုံစံက ပြည်တွင်းက လက်ရှိသွားနေတဲ့ Taxi ဝန်ဆောင်မှုတွေနဲ့ မတူပါဘူး။ ကျွန်တော်တို့ Kilo Taxi Group က လက်တားစနစ်ကိုအခြေခံပြီး မီတာစနစ်နဲ့သွားတဲ့ စနစ်ပါ။ ကျွန်တော်တို့က စတက်ကို ၁၃၀၀ ကျပ်နဲ့ တစ်ကီလိုမောင်းတိုင်း ၃၀၀ ကျပ် သတ်မှတ်ထားပါတယ်။ ကုန်ကျစရိတ်ထဲမှာ ကားပိတ်တာ၊ ကားကျပ်တာကို ထည့်မတွက်ထားပါဘူး။ ကျွန်တော်တို့စနစ်မှာက ဈေးစကားပြောစရာမလိုတော့ဘူး။ ကိုယ်သွားမယ့်နေရာကိုပဲ ပြောလိုက်ရုံပဲ။ အဲ့ဒီလိုဆိုတော့ လမ်းပေါ်မှာ ကားရပ်ပြီး ဈေးစကားပြောနေလို့ လမ်းပိတ်တာမျိုးလည်း မဖြစ်တော့ဘူးပေါ့။

Voice : ဖြစ်ခဲ့တဲ့ပြဿနာတွေကြောင့်ရော၊ လက်တားစနစ်မှာက ဈေးစကားပြောရတာတွေရောကြောင့် ခရီးသည်နဲ့ ယာဉ်မောင်းအကြား နည်းနည်းလေး ယုံကြည်မှုပျောက်တဲ့ပုံစံလေးတွေတော့ ရှိတာပေါ့လေ။ ဒီစနစ်မှာရော ဒါတွေမဖြစ်အောင် ဘယ်လိုလုပ်ပေးထားသလဲဗျ။
KTG : ကျွန်တော်တို့က ခရီးသည်နဲ့ ကားသမားကြားမှာ ယုံကြည်မှုတည်ဆောက်တာပါ။ အခု ကျွန်တော်တို့ Taxi လောကမှာက ခရီးသည်က ကားသမားကို မယုံ၊ ကားသမားကလည်း ခရီးသည်ကိုမယုံ ဒီလိုတွေ ဖြစ်နေတာ။ အဲ့ဒါတွေကိုလည်း လျှော့ချချင်တာ။ ကျွန်တော်တို့ ဒီအဖွဲ့ထဲက ကားတွေဆိုရင် ကားမှာ Kilo က ထုတ်ပေးထားတဲ့ ID နံပါတ်တွေ၊ ဈေးနှုန်းတွေ အကုန်ထည့်ပေးထားပါတယ်။ ခရီးသည်တွေရဲ့ လုံခြုံစိတ်ချရမှုကို ဘယ်လိုပေးသလဲဆိုတော့ ကျွန်တော်တို့ Kilo Taxi Group ထဲကိုဝင်မယ်ဆိုရင် လိုင်စင် မိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ဓာတ်ပုံနှစ်ပုံ ပေးရပါတယ်။ ဒီအချက်အလက်တွေကို ကျွန်တော်တို့ရုံးမှာ သိမ်းဆည်းထားပါတယ်။ ပစ္စည်းတစ်ခုခု ကျန်ခဲ့တယ်ဆိုရင်လည်း ယာဉ်မောင်းနောက်ဘက်မှာကပ်ထားတဲ့ Hot Line ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်။ ကျွန်တော်တို့ချက်ချင်း တုံ့ပြန်မှုပေးပါတယ်။
နောက်တစ်ခုက ယာဉ်မောင်းက ဈေးပိုတောင်းတာ၊ ခရီးသည်က ဈေးနှိမ်တာ အဲ့ဒီနှစ်ခုအကြားမှာ ပုံသေဈေးနှုန်းလေးတစ်ခုကို ဖြစ်စေချင်တာ။

Voice : မီတာတွက်ချက်တဲ့ App ကရော ဘယ်လို အလုပ်လုပ်သလဲဗျ။
KTG : ကျွန်တော်တို့သုံးတဲ့ App က ရိုးရှင်းပါတယ်။ ဥပမာ - သမိုင်းကနေ ဆူးလေကို သွားမယ်။ သူ့ဟာသူ ကားဘယ်လောက်ကျပ်ကျပ်၊ ဘယ်လောက်ပိတ်ပိတ် ခရီးသည်က စိတ်ပူစရာမလိုပါဘူး။ သွားတဲ့ခရီးအကွာအဝေး ကီလိုမီတာအပေါ်မှာပဲ ကောက်ခံသွားမှာပါ။ မြေပုံမှာ ဒီခရီးက အကွာအဝေးဘယ်လောက်ရှိတယ်ဆိုတာကို ခရီးသည်တွေဘက်ကလည်း အလွယ်တကူ တွက်ချက်လို့ရပါတယ်။

Voice : ဒီအတွက်အသုံးပြုတဲ့ App က ဘယ်က App လဲဗျ။ ပြည်တွင်းက ပညာရှင်တွေနဲ့ပဲ အပ်ထားတာလား။
KTG : ဒီ App ကတော့ အခမဲ့ရတဲ့ App တစ်ခုကိုပဲ နည်းနည်းပြန်ဆန်းသစ်ထားတာပါ။ ကုန်ကျငွေကိုလည်း တွက်ပေးပါတယ်။ ခရီးသည်လည်း မြင်သာအောင် ဖုန်းကို ထားပေးပါတယ်။ ကိုယ်သွားတဲ့ခရီးက ကီလိုဘယ်လောက်ရှိပါပြီ၊ အချိန်ဘယ်လောက်ရှိပါပြီ၊ ကုန်ကျငွေ ဘယ်လောက်ရှိပါပြီ ဆိုတာကို ပြပေးပါတယ်။

Voice : ဒီ Kilo စနစ်ကို စတင်တာကရော အချိန်ဘယ်လောက်ရှိသွားပြီလဲ။ အဖွဲ့ဝင် ကားအစီးရေရော ဘယ်လောက်ရှိပြီလဲ။
KTG : ကျွန်တော်တို့ ဒါကို တရားဝင်စတင်တာကတော့ ဧပြီ ၁ ရက်က စပါတယ်။ လက်ရှိမှာ အသင်းဝင်ယာဉ်အစီးရေ ၂၈၀ ရှိပါတယ်။ တဖြည်းဖြည်းလည်း တိုးပြီးတော့လက်ခံသွားမှာပါ။

Voice : အသင်းဝင်ဖို့အတွက်ကို အရှေ့မှာပြောခဲ့တဲ့ စာရွက်စာတမ်းတွေအပြင်ပေါ့လေ။ ဘယ်လိုသတ်မှတ်ချက်တွေ ရှိသေးသလဲဗျ။
KTG : အဲ့ဒီစာရွက်စာတမ်းတွေအပြင် တခြားတောင်းခံတာမရှိပါဘူး။ ယာဉ်မောင်းတွေဆီက တစ်ပြားမှ ကောက်ခံတာမရှိပါဘူး။ ယာဉ်မောင်းအတွက်ရော ခရီးသည်အတွက်ပါ လုံခြုံမှုရှိအောင်ပဲ စီစဉ်ထားပါတယ်။

Voice : အရင် ဆယ်နှစ်ရဲ့ အရှေ့ပိုင်းမှာလည်း အငှားယာဉ်တွေမှာ မီတာမတပ်မနေ တပ်ရမယ်၊ မီတာစနစ်နဲ့ သွားရမယ်ဆိုတာမျိုး လုပ်ခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ဘူးပေါ့လေ။ ဒီဘက်ခေတ်မှာကျတော့ ဘယ်လိုကွာသွားမလဲဗျ။
KTG : အဲ့ဒီအချိန်တွေတုန်းကတော့ ကျွန်တော်တို့ တိုင်းပြည်က ဒီလောက်မတိုးတက်ဘူးဗျ။ ဒီဘက်ခေတ်ကျတော့ နည်းပညာက မြင့်လာပြီ။ ဒီ Map တွေ ဘာတွေဆိုတာ လူတိုင်းအလွယ်တကူသုံးနိုင်လာပြီ။ အခုအချိန်မှာက လုပ်ရတာ ပိုပြီးလွယ်လာတာပေါ့။ ဟိုးတစ်ချိန်တုန်းက ခရီးအကွာအဝေး ဘယ်လောက်ရှိတယ်ဆိုတာကို လူတွေက တွက်ဖို့မလွယ်ဘူး။ အခုကတော့ ဖုန်းတစ်လုံးထဲမှာတင် အလွယ်တကူတွက်လို့ရနေပြီ။

Voice : Kilo Taxi Group အဖွဲ့ဝင်ကားတွေက ပေးတဲ့ ဝန်ဆောင်မှုတွေကရော။
KTG : အဲ့ဒီဝန်ဆောင်မှုအပိုင်းကိုတော့ ကျွန်တော်တို့က အဓိကထားပါတယ်။ ကားပေါ်တက်လိုက်တာနဲ့ လေအေးပေးစက်ဖွင့်ထားရမယ်။ တခြား Application တွေနဲ့ ဈေးနှုန်းတူခဲ့ရင်တောင် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေက သာရမယ်။

Voice : အခုသုံးနေတဲ့ App ကတော့ ပြည်ပက အခမဲ့ရတဲ့ App ပေါ့လေ။ လက်ရှိပြည်တွင်းမှာက လူငယ်နည်းပညာသမားတွေလည်း အများကြီးရှိလာပြီ။ ဒီအခါကျတော့ ဒီ မီတာတွက်ချက်တဲ့ App ကို သူတို့နဲ့ အပ်ပြီးတော့မှ ကိုယ်ပိုင်လေးဖြစ်အောင်လုပ်ဖို့ရော အစီအစဉ်ရှိသလားဗျ။
KTG : အဲ့ဒါက အစီအစဉ်ရှိပါတယ်။ အခုကတော့ ဆွေးနွေးတိုင်ပင်နေတုန်းပဲ ရှိပါသေးတယ်။ တချို့ ကမ်းလှမ်းလာတာတွေလည်းရှိတယ်။ ကျွန်တော်တို့က ကိုယ့်ဘာသာ သီးခြားသွားချင်တာကြောင့် လက်မခံပါဘူး။ ကျွန်တော်တို့က ကုမ္ပဏီဟေ့ဆိုရင် အရမ်းကိုကြောက်သွားပါပြီ။ အဲ့ဒါလေး ပြောချင်ပါတယ်။

Voice : ခုန လာပြီးချိတ်ဆက်တယ်လို့ပြောတယ်။ အစ်ကိုတို့ဘက်ကလည်း သီးခြားသွားချင်တယ်လို့ပြောတယ်။ သူတို့က ဘယ်လိုပုံစံမျိုးလာပြီးချိတ်ဆက်တာလဲဗျ။
KTG : ကျွန်တော်တို့နဲ့ အကျိုးတူပူးပေါင်းဖို့ဆိုတာမျိုး လာချိတ်ဆက်တာပါ။ ပါတနာလို့ ဆိုလိုက်ကတည်းက ကျွန်တော်တို့ဆီက ပါပြီးနာသွားတာပါပဲ။

Voice : အကျိုးတူဆိုတဲ့ကိစ္စက သူတို့က App ကို ထုတ်ပေးမယ်၊ အစ်ကိုတို့ဘက်က ကားတွေနဲ့ ယာဉ်မောင်းတွေစိုက်ပေါ့။ အကျိုးအမြတ်ကို ရာခိုင်နှုန်းဘယ်လောက်ဆိုတာမျိုးပေါ့။ ဒီလိုလား။
KTG : အင်း ဟုတ်တယ်။ အဲ့ဒီလိုပုံစံမျိုးနဲ့ သွားကို မသွားချင်ဘူး။ ကျွန်တော်တို့ယာဉ်မောင်းတွေကို စုံစမ်းပြီးပြီ။ အဲ့ဒီ ပါတနာဆိုတဲ့စကားကို ကြောက်သွားပါပြီ။ ကျွန်တော်တို့က ကုမ္ပဏီမဟုတ်ဘူး။ ငွေရှင်ကြေးရှင်လည်းမဟုတ်ဘူး။ ကျွန်တော်တို့ ချွေးနှဲစာနဲ့ ဘယ်လိုလုပ်မလဲ၊ ဘယ်လိုရပ်တည်မလဲဆိုတာ အားလုံးတိုင်ပင်ပြီးတော့ လုပ်မှာပါ။

Voice : ဒီ App ကိုသုံးပြီး မီတာနဲ့ တွက်ချက်တဲ့အခါကျတော့ နှစ်ဦးနှစ်ဖက်မျှခြေက ဘယ်လိုမျိုးရှိမလဲဗျ။
KTG : ဒီဟာကတော့ တကယ့်မြေပြင်မှာသွားတဲ့ အကွာအဝေးအတိုင်းပေးရတဲ့အတွက် မျှတတဲ့ဈေးနှုန်းပါ။ နောက်တစ်ချက်က ဒီမှာက မီးပွိုင့်ပိတ်တာ၊ ယာဉ်ကြောပိတ်တာတွေကို ထည့်မတွက်ထားပါဘူး။ ခရီးသည်က ဈေးဆင်းဝယ်တာတို့ အိမ်မှာစောင့်ရတာတို့ မပါတာတော့မဟုတ်ပါဘူး။ ဒါက GPS ကို အခြေခံတဲ့ မီတာစနစ်ဖြစ်တယ်။ အရင်ကသုံးခဲ့တဲ့ အင်ဂျင်နဲ့ချိတ်ဆက်ထားတဲ့ မီတာစနစ်မဟုတ်တဲ့အတွက် ကားရပ်ထားရင်လည်း တက်မှာမဟုတ်ပါဘူး။ ရွေ့သလောက်ပဲ တက်တာဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက်မျှတတဲ့စနစ်ဖြစ်ပါတယ်။ ဒါပေမဲ့ မီတာဆိုရင် မြန်မာပြည်မှာက ကြောက်နေကြတဲ့အတွက် ဈေးကြီးမှာပဲ များမှာပဲဆိုတာ ရှိတဲ့အတွက် Kilo ဆိုတဲ့အသုံးအနှုန်းကိုပဲ သုံးတယ်။

Voice : နောက်ဆုံးအနေနဲ့ပေါ့လေ ဒီ Kilo Taxi ကို သုံးချင်တယ်ဆိုရင်ပေါ့လေ။ လက်တားတာမျိုးအပြင် တခြားဘယ်လိုမျိုး ချိတ်ဆက်လို့ရဦးမလဲဗျ။
KTG : ကျွန်တော်တို့ ရုံးခန်းက ဖုန်းနံပါတ်တွေကို ကားတွေမှာ ကပ်ထားပေးပါတယ်။ အချိန်လေးတော့ နည်းနည်းကြိုပြီး Booking လုပ်လို့ရပါတယ်။ အဲ့ဒါက အမြဲတမ်းသုံးသွားမယ့်စနစ်တော့ မဟုတ်ဘူး။ ကားနည်းနေသေးတဲ့အတွက် ပေးတဲ့ဝန်ဆောင်မှုပါ။ ကားများလာရင်တော့ ကြိုက်တဲ့အချိန်တားလိုက် ဒီကားတွေပဲ ဖြစ်နေတဲ့အတွက် မလိုတော့ဘူးပေါ့။ လက်ရှိမှာတော့ Booking လုပ်ထားတယ်ဆိုရင်တော့ အဆင်ပြေအောင်လုပ်ပေးပါတယ်။ Hot Line ကတော့ မနက် ၈ နာရီကနေ ည ၈ နာရီအထိ ဖွင့်ထားပေးပါတယ်။

မောင်မန်း