News

POST TYPE

IT

အချက်အလက်လုံခြုံရေးအထောက်အကူပြု မိုဘိုင်းလ် App ရေးသားသည့် မောင်နေငြိမ်းထွန်းနှင့် တွေ့ဆုံခြင်း
01-May-2018


“အရင်ကထက်စာရင် ခုနောက်ပိုင်းမှာ အသစ်ဝင်လာတဲ့ နည်းပညာကုမ္ပဏီတွေကလည်း များလာတယ်”

ပြည်တွင်း၌ နည်းပညာတီထွင်မှုများကို ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များမှ ကျောင်းသားလူငယ်များက ကြိုးပမ်းဆောင်ရွက်နေကြသည်။ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားလူငယ်များက ဒေသတွင်း ပြည်သူများအတွက် အသုံးဝင်မည့် မိုဘိုင်းလ် App များ၊ Web App များနှင့် Hardware ထုတ်ကုန်များကို ဖန်တီးတီထွင်ခဲ့ကြသည်။ ယင်းတို့အနက်မှ ဖုန်းအတွင်းမှ အချက်အလက်များ၊ အပြန်အလှန်ပေးပို့သည့် မက်ဆေ့ချ်များ၏ နည်းပညာလုံခြုံရေးအကာ အကွယ်ပေးနိုင်မည့် မိုဘိုင်းလ် App ရေးသားသည့် ကွန်ပျူတာတက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသား မောင်နေငြိမ်းထွန်းနှင့်တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ရဲ့ Product Showcases မှာ ဝင်ပြီး ပြသခဲ့တဲ့ မိုဘိုင်းလ် App ရဲ့ နာမည်နဲ့ လုပ်ဆောင်ပေးနိုင်တဲ့အချက်တွေကို မေးခွန်းတချို့မေးဖို့ပါ။ ပထမဆုံးအနေနဲ့ ဒီ App ကို စတင်ရေးဆွဲဖို့ စိတ်ကူးရခဲ့တာလေး အရင်ဖြေပေးပါဗျ။
NNT : ကျွန်တော် ဒီ App လေးမို့ စိတ်ကူးရှိခဲ့တာတော့ ကြာပါပြီ။ Final year project တွေရေးထဲက ခု App လို အလားတူ Software လေးလည်း ရေးဖြစ်ခဲ့တယ်။ ခုလိုရေးဖြစ်သွားရတာကတော့ ကျွန်တော် Master Thesis လုပ်နေတုန်း ပြိုင်ပွဲတစ်ခုရှိတယ်လို့ ကျွန်တော့်ရဲ့ Supervisor က ပြောလာပါတယ်။ ပြီးတော့ ကျွန်တော့်ကို ဒီပြိုင်ပွဲကို ပါစေချင်တယ်ဆိုပြီး တိုက်တွန်းပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် လက်ရှိလုပ်နေတဲ့ Thesis ရဲ့ Theory တွေကို အခြေခံပြီး ခုလို App လေးထွက်လာအောင် ရေးနိုင်လို့ပါ။ နောက်ပြီး ဒီ App က ကျွန်တော့်ရဲ့ Thesis နဲ့ ဆက်စပ်နေပါတယ်။ ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့ ဒီ App လေးကို စပြီးရေးဖြစ်တာပါ။

Voice : ဒီ App က ဘယ်လိုလုပ်ဆောင်ချက်တွေကို လုပ်ပေးနိုင်မှာလဲဗျ။
NNT : ဒီ App ရဲ့ အဓိက ရည်ရွယ်ချက်က Mobile Data Security ပေါ့ဗျာ။ ကျွန်တော်တို့ရဲ့ Phone  တွေထဲမှာရှိတဲ့ အချက်အလက်တွေကို လုံခြုံ စွာပို့ဆောင်နိုင်အောင်ရယ်၊ လုံခြုံစွာထိန်းသိမ်းထားနိုင်အောင် အဓိက ရည်ရွယ်ထားပါတယ်ဗျ။
သူလုပ်ဆောင်နိုင်တဲ့ အချက်တွေကတော့ နှစ်ပိုင်းရှိပါတယ်။ ပထမကတော့ Embed Into Image (ပုံထဲကို သွားဝှက်ခြင်း) ဆိုတဲ့အပိုင်းပါ။ ပထမဦးဆုံး စာနှင့် အသံကို AES Encryption Algorithm သုံးပြီး Password ဖြင့် ဝှက်ထားရမှာ ဖြစ်ပါတယ်။ ရရှိလာသည့်ဝှက်စာ (Cipher Text) များကို ရွေးချယ်ထားတဲ့ဓာတ်ပုံမှာ ထည့်သွင်းပြီး လက်ခံမည့်သူထံသို့ ပို့ရမည်ဖြစ်ပါသည်။ အဲ့ဒီပုံကို လိုအပ်ရင်လည်း သိမ်းထားနိုင်ပါတယ်။ လျှို့ဝှက်စာ၊ အသံထည့်ထားတဲ့ပုံမှာ မူလပုံအတိုင်း ပြောင်းလဲမှုရှိမှာမဟုတ်ပါဘူး။ လက်ခံမယ့်သူက ဓာတ်ပုံထဲကစာ၊ အသံဖိုင်အား Password  ဖွင့်မယ်ဆိုရင် မူလစာ၊ အသံတွေကို ရမှာဖြစ်ပါတယ်။
နောက်ဆုံးအနေနှင့် စာတွေကို ပုံဖျက်ပြီးပို့တဲ့ Function တစ်ခုတည်းကိုသာအသုံးပြုပြီး ပုံဖျက်ထားသောစာတွေကို ကိုယ်ပို့လိုတဲ့သူထံသို ပို့ဆောင်ခြင်း ပြန်လည်ဖော်ယူခြင်းများကို လုပ်ဆောင်နိုင်မှာပါ။

Voice : ကိုယ့်ဆီဝင်လာတဲ့ ဒါမှမဟုတ် ကိုယ်ကပေးပို့မယ့် အချက်အလက်တွေကို ပုံဖျက်ပြီး ပေးပို့နိုင်တဲ့ သဘောပေါ့လေ။ ဒီနည်းပညာအကြောင်းကို နည်းနည်းချဲ့ပြီးပြောပေးပါဦး။
NNT : ဒီမေးခွန်းမှာတော့ နည်းပညာအကြောင်းလေးကို ကျွန်တော်အသားပေးပြီး ပြောပြချင်ပါတယ်ဗျ။ လက်ရှိ သတင်းအချင်အလက်လုံခြုံရေးအတွက် အသုံးပြုနေကြတဲ့ နည်းပညာအမျိုးမျိုးရှိပါတယ်။ အဲ့ထဲမှာ လုံခြုံရေးနည်းပညာကို လေ့လာနေသူတိုင်း သိသင့်တဲ့ အရေးကြီးတဲ့ နည်းပညာကတော့ Cryptography လို့ခေါ်ပါတယ်။ Cryptography ဆိုတာကတော့ သတင်းအချက်အလက်တွေကို တခြားသူမမြင်နိုင်အောင် ပုံဖျက်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ Cryptography ရဲ့ အဓိက လုပ်ဆောင်ပေး နိုင်တဲ့အချက်တွေကတော့ data integrity, data confidentiality, authenticity, reliability  စသဖြင့် သူက Support လုပ်ပေးနိုင်ပါတယ်။ အထက်ပါ အချက်အလက်တွေကို လုပ်ဆောင်ပေးနိုင်ရန် Cryptography မှာမတူညီတဲ့ Security Algorithm တွေ မျိုးစုံရှိကြပါတယ်။ ကျွန်တော်အခု App လေးအတွက်သုံးထားတဲ့ Algorithm ကတော့ AES (Advance Encryption Standard) ဆိုတဲ့ Algorithm ဖြစ်ပါတယ်။ One of the most secure algorithm တစ်ခုပေါ့ဗျာ။ 
နောက်ပြီး ကျွန်တော့် App အတွက် သုံးထား Technology နောက်တစ်ခုကတော့ Stegano- graphy  လို့ခေါ်ပါတယ်။ Steganography ဆိုတာကတော့ data or information တစ်ခုခုကို Cover Object  တွေထဲမှာ Embed, Extract လုပ်တဲ့ Technology ပေါ့ဗျာ။ သူ့မှာလည်း Algorithm တွေမျိုးစုံ ရှိပါတယ်။ အဲ့ထဲမှာမှ LSB (Least Significant Bit) Algorithm ကို ကျွန်တော့် App မှာ သုံးထားပါတယ်။

Voice : ဒီလုံခြုံရေးအထောက်အကူပြု App ကို အသုံးပြုမယ်ဆိုရင် ပေးပို့သူရော၊ လက်ခံသူပါ နှစ်ဖက်လုံးမှာ App ထည့်သွင်းထားဖို့လိုမှာပေါ့။
NNT : ဟုတ်ကဲ့ခင်ဗျ နှစ်ဖက်လုံးမှာ ထည့်သွင်းထားဖို့တော့လိုအပ်ပါတယ်။

Voice : ကိုယ့်ဖုန်းထဲမှာရှိတဲ့ အချက်အလက်တွေကိုရော ပုံဖျက်ပြီး သိမ်းဆည်းထားလို့ရနိုင်မလားဗျ။ အဲ့ဒီအပိုင်းလေးလည်း ရှင်းပြပေးပါဦး။
NNT : ဟုတ်ကဲ့ ရပါတယ်ခင်ဗျ။ ဒီ App က လက်ခံနိုင်တဲ့ အချက်အလက်သုံးမျိုး ရှိပါတယ်။ message(စာတို)၊ image (ဓာတ်ပုံ)၊ Audio (အသံဖိုင်) တို့ ဖြစ်ပါတယ်။

Voice : ဒီလို နည်းပညာထုတ်ကုန်တွေ ထွက်လာဖို့အတွက် ကျောင်းက ဘယ်လောက်အထိ အထောက်အပံ့ပေးခဲ့သလဲ။ Android ကို လေ့လာတဲ့အပိုင်းကိုရော ဘယ်လိုလေ့လာခဲ့သလဲ။
NNT : ဟုတ်ကဲ့ အများကြီးပံ့ပိုးပေးခဲ့တယ်။ အရင်ကထက်စာရင် အများကြီးပံ့ပိုးမှု အားကောင်းလာပါတယ်။ ကျွန်တော်တို့ လိုအပ်တဲ့ Software တွေ Download လုပ်နိုင်မို့ Internet ကျွန်တော်တို့ စမ်းသပ်နိုင်မို့အတွက် Mobile Phone တွေ နောက်ပြီး ကျွန်တော်တို့ Theory ပိုင်း လိုအပ်ချက်တွေကို Supervisor နဲ့ သက်ဆိုင်ရာ တီချယ်တွေက သေချာရှင်းပြပေးခဲ့ပါတယ်။ Android ကိုကတော့ ကျွန်တော် Third Year က Samsung က သင်ကြားပေးတဲ့ သင်တန်းမှာလေ့လာခဲ့ပါတယ်။ အဲ့နောက်ပိုင်းတော့ ကိုယ့်ဟာကိုယ် လေ့လာဖြစ်ပါတယ်။ 

Voice : ဒီ App ကကျတော့ App မှာပြဖို့ အချက်အလက်စုဆောင်းရတာမျိုးတော့ မရှိဘူးပေါ့လေ။ ဒါပေမဲ့လို့ နည်းပညာပိုင်းကိုရော ဘယ်လိုမျိုးလေ့လာခဲ့သလဲ။
NNT : ဟုတ်ကဲ့ခင်ဗျ။ အချက်အလက်စုဆောင်းတာတော့ မလုပ်ခဲ့ရပါဘူးခင်ဗျ။ ဒီ App အတွက်က Data servey မလိုအပ်ပါဘူး။ နည်းပညာပိုင်းကတော့ ကျွန်တော် Thesis အတွက် လေ့လာနေတဲ့ Theory ကိုပဲ အဓိက အသုံးချပြီးရေးထားတာဖြစ်ပါတယ်။

Voice : လက်ရှိ ပြည်တွင်းမှာ နည်းပညာသမား လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း အခြေအနေက ဘယ်လိုရှိသလဲ။
NNT : အရမ်းကောင်းတဲ့အခြေအနေတစ်ခုလိုပဲ ပြောပါရစေ။ အရင်ကထက်စာရင် ခုနောက်ပိုင်းမှာ အသစ်ဝင်လာတဲ့ နည်းပညာကုမ္ပဏီတွေကလည်း များလာတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကလည်း အရင်ကထက် သိသိသာသာများလာပါတယ်။ အဲ့အတွက်ကြောင့် IT နဲ့ သက်ဆိုင်တဲ့ အလုပ်တွေဆိုတာကလည်း အရင်ပိုပြီးပေါများလာတော့ နောက်လာမယ့် IT Young Generation တွေအတွက်တော့ အခွင့်အလမ်းကောင်းတစ်ခုလို့မြင်မိပါတယ်။

Voice : အဖွဲ့အနေနဲ့မဟုတ်ဘဲ တစ်ယောက်တည်း ဆွဲခဲ့တယ်လို့ သိရတယ်ဗျ။ အဖွဲ့လိုက်လုပ်ဆောင်တာနဲ့ တစ်ဦးချင်းလုပ်ဆောင်တဲ့နေရာမှာ ဘယ်လိုမျိုးကွဲပြားမှုတွေရှိမလဲဗျ။
NNT : ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်တစ်ယောက်တည်း ဆွဲခဲ့ပါတယ်။ ကွာခြားချက်တွေတော့ရှိပါတယ်ခင်ဗျ။ တစ်ယောက်တည်းရေးရတော့ တစ်ခုကောင်းတာက အကုန်လုံးကို မိမိစိတ်တိုင်းကျရေးနိုင်တယ် UI စဉ်းစားတဲ့အခါမှာလည်း မိမိစိတ်တိုင်းကျ ပြင်နိုင်ဆွဲနိုင်တယ်ပေါ့ဗျာ။ ဒါပေမဲ့ တစ်ယောက်တည်း ရေးရတဲ့အတွက် Creative ပိုင်းနဲ့ Work Done ပိုင်းမှာတော့ အများနဲ့ရေးသလို မစဉ်းစားနိုင် မပြီးနိုင်တော့တာ ဖြစ်ပါတယ်။ အဖွဲ့လိုက်လုပ်ဆောင်တဲ့အချိန်မှာ သဘောထားကွဲလွဲပြီး အနည်းငယ်အငြင်းအခုံရှိနိုင်တယ်ဆိုပေမယ့် ပိုပြီး Quality ကောင်းတဲ့ Product တွေထွက်လာနိုင်ပါတယ်။ အဖွဲ့လိုက်လုပ်နိုင်ရင်တော့ ပိုကောင်းတယ်လို့ ကျွန်တော်မြင်မိပါတယ်။

Voice : ကွန်ပျူတာတက္ကသိုလ်တွေက ဟိုးအရင် ၅ နှစ်ကာလနဲ့ ချိန်ထိုးကြည့်ရင် ပိုပြီးအသက်ဝင်လာတယ်လို့ ပြောနိုင်မယ်ထင်ပါတယ်။ နယ်ကျောင်းတွေက လူငယ်တွေတောင်မှ သူတို့ဖန်တီးနိုင်မှု၊ လေ့လာနိုင်မှုတွေကလည်း ပိုပြီးတက်လာတဲ့အခြေအနေမျိုးမှာရှိပါတယ်။ ဒီအနေအထားမှာကျောင်းရဲ့ ပံ့ပိုးမှုတွေက ညီလေးတို့လို ဖန်တီးမှုတွေလုပ်ကိုင်ချင်တဲ့လူငယ်တွေအတွက် ဘယ်လောက်အထိ အထောက်အပံ့ဖြစ်သလဲဗျ။
NNT : ဟုတ်ပါတယ်ခင်ဗျ။ လွန်ခဲ့တဲ့ ၅ နှစ်ကနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ ပံ့ပိုးမှုတွေက အရမ်းကို သိသာကောင်းမွန်လာတာကို တွေ့ရပါတယ်။ ဘယ်လောက်ထိ အထောက်အပံ့ဖြစ်စေလဲဆိုတော့ ကျောင်းသားလေးတွေအတွက် လုပ်ငန်းတွေမှာ ပိုပြီးရဲရဲတင်းတင်း လုပ်ကိုင်ရဲလာစေပါတယ်။ ကိုယ့်ဟာကိုယ် Confidence လည်း အများကြီးတိုးလာစေပါတယ်။ အရင်ကထက်စာရင် နောက်ပိုင်း ကွန်ပျူတာကျောင်းဆင်းကလေးတွေက ပိုပြီး Skill တွေ ကောင်းလာကြပါတယ်။

Voice : နောက်ဆုံးအနေနဲ့ ဒီ App နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ ကိုယ့်လိုပဲ ဖန်တီးတီထွင်မှုတွေလုပ်ကိုင်နေတဲ့ လူငယ်အချင်းချင်းပဲဖြစ်ဖြစ် ဘာများအကြံပြုပြောဖို့ရှိမလဲဗျ။
NNT : Practice Make Perfect ပါလို့ကို ကိုယ်တိုင် သိချင်တယ်၊ တတ်ချင်တယ်ဆို ချက်ချင်းသာ လုပ်ကြည့်လိုက်ပါလို့။ ထိုင်ပြီးဖြစ်ချင်တယ် တွေးနေရင်တော့ အချိန်ကုန်သွားတာပဲဖြစ်မှာပါ။ အဲ့တော့ တကယ်ဖြစ်ချင် တကယ်လုပ်ရင် အကုန်ဖြစ်နိုင်ပါတယ်လို့ ကျွန်တော် အကြံပြုချင်ပါတယ်ခင်ဗျ။

မောင်မန်း