News

POST TYPE

IT

ပညာရေးလောကနှင့် ပန်းသီးပဲ့လေး တစ်လုံး
31-Mar-2018


ကမ္ဘာကျော် Apple ကုမ္ပဏီကြီးက ထုတ်သည့် ကွန်ပျူတာနှင့် ပစ္စည်းတိုင်းသည် တန်ဖိုးအားဖြင့် အလွန်မြင့်မားသည်ဟု နာမည်ကျော်သည်။ သို့သော် Apple က ပညာရေးတွင် တန်ဖိုးနည်း iPad များကို ထိုးဖောက်ဝင်ရောက်ရန် နှစ်ပေါင်းများစွာကတည်းက ကြိုးစားခဲ့သည်။ ပညာရေးလောကသို့ ကွန်ပျူတာ၊ တက်ဘလလ်များသာမက ဆော့ဖ်ဝဲများကိုလည်း ထိုးဖောက်နိုင်ရန် အပြိုင်ကြိုးစားခဲ့သည်။ သူ့ပြိုင်ဘက်တွေကလည်း နှယ်နှယ်ရရတွေမဟုတ်။ Google နှင့် Microsoft လို ကုမ္ပဏီကြီးတွေ ဖြစ်နေသည်။ 

၂၀၁၈ ခုနှစ်တွင် Apple သည် ပညာရေးလောကအတွင်း ပိုပြီးထိုးဖောက်ဝင်ရောက်လာသည်။ အမေရိကန်ပြည်ထောင်စု၊ ချီကာဂို အထက်တန်းကျောင်း တစ်ကျောင်းတွင် Apple ထုတ်ကုန်တွေကို လာပြသည်။ ၂၀၁၂ ခုနှစ်ကတည်းက သုံးနေသည့် iPad တွေကို အဆင့်မြှင့်ဖို့လိုနေပြီ။ သူတို့ စီစဉ်ထားသည့် e-Book တွေကို လာပြီးသရုပ်ပြသည်။ ကာလီဖိုးနီးယားတွင်လည်း သူတို့ခြေဆန့်ပြီး ပြပွဲတွေလုပ်နေသည်။

ချီကာဂိုတွင် Apple က သူတို့ကုမ္ပဏီထုတ် ဈေးအသက်သာဆုံး iPad ကို ပွဲထုတ်သည်။ ထို iPad သည် ကလေးတွေအတွက်သာမက မိဘတွေအတွက်လည်း အဆင်ပြေသည်။ ထို့ကြောင့် တစ်လုံးရှိထားလျှင် မိသားစုအားလုံး အဆင်ပြေနိုင်သည့် သဘောဖြစ်သည်။ သူတို့တီထွင်ထားသည့် ဆော့ဖ်ဝဲတွေကလည်း စိတ်ဝင်စားစရာတွေ ဖြစ်နေသည်။

Apple ကုမ္ပဏီ၏ ဖခင်ကြီးသဖွယ်ဖြစ်သည့် စတိဂျော့ကိုယ်တိုင်က မူလကတည်းက Apple ကွန်ပျူတာများကို တီထွင်ရာတွင် ကျောင်းများအတွက် ဦးစားပေးသုံးစွဲနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ သို့သော် Apple ကွန်ပျူတာတွေက အရည်အသွေးကို ထိန်းလွန်းခြင်းကြောင့် ဈေးကိုမချနိုင်သဖြင့် Google နှင့် Microsoft တို့က တန်ဖိုးနည်း ကွန်ပျူတာ၊ လက်ပ်တော့တွေကို ပညာရေးလောကအတွင်း ဝင်တိုးပြီး ဈေးကွက်ကို ခွဲဝေယူသွားသည်။ ပစ္စည်းသုံးလျှင် ဆော့ဖ်ဝဲတွေလည်း ပါကုန်သဖြင့် Apple က ပညာရေးအတွက် တီထွင်ထားသည့် ဆော့ဖ်ဝဲတွေလည်း အသုံးကျလာရသည်။ 

Apple ကုမ္ပဏီအနေနှင့် မိုဘိုင်းလ်ကွန်ပျူတာလောကတွင် အမေရိကန်ကျောင်းများအပေါ် သူငယ်တန်းမှသည် အထက်တန်းအဆင့်အထိ ၁၇ ရာခိုင်နှုန်းလောက်သာ လွှမ်းမိုးနိုင်တော့သည်။ ၂၀၁၇ ခုနှစ်က ကမ္ဘာ့နည်းပညာနှင့် ပညာရေးရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၁၇ ဒသမ ၇ ဘီလီယံရှိကြောင်း Frost & Sullivan သုတေသနဌာနက ထုတ်ပြန်ထားသဖြင့် Apple ၏ ဈေးကွက်ရရှိမှုကို ခန့်မှန်းနိုင်သည်။ ပညာရေးဈေးကွက်တွင် Google ၏ Chromebooks နှင့် Android တက်ဘလက်များက ၆၀ ရာခိုင်နှုန်း နေရာရထားသည်။ Windows PC များက ၂၂ ရာခိုင်နှုန်း နေရာရသည်။ Apple ၏ Mac နှင့် iPad များက ၂၀ ရာခိုင်နှုန်းပင် နေရာမရဖြစ်နေခဲ့သည်။

Apple ထုတ် MacBook Air တစ်လုံးသည် ဒေါ်လာ ၁၀၀၀ ခန့်ရှိသည်။ ၂၀၁၀ ပြည့်နှစ်ကတည်းက ထုတ်လာသည့် MacBook Air သည် ပါးသည်ထက် ပါးသည်သာရှိပြီး ပြောင်းလဲမှု သိပ်မရှိပေ။ လူတိုင်းကြိုက်သော်လည်း မကပ်နိုင်သည့် အနေအထားတွင် ရှိနေသည်။ ၂၀၁၀ ပြည့်နှစ်လောက်တွင်ပင် iPad တွေလည်း ထွက်လာသည်။ ထိုတက်ဘလက်တွေကလည်း ကောင်းပြီး ကျောင်းသားတိုင်း မကိုင်နိုင်ဖြစ်နေသည်။ 

ပညာရေးဈေးကွက်တွင် နည်းပညာပစ္စည်းများကို သုံးစွဲမှုတွင် Apple က အခြားပစ္စည်းများကို မယှဉ်နိုင်သေးသည့် အနေအထားတွင် ရှိနေသည်။ IDC အဖွဲ့၏ ခန့်မှန်းချက်အရ Apple သည် ၂၀၁၇ ခုနှစ်တွင် ပညာရေးလောကအတွင်း ၇ ရာခိုင်နှုန်းပင် ရောင်းအားကျဆင်းသွားကြောင်း သိရသည်။ သို့သော် ပညာရေးနယ်ပယ်မှအပ အခြားနယ်ပယ်များတွင် Apple ပစ္စည်းတွေက ရောင်းအား ၃ ရာခိုင်နှုန်းတက်ခဲ့သည်။ 

Apple က ယခုအခါ ပညာရေးအတွက် ပစ္စည်းကိုမပြိုင်တော့ဘဲ ကစားကွက်ပြောင်းကာ ဆော့ဖ်ဝဲတွေကိုတီထွင်ပြီး ကျောင်းသုံးအတွက် ထုတ်နေသည်။ iTunes U ဆော့ဖ်ဝဲဆိုလျှင် ဆရာများနှင့် ကျောင်းသားများ အပြန်အလှန် အိမ်စာပေးရန်အတွက် အသုံးတည့်သည်။ ကျောင်းသင်ခန်းစာတွေကို အွန်လိုင်းကတစ်ဆင့် လှမ်းပေးနိုင်ရန် စီစဉ်ထားသည်။ ကျောင်းသား တွေကလည်း ဆရာပေးလိုက်သည့် အိမ်စာတွေကို ကွန်ပျူတာကလုပ်ပြီး ဆရာထံပြန်ပို့လိုက်နိုင်သည်။ စစ်ဆေးခြင်းတွေကိုလည်း ကွန်ပျူတာနှင့် အလိုလိုလုပ်နိုင်သည်။ Swift Playgrounds ဆိုသည့် ဆော့ဖ်ဝဲဆိုလျှင် ကျောင်းတွင်သင်ကြားသည့် သင်ရိုးညွှန်းတမ်းအားလုံးကို ထည့်သွင်းထားသည်။ ကျောင်းသုံးပြဋ္ဌာန်းချက် စာအုပ်အားလုံးကိုလည်း e-Book များနှင့် ဖတ်နိုင်စေရန် လုပ်ပေးထားသည့် Apple ၏ အွန်လိုင်းစတိုးတွင် အလွယ်တကူ ဝယ်ယူနိုင်ရန် စီစဉ်ပေးထားသည်။

Apple ကုမ္ပဏီအနေဖြင့် ပညာရေးတွင် ဟာ့ဒ်ဝဲနှင့် မပြိုင်တော့။ လက်ပ်တော့၊ တက်ဘလက် စသည်တို့မှာ စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်တစ်ခု ဖြစ်လာသည်။ သူ့ကို ကောင်းကောင်းဈေးပေးနိုင်လျှင် ဝယ်သုံးရုံသာဖြစ်သည်။ သို့သော် ဆော့ဖ်ဝဲတွေကိုတော့ နယ်ပယ်စုံသုံးနိုင်စေရန် စီစဉ်ပေးလာသည်။ iBook ဆော့ဖ်ဝဲတွေကိုလည်း ထုတ်ထားသည်။ Apple ပစ္စည်းမသုံးသူတွေပါ အသုံးပြုနိုင်စေရန်ဖြစ်သည်။ 

Apple က ယခုအခါ အမေရိကန်ပြည်ထောင်စုအတွင်းရှိ ကျောင်းများသို့လှည့်လည်ပြီး ကြော်ငြာနေသည်မှာ ဟာ့ဒ်ဝဲတွေမဟုတ်။ ဆော့ဖ်ဝဲတွေဖြစ်နေပြီး ဆရာနှင့်ကျောင်းသားများ စိတ်ကူးသစ်များပေါ်ထွန်းရေးနှင့် တီထွင်အားကောင်းလာစေရေးဟု ဆိုထားသည်။ သူတို့ဆော့ဖ်ဝဲတွေကိုလည်း တောက်လျှောက် အွန်လိုင်းပေါ်တွင် နမူနာပြနေပြီး ပညာရေးအတွက် မည်မျှအသုံးဝင်ကြောင်းကို ကြော်ငြာနေသည်။

Apple Website တွင် Apple Distinguished School ဆိုသည့် စာမျက်နှာတစ်ခု ဖွင့်ထားပေးပြီး ပညာရေးအတွက် သူတို့မည်မျှ ကြိုးစားလုပ်ဆောင်နေကြောင်းကို ပြသထားသည်။ 

သို့သော် Apple သည် ၂၀၁၃ ခုနှစ်ကတည်းက ပြည်နယ်စီမံချက်များဖြင့် iPadများကို ဒေါ်လာ သန်း ၃၀ ခန့် လော့စ်အိန်ဂျလိစ်တွင် ရောင်းချပေးခဲ့သည်။ ကျောင်းသားတိုင်း iPad ကိုင်နိုင်ရေးအစီအစဉ်ဖြင့် ပွပေါက်တိုးသွားခြင်းဖြစ်သည်။ ယခုအစိုးရခေတ်တွင်တော့ ထိုပရောဂျက်မျိုးရရန်မမြင်။ ကျောင်းသားတိုင်းသုံးလာလျှင် ၁ ဒသမ ၃ ဘီလီယံဖိုးခန့် ရောင်းချရမည့် စီမံကိန်းမှာ မဖြစ်နိုင်တော့ပေ။ 

ပန်းသီးပဲ့လေးတစ်လုံးက ပညာရေးလောကထဲ ဝင်လာသည်။ ပဲ့သော်လည်း ဈေးကကြီးပြီး တန်ဖိုးက တင်းထားသည်။ မည်မျှ တင်းထားနိုင်ပါမည်နည်း။

E-01
(Ref: Japan News)


  • VIA