News

POST TYPE

IT

Game Cast Network မှ Caster ကိုထက်ရှိုင်းအောင် (Shine Layz) ကို တွေ့ဆုံခြင်း
20-Mar-2018


“ဒါက ပိုက်ဆံအများကြီးရနေတာမှ မဟုတ်တာ။ အခုအချိန်အထိတော့ အိမ်နဲ့တိုက်ပွဲဝင်နေရတုန်းပဲ”

ပြည်တွင်း၌ အွန်လိုင်းဂိမ်းများကို စိတ်ပါဝင်စားသည့်လူငယ်များ များပြားလာသလို e-Sport Player အဖြစ် ရပ်တည်နိုင်ရန်အတွက် ကြိုးပမ်းနေကြသည့်အသင်းများနှင့် ကစားသမားများလည်း အများအပြားပင်ဖြစ်သည်။ ယင်းအပြင် ပြည်တွင်းပြည်ပဂိမ်းပြိုင်ပွဲများကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေသည့် Game Caster များလည်း ရှိလာပြီဖြစ်သည်။ ကစားသမားအဖြစ် ရပ်တည်ရန်ပင် ခက်ခဲနေသည့် အခြေအနေတွင် ဂိမ်းပြိုင်ပွဲတင်ဆက်သူ (Game Caster) အနေနှင့် ရပ်တည်နိုင်ရန်အတွက်မူ များစွာအခက်အခဲရှိနေဆဲဖြစ်သည်။ ပြည်တွင်း ဂိမ်းတင်ဆက်သူများအနက်မှာ  Game Cast Network မှ Caster ကိုထက်ရှိုင်းအောင် (Shinelayz) ကို တွေ့ဆုံပြီး Game Caster များ၏ ဖြတ်သန်းမှုများအကြောင်း မေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : မင်္ဂလာပါဗျ။ ဒီနေ့ Navi နဲ့ Fnatic ပွဲကတော့ တကယ့်အလှည့်အပြောင်းပဲနော်။ ဒီပွဲအတွက် Casting  လုပ်နေရင်း နောက်ဆုံးအလှည့်အပြောင်းတစ်ခုမှာ ဘယ်လိုခံစားလိုက်ရလဲဗျ။
Shinelayz : ဟုတ်တယ်။ ထင်တော့မထင်ဘူး။ Navi ဘက်က လမ်းသုံးလမ်းစလုံး Mega ဖြစ်နေပြီ။ ဒီအခြေအနေမှာ နောက်ဆုံးတစ်ကြိမ်အခွင့်အရေးမှာ အပြီးတက်သွားတာက အဖြစ်သင့်ဆုံးပဲ။ Fnatic ဘက် မှာလည်း Buy Back နှစ်ကောင်ရှိတယ်။ ဒါပေမဲ့ သူတို့က မထုတ်ဘူး။ မလုပ်လောက်ဘူး ထင်လို့ပေါ့။ အလယ်လမ်းမှာ Mega လောက်ပဲယူပြီး ပြန်သွားမယ်ထင်တာ။ သူတို့နောက်ဆုံး Do or Die လုပ်သွားတာ။ Fnatic ဘက်က Buy Back နှမြောတာလည်း ပါတာပေါ့။ စိတ်လှုပ်ရှားမှုကတော့ သူတို့တကယ်ကြီးလုပ်နေတဲ့အချိန်မှာ ကြောင်သွားတယ်။ နောက်ဆုံးကျတော့မှ Navi နိုင်ပြီဆိုတာကို ထအော်လိုက်တာ။

Voice : အဲ့ဒီတော့ ဒီဂိမ်းပြိုင်ပွဲတွေကို Casting လုပ်ရတာ တကယ့်ကို စိတ်လှုပ်ရှားစရာတွေ ရှိတယ်ပေါ့။ ဒီလိုမျိုး Casting လုပ်တဲ့သူတွေထဲမှာ GCN က ပထမဆုံးပဲလား။
Shinelayz : အဖွဲ့လိုက်အနေနဲ့ဆိုရင်တော့ ပထမဆုံးလို့ ပြောလို့ရတယ်။ အရင်ကဆိုရင်တော့ Myanmar Gaming Festivals မှာတော့ Casting လုပ်ဖူးတဲ့ အစ်ကိုတွေရှိတယ်။ နောက်ပိုင်း ပွဲအကြာကြီးပြတဲ့သူ၊ နိုင်ငံခြားပွဲတွေကိုပြပြီး Casting လုပ်ပေးတဲ့သူလည်း မရှိဘူး။ အဖွဲ့အစည်းအနေနဲ့ လုပ်တာဆိုရင်တော့ GCN က ပထမဆုံးလို့ ပြောလို့ရတယ်။

Voice : ဒီလိုဆိုရင် ဒီအလုပ်ကို အသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ့ဆိုရင်ရော ဘယ်လိုမျိုးသွားလို့ရမလဲ။
Shinelayz : အခု ကျွန်တော်တို့ GCN က ပွဲတွေလုပ်တယ်ပေါ့။ အဲ့ဒီက စပွန်ဆာတွေကနေ ဝင်ငွေတစ်ခု ရမယ်ပေါ့။ အခုတော့ ကြော်ငြာတွေဘာတွေ မလာသေးဘူး။ နောက်ပိုင်း အဲ့ဒီကနေလည်း ဝင်ငွေတစ်ခုတော့ ဖြစ်လာနိုင်တာပေါ့။ အခုကတော့ နိုင်ငံခြားပွဲတွေကို Casting လုပ်ပေးနေတာပေါ့။ တကယ်က ကိုယ့်ဟာကိုယ် ပွဲတွေစီစဉ်ပေးနိုင်တယ်ဆိုရင်တော့ အသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ့ ရပ်တည်သွားလို့ရပါတယ်။

Voice : ပြိုင်ပွဲတွေ ကိုယ့်ဟာကိုယ် စီစဉ်နိုင်ဖို့ကျတော့ရော ဘယ်လိုအခက်အခဲတွေရှိမလဲ။
Shinelayz : ပြိုင်ပွဲတစ်ပွဲလုပ်ဖို့ဆိုတာက စပွန်ဆာရှာရတာခက်ခဲတယ်။ ပြည်တွင်းပြိုင်ပွဲတစ်ပွဲ လုပ်ဖို့ဆိုတာ ကုန်ကျစရိတ်ကလည်းရှိတယ်။ ပြီးတော့ အကျိုးအမြတ်ဆိုတာက အဲ့ဒီလောက်ကြီးရတာမဟုတ်ဘူး။ လွယ်တော့မလွယ်ဘူး။

Voice : အဲဒီတော့ နိုင်ငံတကာပွဲတွေကိုပဲ အဓိကထားနေရတဲ့သဘော ဖြစ်နေတာပေါ့။
Shinelayz : ဒီကကြည့်တဲ့သူ တော်တော်များများကလည်း နိုင်ငံတကာပွဲတွေကို သဘောကျတယ်ဆိုတော့ အဲ့ဒါတွေ ပြပေးတာပေါ့။ ဒါပေမဲ့ ရေရှည်အတွက်ဆိုရင်တော့ ကိုယ့်ဟာကိုယ် ပွဲလုပ်၊ ကိုယ့်ဟာကိုယ် Casting လုပ်တာက ပိုပြီးမှန်ကန်တဲ့လမ်းကြောင်းလို့ မြင်ပါတယ်။

Voice : ဒီနေရာမှာ Dota 2 ပွဲ တစ်ပွဲက ဘောလုံးပွဲနဲ့ မတူညီတာပေါ့လေ။ ဘောလုံးပွဲဆိုရင် ကြည့်နေတဲ့သူက ဘာလုပ်လိုက်တယ်၊ ဘာဖြစ်သွားတယ်ဆိုတာကို သိတာပေါ့။ Dota 2 မှာကျတော့ အဲ့ဒီနေရာမှာ Caster က တော်တော်ကို အရေးပါတဲ့အနေအထားပေါ့။ သာမန်လူတစ်ယောက်အနေနဲ့ဆိုရင် ရုတ်တရက် မမြင်သာတဲ့ အနေအထားရှိတာပေါ့။ အဲ့ဒီနှစ်ခုက ဘယ်လိုမျိုး ကွဲပြားတဲ့ပုံစံရှိမလဲ။
Shinelayz : ပွဲတွေကို စပြီး Casting လုပ်တုန်းကလည်း အဲ့ဒီပြဿနာဖြစ်တယ်။ ဒီပွဲကို ဘယ်လိုပြောရမလဲပေါ့။ မြင်နေတာကြီးအကုန်လုံး ထိုင်ပြောနေတော့လည်း ဒါက ဘောလုံးပွဲမှမဟုတ်တာ။ Dota ပွဲကတော့ ပိုပြီးတော့ ကျယ်ပြန့်တာပေါ့။ Map ကလည်း အကျယ်ကြီး၊ Item တွေကလည်း အများကြီးဆိုတော့ အဲ့ဒီမှာ ဘယ် Hero က ဘယ် Item သွားတာ ဘာကြောင့်ဆိုတာကို ကိုယ်သိသလောက် ရှင်းပြရတာပေါ့။ ဘာလုပ်ချင်လို့ တစ်ဖက်အသင်းက ဘယ် Hero ကိုင်ထားလို့၊ ဒီ Hero ကိုင်လိုက်တာက ပြိုင်ဘက်ရဲ့ ဘယ် Hero ကို ကောင်တာပြန်ထောက်ထားချင်လို့ဆိုတာ ရှင်းပြရတယ်။ အဆင့်မြင့်တဲ့ ကစားသမားတွေကတော့ သိနိုင်ပေမယ့် သာမန်ပဲ ဆော့နေတဲ့သူတွေကျတော့ မသိနိုင်ဘူး။ အဲ့တော့ ကိုယ်သိသလောက် ပြန်ပြောပြရတာပေါ့။ အဲ့ဒါကတော့ Dota 2 Caster တွေရဲ့ ကွဲပြားချက်ပေါ့။

Voice : အဲ့ဒီလို ပြောပြပေးတာလေးတွေက ခုမှ စဆော့မယ့်သူတွေအတွက်ကျတော့ ဘယ်လောက်အထောက်အပံ့ဖြစ်မလဲဗျ။
Shinelayz : အဲ့ဒါကျတော့ အခုမှ စဆော့တဲ့သူတွေအနေနဲ့တော့ တချို့ လာပြောတာတွေရှိတယ်။ ကျေးဇူးတင်တယ်ပေါ့။ ဒါတော့ မသိဘူးပေါ့။ သူတို့ဟာသူတို့ လာမေးတာတွေလည်း ရှိတယ်။ ကိုယ့်ဘက်ကတော့ အတတ်နိုင်ဆုံး ပြောပြပေးတာပါပဲ။ သိပြီးသား Player တွေကျတော့လည်း ဝင်ကြည့်တာနည်းပါတယ်။ တချို့ကျတော့လည်း ဖျော်ဖြေရေးအနေနဲ့ပဲဖြစ်ဖြစ်၊ လေ့လာဖို့အတွက်ပဲဖြစ်ဖြစ် ကြည့်ကြတယ်။

Voice : GCN ရယ်လို့ ဖြစ်လာတဲ့အကြောင်းအရင်းလေးတွေ ပြန်ပြောပြပေးပါဦး။
Shinelayz : ကျွန်တော်က အရင် ဂိမ်းဆိုင်မှာ ဂိမ်းဆော့တယ်။ ပြီးတော့ ကျွန်တော်က အသံနည်းနည်းကျယ်တယ်ဗျ။ ဂိမ်းဆော့ရင် ကျယ်ကျယ်နဲ့။ အဲ့ဒီလိုမျိုး။ နည်းနည်းလေး ဆော့တာကြာလာတော့ ဆိုင်ပိုင်ရှင် အခု GCN ရဲ့ Founder ပေါ့။ သူတို့က မြန်မာနိုင်ငံမှာ ဒီလို Broadcasting Channel လုပ်ချင်တယ်။ မင်းကလည်း အသံ ကျယ်ကျယ် ကျယ်ကျယ် ရှိတယ်ဆိုတော့ မင်းစမ်းကြည့်ပါလားဆိုပြီးတော့ အဲ့ဒီကနေဖြစ်လာတာ။

Voice : စစချင်းမှာရော ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရလဲဗျ။
Shinelayz : အခက်အခဲဆိုရင် ပထမတော့ အင်တာနက်ပေါ့။ နောက်တော့ ဗီဒီယိုကြီးက မကောင်းဘူး။ ဝါးနေတယ်။ အဲ့ဒီတုန်းက ကြည့်ခဲ့ရတဲ့သူတွေ သိမှာပေါ့။ ၂၀၁၆ ဩဂုတ်မှာ။ တခြားအခက်အခဲဆိုရင်တော့ ဘယ်လို Cast ရမှန်းမသိတာပေါ့။ အရှေ့မှာ အတုယူရမယ့်သူလည်း မရှိဘူး။ နောက်တော့ နိုင်ငံခြား Caster တွေပြောတာ နားထောင်ကြည့်တော့လည်း သူတို့ အင်္ဂလိပ်လိုပြောတာကို မြန်မာလိုပြန်ပြောဖို့က အဆင်မပြေဘူး။ ပုံစံမျိုးစုံ ပြောကြည့်တယ်။ ပထမတော့ ဘောလုံးပွဲလိုပြောတယ်။ အဲ့ဒီကနေ စကားပြောတဲ့ပုံစံမျိုး ပြောကြည့်တယ်။ အဲ့ဒါကတော့ မဆိုးဘူးပေါ့။ လုပ်ရင်းနဲ့ ပုံစံလေးတစ်ခုကို တွေ့သွားတာပေါ့။ အခုကတော့ ကျွန်တော်တို့ကို အင်တာနက်က AGB က စပွန်ဆာပေးထားတယ်။ 100MB လိုင်းဆိုတော့ အင်တာနက်အတွက် စိတ်ပူစရာမလိုတော့ဘူး။

Voice : လက်ရှိဖြတ်သန်းလာတဲ့ ၂ နှစ်အတွင်းမှာ ပွဲပေါင်း ဘယ်လောက်လောက် Cast လုပ်ပြီးပြီလဲဗျ။
Shinelayz : Live လွှင့်ခဲ့တဲ့ပွဲပေါင်းပဲ တော်တော်တော့များပြီ။ လွန်ခဲ့တစ်နှစ် မတိုင်ခင်ကတောင် ပွဲပေါင်း ၅၀၀၀ ကျော်ရှိတယ်။ ခုဆို ကျိန်းသေတာက ပွဲတစ်သောင်းကျော်ရှိပြီ။

Voice : ဝိုး။ ဂိမ်းပွဲ တစ်သောင်းကျော်ဆိုတာ နည်းတာမှ မဟုတ်တာ။ တကယ့်ကို ကြိုးစားထားရတာပဲ။ ပြည်တွင်းမှာကျတော့ ကိုယ်တိုင်ပွဲစီစဉ်မှပဲ ဖြစ်မယ်ဆိုတဲ့ အနေအထားဆိုတော့ Caster တွေအတွက် ဘယ်လိုအခက်အခဲ ဖြစ်စေလဲဗျ။
Shinelayz : အဓိကကတော့ စပွန်ဆာမရှိတာပေါ့။ နောက်ပိုင်း ဒီဂိမ်းဘက်ကို စိတ်ဝင်စားလာတဲ့ စီးပွားရေးသမားတွေ များလာရင်တော့ အဆင်ပြေသွားမှာပေါ့။ အခုကတော့ ပြိုင်ပွဲတစ်ပွဲဖြစ်ဖို့ ခက်နေသေးတယ်။

Voice : ဆိုးဆိုးရွားရွား ဝေဖန်တိုက်ခိုက်ခံရတာဆိုရင်ရော ဘာတွေရှိမလဲဗျ။
Shinelayz : စစချင်းက ကိုယ့် Profile ကနေပဲ လွှင့်ဖြစ်တာဗျ။ အဲ့ဒီကနေမှ GCN ဆိုတဲ့ Page လုပ်ပြီး လွှင့်ဖြစ်တာ။ ဘာတွေပြောနေတာလဲတို့ ဘာတို့ ဝေဖန်ကြတယ်။ ဆဲတာတွေပါ ပါလာတာ။ အဲ့ဒီတုန်းကတော့ တော်တော်စိတ်ဓာတ်ကျတယ်။ အခုကျတော့လည်း အရေထူသွားပါပြီ။ လက်ခံတဲ့သူလည်းရှိသလို လက်မခံတဲ့သူလည်းရှိပါတယ်။ ကိုယ့်ဘက်ကတော့ ကြိုးစားနေတုန်းပါပဲ။

Voice : ကျိန်းသေတာကတော့ တော်လှန်ရေးပဲဆိုပါတော့။ ဒီဘက်ဂိမ်းနဲ့ပတ်သက်တဲ့ အသိုင်းအဝိုင်းကသူတွေကို မေးတိုင်း ထည့်မေးဖြစ်တာလေးပါ။ အိမ်နဲ့တော့ တော်တော်လေး တော်လှန်ရေးလုပ်ခဲ့ရမှာပေါ့။
Shinelayz : အိမ်နဲ့ကတော့ တော်လှန်ရတာပဲ။ အရင်ကဆိုရင် အိမ်က ၉ နာရီဆိုပြန်ရတယ်။ ဒီ Caster လုပ်တော့ ညပွဲတွေများတယ်။ အဲ့တော့ ၉ နာရီ အိမ်ပြန်လို့ မရတော့ဘူး။ အဲ့ဒီမှာတင် တော်လှန်ရေးကစရတာ။ တစ်ဖက်မှာက ကျောင်းကတော့တက်တယ်။ နောက်ဆုံးနှစ်ရောက်ပြီ။ အိမ်ကတော့ မင်း ဒါပဲလုပ်နေတော့မှာလားဆိုတာ အမြဲတမ်းတော့ မေးတယ်။ ဘာလို့လဲဆိုတော့ ဒါက ပိုက်ဆံအများကြီးရနေတာမှ မဟုတ်တာ။ အခုအချိန်အထိတော့ အိမ်နဲ့တိုက်ပွဲဝင်နေရတုန်းပဲ။

Voice : ဒီဂိမ်း Casting လုပ်တဲ့ အသိုင်းအဝိုင်းနယ်ပယ်လေး ပိုပြီး အောင်မြင်လာဖို့၊ လူသိများလာဖို့၊ ရပ်တည်လာနိုင်ဖို့အတွက်ရော ဘာပြောချင်လဲဗျ။ ဘာတွေလုပ်ဖို့ လိုအပ်မလဲ။
Shinelayz : တခြား ဂိမ်း Caster တွေလည်း ထပ်ပြီး ပေါ်လာစေချင်သေးတယ်။ အကုန်လုံးဝိုင်းပြီးတော့ တွန်းပင့်လိုက်မှ ဒါက နေရာတစ်ခုကို ရောက်လာမှာလေ။ တချို့ Casting လုပ်နေတာတွေလည်း သိပ်ပြီးတော့ အဆင်မပြေသေးတာတွေ တွေ့ရတယ်။ အဲ့ဒါတွေလည်း ပိုပြီးတော့ အဆင်ပြေလာစေချင်တယ်။ Professional ပိုဆန်စေချင်တယ်။

မောင်မန်း