News

POST TYPE

IT

တရုတ်နည်းပညာထုတ်ကုန်များအပေါ် အခွန်ချမှတ်ရန် ထရမ့်အစိုးရ စဉ်းစားလျက်ရှိ
15-Mar-2018



ဝါရှင်တန်ဒီစီ၊ မတ် ၁၄

တရုတ်နိုင်ငံမှ တင်ပို့သောနည်းပညာနှင့် တယ်လီဖုန်းဆက်သွယ်ရေးဆိုင်ရာ သွင်းကုန်များအပေါ် အခွန်တိုးမြှင့်သတ်မှတ်ရန် ဒေါ်နယ်ထရမ့် အစိုးရက စဉ်းစားလျက်ရှိသည်ဟု DW သတင်းတွင်ဖော်ပြထားသည်။

တရုတ်မှ တင်သွင်းသော ကုန်စည်များအပေါ် တစ်နှစ်လျှင် ဒေါ်လာ ၃၀ ဘီလီယံ အခွန်ကောက်မည့် အစီအစဉ်ကို ကုန်သွယ်ရေးဌာန တာဝန်ရှိသူက သမ္မတထရမ့်ထံ ယခင်အပတ်က တင်ပြခဲ့ရာ သမ္မတထရမ့်က ပမာဏတိုးမြှင့်ရန် တောင်းဆိုခဲ့သည်ဟု သတင်းများက ဆိုသည်။

တရုတ်သွင်းကုန်များအပေါ် တစ်နှစ်လျှင် ဒေါ်လာ ၆၀ ဘီလီယံအထိ အခွန်ချမှတ်သွားမည်ဖြစ်ပြီး မကြာမီအတွင်း စတင်ကျင့်သုံးမည်ဖြစ်ကာ နည်းပညာ ဆိုင်ရာမဟုတ်သော ကုန်စည်များလည်း ပါဝင်သည်ဟု ရိုက်တာသတင်းများအရ သိရှိရသည်။

အသိပညာမူပိုင်ခွင့် ချိုးဖောက်ခိုးယူမှုများ ရှိနေသည်ဟု စွပ်စွဲမှုများ ဖြစ်ပေါ်နေချိန်တွင် တရုတ်ကုမ္ပဏီများအပေါ် ပစ်မှတ်ထားသည့် အမေရိကန်အစိုးရ၏ အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ခွင့်ရရန်အတွက် အမေရိကန်ကုမ္ပဏီများက နည်းပညာများ စွန့်လွှတ်ပေးခဲ့ရခြင်းကြောင့် တရုတ်နည်း ပညာကုမ္ပဏီများကို ပြစ်ဒဏ်ပေးခြင်း ဖြစ်ဖွယ်ရှိသည်။

တရုတ်တို့၏ အသိပညာဆိုင်ရာ မူပိုင်ခွင့် ချိုးဖောက်မှုများကို တုံ့ပြန်ရန် သမ္မတထရမ့်က စိတ်အားထက်သန်နေသည်ဟု အိမ်ဖြူတော် အခွန်နည်းလမ်းများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ကီဗင်ဘရက်ဒီက ပြောကြားသည်။

ထရမ့်၏အခွန်ချမှတ်မှု အစီအစဉ်ကြောင့် တရုတ်နိုင်ငံဘက်မှ လက်တုံ့ပြန်နိုင်ခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုအချို့ ထွက်ပေါ်နေသဖြင့် အင်္ဂါနေ့ကဥရောပနှင့် အမေရိကန် စတော့ရှယ်ယာဈေးနှုန်းများ ကျဆင်းသွားခဲ့သည်။

ယခင်အပတ်က သံမဏိနှင့် အလူမီနီယမ် သွင်းကုန်များအပေါ် ထရမ့်အစိုးရက အခွန်ချမှတ်မှုသည် သွင်းကုန်၊ ထုတ်ကုန်ကဏ္ဍအပေါ် သိသိသာသာသက်ရောက်မှု မရှိဟု ယူဆကြသော်လည်း အထူးသဖြင့် တရုတ်နည်းပညာကဏ္ဍ ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်မှုမှာမူ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပေါ်လာစေနိုင်သည်။

လောလောဆယ်တွင် တရုတ်နိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်ရာတွင် ဒေါ်လာ ၃၇၅ ဘီလီယံပိုငွေပြကာ အသာစီးရနေသည်။ သမ္မတရှီကျင့်ဖျင်၏ စီးပွားရေးအကြံပေးအား ထိုပမာဏကို လျှော့ချနိုင်မည့် အစီအစဉ်နှင့် အတူလာရောက်ရန် အိမ်ဖြူတော်က တိုက်တွန်းထားသည်။

ကိုယ်ကျိုးစီးပွား ကာကွယ်ရေးအစီအစဉ်ဖြင့် မဲဆွယ်ကာ ရွေးကောက်ပွဲအနိုင်ရလာခဲ့သော သမ္မတထရမ့်သည် မနှစ်က ပစိဖိတ် ၁၄ နိုင်ငံကုန်သွယ်ရေးသဘော တူညီချက် TPP မှ နုတ်ထွက်ခဲ့ပြီးနောက် မြောက်အမေရိကလွတ်လပ်စွာကုန်သွယ် ရေးသဘောတူညီချက် NAFTA ကိုလည်း ကနေဒါ၊ မက္ကဆီကိုတို့နှင့် ပြန်လည်ညှိနှိုင်းလျက်ရှိသည်။  

F-04

  • VIA