News

POST TYPE

IT

စက်ရုပ်စမ်းသပ်တည်ဆောက်နေသည့် ကျောင်းသားများနှင့် တွေ့ဆုံခြင်း
13-Mar-2018


“လိုအပ်တဲ့ပစ္စည်းတွေက ဈေးကြီးတဲ့အပြင် ကျောင်းတွေမှာလည်း လိုအပ်တဲ့ကိရိယာတွေ အလုံအလောက်မရှိတာမျိုးတွေ ကြုံတွေ့ရတယ်ဗျ”

ပြည်တွင်း၌ နည်းပညာတီထွင်မှုများကို ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များမှ ကျောင်းသားလူငယ်များက ကြိုးပမ်းဆောင်ရွက်နေကြသည်။ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားလူငယ်များက ဒေသတွင်း ပြည်သူများအတွက် အသုံးဝင်မည့် မိုဘိုင်းလ် App များ၊ Web App များ နှင့် Hardware ထုတ်ကုန်များကို ဖန်တီးတီထွင်ခဲ့ကြသည်။ ယင်းအပြင် စက်ရုပ်နည်းပညာများကိုလည်း တီထွင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြသည်။ ယင်းတို့အနက်မှ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပမည့် University Mecha Fight ပြိုင်ပွဲအတွက် စက်ရုပ်တည်ဆောက်နေသည့် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ WYTU SRC (WYTU Science And Research Club)မှ ကျောင်းသားများနှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : WYTU မှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် စက်ရုပ်နည်းပညာတည်ဆောက်မှုတွေ လုပ်နေတယ်လို့ သိရတယ်ဗျ။ ပြိုင်ပွဲအကြောင်းလေးနဲ့ ညီလေးတို့ပြိုင်မယ့် နည်းပညာအကြောင်းကို မိတ်ဆက်ပေးပါဦး။
WYTU SRC : ဟုတ်ပါတယ်ခင်ဗျ။ ၂၀၁၉ မှာ YTU (Yangon Technological University) က ဦးစီးပြီးကျင်းပမည့် UMF ( University Mecha Fight) ပြိုင်ပွဲအတွက် ကျွန်တော်တို့ WYTU SRC (WYTU Science And Research Club) ကနေ ကျောင်းကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ဖို့ တည်ဆောက်နေတာပါခင်ဗျ။ ပြိုင်ပွဲရဲ့ပုံစံကတော့ အဖွဲ့နှစ်ဖွဲ့ရဲ့ စက်ရုပ်တွေကို ပျက်သွားတဲ့အထိ (သို့) တစ်ဖွဲ့က အရှုံးပေးတဲ့အထိ တိုက်ခိုက်ရမှာပေါ့၊ နိုင်တဲ့သူက အုပ်စုတက်ပြီး နောက်ဆုံးပွဲစဉ်ထိ ဆက်လက်ယှဉ်ပြိုင်ရမှာပေါ့။ ကျွန်တော်တို့ စက်ရုပ်တွေကိုထိန်းချုပ်ဖို့အတွက်တော့ မိုက်ခရိုကွန်ထရိုလာတွေနဲ့ Raspberry pi တို့ Arduino တို့ကို အဓိကအသုံးပြုထားတာပေါ့။ နည်းပညာပိုင်းပြောရမယ်ဆိုရင်တော့ အခုခေတ်လူငယ်တွေနဲ့ ရင်းနှီးပြီးသားနည်းပညာတွေကိုပဲ ပေါင်းစပ်အသုံးပြုထားတာပါ။ နည်းပညာအသစ်အဆန်းတွေ အများကြီးမပါဘူးဗျ။

Voice : အရင်ကရော ဒီလိုမျိုးနည်းပညာပိုင်းတွေ လုပ်ခဲ့တာမျိုး ရှိသလား။ ဒါက ပထမဆုံး အတွေ့အကြုံလား။
WYTU SRC : ကျွန်တော့်အနေနဲ့ပြောရရင်တော့ အရင်က ဆော့ဖ်ဝဲရေးတာတွေ ဘာတွေရှိပေမယ့် ဒီလိုမျိုး စက်ရုပ်နဲ့ ပတ်သက်တာတော့ မရှိခဲ့ဖူးဘူးဗျ။ စက်ရုပ်တည်ဆောက်တာနဲ့ပတ်သက်ရင်တော့ အခုဟာက ပထမဦးဆုံးလို့ ပြောလို့ရတယ်ဗျ။

Voice : ပြည်တွင်းက လူငယ်တွေ နိုင်ငံတကာ ပြိုင်ပွဲတွေမှာလည်း အဆင့်မနိမ့်တာကို မြင်ရ၊ သိရပြီးဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲတွေကနေ လူငယ်တွေရဲ့ တီထွင်ဖန်တီးနိုင်မှုတွေကို ဘယ်လောက်အထိ၊ ဘယ်လိုမျိုး အထောက်အပံ့တွေ ပေးနိုင်သလဲဗျ။
WYTU SRC : ခုလိုပြိုင်ပွဲတွေကနေပြီးတော့ လူငယ်တွေရဲ့ တီထွင်မှုစွမ်းရည်တွေ၊ ပြီးတော့ ကျောင်းမှာသင်ရတာတွေ၊ ကိုယ်လေ့လာခဲ့တာတွေကို ပြန်ပြီးအသုံးချနိုင်တာပေါ့။ ပြီးတော့ Problem Solving Skill တွေ၊ Team Work တွေ ပိုပြီးကောင်းလာနိုင်ပါတယ်။ နောက် ဒီလိုပြိုင်ပွဲတွေကနေပြီးတော့ ငွေကြေးထောက်ပံ့မှုတွေအပြင် နိုင်ငံခြားကနည်းပညာတွေလည်း ရနိုင်တယ်ပေါ့။

Voice : နည်းပညာနဲ့ပတ်သက်ရင် Software ပိုင်းက နည်းနည်းလေးပိုပြီး အခွင့်အလမ်းသာသယောင်ရှိပေမယ့် Hardware သမားတွေအတွက်ကျတော့ ဘယ်လိုမျိုးအခြေအနေရှိနေလဲ။ ဥပမာ Lab တွေလိုမျိုး၊ လိုအပ်တဲ့ပစ္စည်းတွေ အထောက်အပံ့ပေးတာလိုမျိုး ဘယ်လိုအခက်အခဲတွေ ရှိသလဲဗျ။
WYTU SRC : Hardware သမားတွေအတွက်ကျတော့ ခက်ခဲတယ်လို့ ပြောလို့ရတယ်ဗျ။ ဘာလို့လဲဆိုတော့ လိုအပ်တဲ့ပစ္စည်းတွေက ဈေးကြီးတဲ့အပြင်၊ ကျောင်းတွေမှာလည်း လိုအပ်တဲ့ကိရိယာတွေ အလုံအလောက်မရှိတာမျိုးတွေ ကြုံတွေ့ရတယ်ဗျ။ နောက်တစ်ခုက Lab တွေ အလုံအလောက်မရှိတဲ့ပြဿနာဗျ။ ဌာနဆိုင်ရာ Lab တွေရှိပေမယ့် Research အတွက်ဆိုပြီး သီးသန့် Lab တွေတော့ မရှိဘူးဗျ။

Voice : အရင်နှစ်တွေကတော့ အဲ့ဒီ နည်းပညာပိုင်းမှာ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ရတာ ခက်ခဲတယ်ဆိုတဲ့ အဖြေတွေကို ကျွန်တော်တို့ ရခဲ့တယ်။ ဒီဘက်နှစ်တွေမှာရော ဒီဟာက ဘယ်လောက်အထိ ပွင့်လာသလဲဗျ။ ဝယ်ရပြုရ လုပ်ရကိုင်ရတာ ဘယ်လိုအခြေအနေမှာ ရှိသလဲ။
WYTU SRC : အနည်းနဲ့အများတော့ အခက်အခဲရှိသေးတယ်လို့ ဆိုရမယ်ဗျ။ အရင်ကထက်စာရင်တော့ တော်တော်အဆင်ပြေလာတယ်ဗျ။ တော်တော်များများ Online ကနေ ဝယ်လို့အဆင်ပြေလာတယ်ဗျ။ နောက်ဆိုရင်တော့ ဒီထက်အဆင်ပြေမယ်လို့ မျှော်လင့်တယ်ဗျ။

Voice : ပြည်တွင်းမှာ ကျောင်းသားတွေက ကျောင်းတစ်ဖက်နဲ့ ခုနလို နည်းပညာတွေ လေ့လာရတာ လုပ်ရကိုင်ရတာကရော ဘယ်လိုအခက်အခဲတွေ ရှိသလဲ။
WYTU SRC : အခက်အခဲတွေကို ပြောပါဆိုရင်တော့ တော်တော်များတယ်ဗျ၊ အဓိကကတော့ ဘတ်ဂျက်ရယ်၊ အချိန်ရယ်ပဲဗျ။ နည်းပညာဘက်မှာတော့ သိပ်ပြီး အခက်အခဲမရှိဘူးဆိုရမယ်။

Voice : ပြိုင်ပွဲအကြောင်း ပြန်ပြီး မေးရအောင်ပါ။ ဒီပြိုင်ပွဲတွေကနေ ဘယ်လိုကဏ္ဍတွေ အဓိကထွက်လာသလဲဗျ။ ဥပမာဗျာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုလား၊ စက်ရုပ်လုပ်သားလား၊ စိုက်ပျိုးရေးသုံး နည်းပညာတွေလား။
WYTU SRC : ဒီလိုပြိုင်ပွဲတွေကနေပြီးတော့ စက်ရုပ်လုပ်သားနည်းပညာတွေ အဓိကထွက်လာမယ်ပေါ့။ တိုးတက်ပြီးသားနိုင်ငံတွေမှာလို စက်ရုံတွေမှာပါ ဒီနည်းပညာတွေ အသုံးပြုနိုင်တဲ့အထိ တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။ အသုံးပြုနိုင်အောင်လည်း ကျွန်တော်တို့ကြိုးစားရမှာပေါ့။

Voice : ဒီလိုပြိုင်ပွဲတွေက ခန့်မှန်းခြေပေါ့လေ တစ်နှစ်အတွင်းမှာ ဘယ်နှပွဲလောက်ရှိသလဲ။ ဘယ်လောက်အထိ ရှိလာမယ်ဆိုရင် လူငယ်ကျောင်းသားတွေ စိတ်ဝင်စားမှု ပိုပြီး မြင့်တက်လာမလဲ။
WYTU SRC : အခုလို စက်ရုပ်ပြိုင်ပွဲတွေကကျတော့ အချိန်ယူပြီးလုပ်ရတော့ ရှားတယ်လို့ပြောလို့ရတယ်ဗျ။ ဒီပြိုင်ပွဲကိုတော့ နှစ်နှစ်တစ်ခါလောက်တော့ ကျင်းပဖြစ်မယ်ဗျ။ တစ်နှစ်တစ်ခါလောက် သေချာလေးကျင်းပနိုင်တယ်ဆိုရင်တော့ စိတ်ဝင်စားမှု နည်းနည်းမြင့်တက်လာမယ်လို့ မျှော်လင့်ရတယ်ဗျ။

Voice : နောက်ဆုံးအနေနဲ့ ပြည်တွင်းနည်းပညာနယ်ပယ်က ညီတို့လိုပဲ ကြိုးစားနေကြတဲ့ သူငယ်ချင်းတွေကို ဘာပြောပေးဖို့ရှိမလဲ။
WYTU SRC : နည်းပညာနယ်ပယ်ထဲက ညီအစ်ကိုတွေကို ပြောချင်တာကတော့ ကိုယ် ဒီနည်းပညာကို တကယ်စိတ်ဝင်စားရင် အမှန်တကယ်ကြိုးစားပါ။ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။
ပြီးတော့ တစ်ခုပြောချင်တာက ကျွန်တော်တို့ နိုင်ငံရဲ့အနာဂတ်က ကျွန်တော်တို့လူငယ်တွေလက်ထဲမှာပဲ ရှိတာပါ။ ဒါကြောင့် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။

မောင်မန်း