News

POST TYPE

IT

မက္ကဆီကိုတွင်ကျင်းပမည့် စက်ရုပ်ဖန်တီးမှုပြိုင်ပွဲ မြန်မာကျောင်းသားငါးဦး ဝင်ပြိုင်မည်
12-Mar-2018

ရန်ကုန်၊ မတ် ၁၂
 
ပြီးခဲ့သည့်နှစ်က အောင်မြင်မှုအထိုက်အလျောက်ရရှိခဲ့သည့် ကမ္ဘာ့စက်ရုပ် ဖန်တီးမှုပညာပြိုင်ပွဲ (FIRST Global Robotics Challenge)သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာကျောင်းသားများကို ဖိတ်ခေါ်ခံခဲ့ရသည့်အတွက် ငါးဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဖန်တီးရာအဖွဲ့ထံမှသိရသည်။

အဆိုပါပွဲကို မက္ကဆီကိုနိုင်ငံ၌ ဩဂုတ် ၁၅ မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၅၀ ကျော်မှ ကျောင်းသားကျောင်းသူများ 
ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပွဲတွင်ပါဝင်ယှဉ်ပြိုင်ခွင့်ရရန် ချိတ်ဆက်ပေးသည့် ဖန်တီးရာအဖွဲ့ထံမှ သိရသည်။

အဆိုပါပွဲသို့ အသက် ၁၄ နှစ်မှ ၁၈ နှစ်ကြားရှိ စက်ပစ္စည်းပိုင်းဆိုင်ရာ ဒီဇိုင်း၊ လျှပ်စစ်ပိုင်းနှင့် ကွန်ပျူတာ ညွှန်ကြားချက် ရေးသားနည်းများကို စိတ်ပါဝင်စားပြီး အရည်အချင်းပြည့်မီသည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦးကိုရွေးချယ်၍ သွားရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ပွဲကျင်းပရေးအဖွဲ့ကပေးအပ်မည့် စက်ရုပ် တည်ဆောက်ရန် လိုအပ်သည့်ပစ္စည်းများ (စက်ရုပ် Kit ပုံး) ဧပြီ (သို့မဟုတ်) မေလအတွင်း ရောက်ရှိလာနိုင်ကြောင်း၊ စက်ရုပ် တည်ဆောက်ရာတွင် လိုအပ်သည့် နည်းပညာများ ကူညီပေးခြင်းနှင့် မက္ကဆီကိုနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်မည့် စရိတ်များကိုလည်း ဖန်တီးရာအဖွဲ့က တာဝန်ယူမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ပထမဆုံးအကြိမ် FIRST Global Robotics Challenge ပွဲကို ပြီးခဲ့သည့်နှစ်က အမေရိကန် ပြည်ထောင်စုဝါရှင် တန်ဒီစီမြို့၌ ကျင်းပခဲ့သည့်ပွဲ၌ မြန်မာကျောင်းသားငါးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံပေါင်း ၁၅၇ နိုင်ငံတွင် မြန်မာ့နိုင်ငံက အဆင့် ၆ ရရှိခဲ့ကြောင်း ဖန်တီးရာအဖွဲ့အစည်းထံမှ သိရသည်။

“ဒီနှစ်တော့ ကျွန်တော် မပြိုင်တော့ဘူး။ ပြိုင်ပွဲဝင်တွေ ရွေးနေတယ်လို့တော့ ကြားတယ်။ ကျွန်တော်တို့ ပြိုင်ခဲ့တုန်းကတော့ စက်ရုပ်တည်ဆောက်ချိန် ရခဲ့ပေမယ့် ဟိုဘက်က စက်ရုပ်လုပ်ဖို့ Kit ပုံးချပေးတာ နောက်ကျတယ်။ ပြိုင်ပွဲစဖို့ တစ်လ အလိုလောက်မှ ချပေးတာ၊ အချိန်ကသိပ် မလုံလောက်ခဲ့ဘူး”ဟု ပြီးခဲ့သည့်နှစ်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ကိုဘုန်းသီဟကျော်ကပြောဆိုသည်။

ပြိုင်ပွဲတွင်ပါဝင်လိုသော ကျောင်းသား၊ ကျောင်းသူများအနေနှင့် စာစီစာကုံး ရေးသားကာ www.bit.ly/FGCregister တွင် မတ်လ ၃၁ ရက်နောက်ဆုံး လျှောက်ထားနိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်များ လိုက်နာရမည့် စည်းကမ်းများကို http://bit.ly/FGC2018TNC တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

J-19