POST TYPE

IT

Student Care Mobile App ရေးဆွဲသူများနှင့် တွေ့ဆုံခြင်း
06-Mar-2018


“အဖွဲ့နဲ့ရေးတဲ့အခါ စီမံခန့်ခွဲတဲ့အပိုင်းကို ပိုအားစိုက်ရတာမျိုးလေးတွေတော့ ရှိတာပေါ့”

ပြည်တွင်း၌ နည်းပညာတီထွင်မှုများကို ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များမှ ကျောင်းသားလူငယ်များက ကြိုးပမ်းဆောင်ရွက်နေကြသည်။ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားလူငယ်များက ဒေသတွင်း ပြည်သူများအတွက် အသုံးဝင်မည့် မိုဘိုင်းလ် App များ၊ Web App များနှင့် Hardware ထုတ်ကုန်များကို ဖန်တီးတီထွင်ခဲ့ကြသည်။ ယင်းတို့ အနက်မှ ကျောင်းသားကျောင်းသူများ၏ ကျောင်းခေါ်ချိန်၊ အချိန်ဇယားနှင့် စာကြည့်ချိန်များကို စီမံခန့်ခွဲနိုင်မည့် Student Care မိုဘိုင်းလ် App ရေးဆွဲသည့် App အဖွဲ့သားများနှင့် တွေ့ဆုံပြီး မိုဘိုင်းလ် App အကြောင်းနှင့် မိုဘိုင်းလ် App ရေးဆွဲသည့် အတွေ့အကြုံများအကြောင်း မေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ပထမဆုံးအနေနဲ့ Student Care Mobile App အကြောင်းကို အရင်ဆုံး မိတ်ဆက်ပေးပါဦး။ သူက ဘယ်လိုပုံစံမျိုး အလုပ်လုပ်တာလဲ။
TS : ဟုတ်ကဲ့ Student Care Application က ကျောင်းသားတွေအတွက် ကျောင်းခေါ်ချိန် အချိန်ဇယားနဲ့ အိမ်စာတွေကို ကောင်းကောင်းစီမံခန့်ခွဲမှုတွေ လုပ်နိုင်တဲ့ Android App တစ်ခု ဖြစ်ပါတယ်ဗျ၊။ အဓိကအားဖြင့် တက္ကသိုလ်ကျောင်းသားတွေအတွက် ကျောင်းခေါ်ချိန်မပြည့်တဲ့ ပြဿနာကို ကူညီဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်တာပါ။

ဒီ App မှာဆိုရင် စတင်အသုံးပြုတဲ့အချိန်မှာ အသုံးပြုသူကနေ သင်ကြားရတဲ့ ဘာသာရပ်တွေနဲ့ အချိန်ဇယား အချက်အလက်တွေကို ဖြည့်သွင်းပေးဖို့တော့ လိုပါမယ်ဗျ။ ပြီးရင်တော့ ထည့်သွင်းထားတဲ့အချက်အလက်တွေအပေါ် မူတည်ပြီး App ကနေ လက်ရှိ တက်ရောက်မယ့် ဘာသာရပ်အချိန်ရယ် တစ်နေ့လုံးအတွက် အချိန်စာရင်းကိုပါ ပြသပေးမှာပါ။ ပြီးတော့ မတက်ဖြစ်တဲ့အချိန်တွေမှာ “မတက်ပါ” ဆိုတဲ့ခလုတ်လေးကို နှိပ်ပေးရုံနဲ့ လက်ရှိလအတွက် ကျောင်းခေါ်ချိန်ကိုတွက်ပြီး ပြသပေးမှာဖြစ်ပါတယ်။ ပြသပေးတဲ့နေရာမှာ ကျောင်းခေါ်ချိန်တင်မကပဲ အချိန်ဘယ်လောက်ပျက်ထားတယ် ဘယ်လောက်ပျက်လို့ရသေးတယ် စုစုပေါင်း ဘယ်နှရက်တက်ရမယ်ဆိုတဲ့ Data တွေပါ ပြသပေးပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာအချိန်အလိုက် အိမ်စာတွေ လုပ်ဖို့ပါခဲ့ရင်လည်း မှတ်သားထားနိုင်ပြီး ညပိုင်း အိမ်စာလုပ်ဖို့ အသုံးပြုသူ သတ်မှတ်ထားတဲ့အချိန်မှာ အိမ်စာလုပ်နိုင်ဖို့ သတိပေးပေးမှာဖြစ်ပါတယ်။ အိမ်စာလုပ်ဖို့အချိန်ကို Setting သတ်မှတ်လို့ရပါတယ်။ Setting မှာ တခြားလုပ်နိုင်တဲ့ Feature တွေလည်း ပါပါသေးတယ်။ App ထဲမှာ အသေးစိတ်ကြည့်နိုင်ပါတယ်။ Application ကိုတော့ Play Store ကနေ Download ဆွဲပြီး အသုံးပြုနိုင်ပါတယ်ဗျ။

Voice : ဒီ App နဲ့ KDDI ကလုပ်တဲ့ ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ပေမယ့် ဆုတော့ မရခဲ့ဘူးနော်။ ဘယ်လို အားနည်းသွားတယ်ထင်လဲ။
TS : ဒီ App နဲ့ KDDI က ကျင်းပပေးတဲ့ App Contest မှာတော့ ဝင်ပြိုင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အရွေးချယ်မခံခဲ့ရပါဘူးဗျ။ အားနည်းချက်ကတော့ Documentation ပိုင်းရယ် Project Idea နည်းနည်းသေးသွားတာကြောင့်ဖြစ်မယ်လို့ ထင်ပါတယ်။

Voice : ဒီ App အသုံးပြုတဲ့သူတွေက သူတို့ကိုယ်ပိုင်အချိန်စာရင်းတွေ၊ နှစ်အလိုက်၊ သက်ဆိုင်ရာ တက္ကသိုလ်အလိုက်၊ အဓိကဘာသာရပ်တွေအလိုက်ပေါ့လေ။ ဒါမျိုးတွေ ပြောင်းလို့ရနိုင်မလား။
TS : ဒီအချက်အလက်တွေ အကုန်လုံးကို Application ပထမဆုံး စတင်အသုံးပြုတဲ့အချိန်တည်းက တောင်းပါတယ်။ ဒါပေမဲ့ ပြောင်းချင်ပြင်ချင်တဲ့အခါမှာ အချိန်မရွေး Setting ကနေတစ်ဆင့် သွားပြင်ဆင်လို့ရပါတယ်ဗျ။

Voice : ဒီ App အတွက်က အင်တာနက်အသုံးပြုဖို့ လိုအပ်သလား။
TS : ဒီ App ကိုသုံးဖို့ Internet Connection မလိုအပ်ပါဘူး၊ Offline အသုံးပြုနိုင်ပါတယ်။

Voice : ဒီ App ကို သုံးတဲ့ကျောင်းသားတွေအတွက်က အဓိကကျတဲ့ အထောက်အပံ့က ဘာဖြစ်မလဲ။ ဆိုလိုတာက ဒီ App ကို သုံးတဲ့သူတွေကို ဘယ်လောက်အထိ အကူအညီဖြစ်စေမလဲ။
TS : အဓိကအားဖြင့် ဒီ App ကို သုံးခြင်းအားဖြင့် ကိုယ့်ကျောင်းခေါ်ချိန် အခြေအနေကို အချိန်အခါမရွေး သိနိုင်ပါမယ်။ ပုံမှန်အားဖြင့် ကျောင်းတွေမှာက ကျောင်းခေါ်ချိန်ကို တစ်လနေမှ တစ်ခါထုတ်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကျောင်းခေါ်ချိန်အခြေအနေကို သတိမပြုမိဘဲ ကျောင်းတွေအများကြီးပြေးမိကြတဲ့အခါ ကျောင်းခေါ်ချိန်မပြည့်လို့ စာမေးပွဲမဖြေရတဲ့ပြဿနာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဒီ App ကို အသုံးပြုရင်တော့ ဒီလိုပြဿနာတွေကို အထိုက်အလျောက် ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် အိမ်စာတွေလုပ်စရာရှိလို့ App ထဲမှာ မှတ်ထားတဲ့အခါ ညပိုင်းတွေမှာ သတိပေးနိုင်တဲ့အတွက် အိမ်စာမေ့လို့ မလုပ်ဖြစ်တဲ့ပြဿနာတွေကိုပါ ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။

Voice : ဒီ App ကို အဖွဲ့လိုက်အနေနဲ့ လုပ်ခဲ့တာလား၊ တစ်ဦးတည်းလုပ်ခဲ့တာလား။ အဖွဲ့လိုက်လုပ်ဆောင်မှုနဲ့ တစ်ဦးချင်း စွမ်းဆောင်မှုက ဘာတွေ ကွာခြားမှုရှိမလဲ။ အဖွဲ့လိုက်လုပ်ဆောင်ခဲ့ရတဲ့အတွေ့အကြုံတွေကို ပြောပြပေးပါဦး။
TS : ဒီ App ကို သူငယ်ချင်းတွေစုပြီး Team နဲ့ ရေးခဲ့တာပါ။ Team နာမည်ကတော့ Space ပါ။ ကျွန်တော်တို့ Team ထဲမှာဆိုရင် ကျွန်တော်အပါအဝင် Member ၅ ယောက် ပါဝင်ပါတယ်။ ကျွန်တော်ကတော့ Leader ပါ။ နာမည်ကတော့ အံ့ထူးအောင်ပါ။ Member တွေအနေနဲ့ကတော့ 4th Year CS က ဝေယံထွန်း၊ မင်းဦးနဲ့ စည်သူတို့ပါဝင်ပြီး 3rd Year CS က ညီလေး မင်းသီဟအောင် ပါဝင်ပါတယ်။
အရင်ကလည်း တစ်ယောက်တည်းရေးတဲ့ Project တွေ ရှိပါတယ်။ Project တစ်ခုကို တစ်ဦးတည်းရေးတာနဲ့ အဖွဲ့လိုက်ရေးတာကတော့ ကွာခြားမှုတွေရှိပါတယ်။ ဥပမာ Error တစ်ခု တက်ခဲ့တယ်ဆိုရင်တောင် ရှင်းရတဲ့နေရာမှာ တစ်ယောက်တည်းစဉ်းစားတာထက်စာရင် အများဝိုင်းစဉ်းစားက ပိုပြီး သက်လည်းသက်သာ ပိုပြီးမြန်လည်းမြန်ပါတယ်။ ဒါပေမဲ့ အဖွဲ့လိုက်ရေးတဲ့အခါမှာ Team Work ရှိဖို့ကလည်း အရေးကြီးပါတယ်။ Team Work မရှိ စည်းလုံးညီညွှတ်မှုမရှိရင်တော့ အဆင်မပြေနိုင်ပါဘူး။
ပြီးတော့ အဖွဲ့နဲ့ရေးတဲ့အခါ စီမံခန့်ခွဲတဲ့အပိုင်းကို ပိုအားစိုက်ရတာမျိုးလေးတွေတော့ ရှိတာပေါ့။

Voice : ဒီ App ကို လုပ်နိုင်ဖို့ကျတော့ ဘယ်လိုအခက်အခဲတွေ ရှိခဲ့သလဲ။ နည်းပညာအရရော အခြားအခက်အခဲတွေရောပေါ့။ ဒါတွေကိုရော ဘယ်လိုဖြေရှင်းခဲ့သလဲ။ အတွေ့အကြုံကို မျှဝေပေးပါဦး။
TS : အဓိကအနေနဲ့ ပညာရပ်ပိုင်းဆိုင်ရာ အခက်အခဲလေးတွေတော့ ရှိခဲ့ပါတယ်။ ရေးတဲ့နေရာမှာ တချို့အပိုင်းတွေက ခုမှ လေ့လည်းလေ့လာ ရေးလည်းရေး အနေအထားမျိုးဆိုတော့ Error တွေ အများကြီးတက်ခဲ့ပါတယ်။ ပြီးတော့ Android က ကျောင်းမှာ သင်တာမျိုးလည်းမဟုတ်တော့ ကိုယ့်ဟာကိုယ် Online ကနေ Self Study လုပ်ပြီး ရေးရတာပါ။ အဲ့ဒီအတွက် လိုအပ်တဲ့ Internet Support ပေးခဲ့တဲ့ ကျောင်းက ပါမောက္ခချုပ်ဆရာ ဒေါက်တာ မျိုးမင်းသန်းကိုလည်း ကျေးဇူးတင်ပါတယ်။

Voice : ဆက်ပြီး ဒီ App ကို ဘယ်လိုနေရာတွေမှာ ပြသသွားဖို့ရှိမလဲ။ ဒီ App ကို တကယ်အသုံးချနိုင်တဲ့ နယ်ပယ်ထဲမှာ အသက်ဝင်ဖို့ ဘာတွေဆက်ပြီး လုပ်ဆောင်သွားမလဲ။
TS : App ကို ပြသသွားဖို့တော့ လောလောဆယ် အစီအစဉ်မရှိသေးပါဘူး။ App ကတော့ Play Store မှာလည်း တင်ထားပြီးပြီဖြစ်တဲ့အတွက် တကယ့်လက်တွေ့နယ်ပယ်ထဲမှာ အသုံးပြုနိုင်၊ အသုံးပြုနေကြပြီဖြစ်ပါတယ်။ ကျောင်းတော်တော်များများမှာလည်း သုံးနေကြပြီလို့ သိရပါတယ်။

Voice : Page မှာ ဝင်ကြည့်တဲ့အခါကျတော့ တချို့ Bug လေးတွေလည်း ရှိခဲ့တယ်လို့ ပြောထားတာ တွေ့ရတယ်။ အဲ့ဒါတွေကိုရော ပြင်ဆင်ပြီးပြီလား။ ဘယ်လောက်အထိ ထပ်ပြီး အဆင့်မြှင့်တင်တာ၊ ပြင်ဆင်တာတွေ လုပ်သွားဖို့ရှိမလဲ။
TS : Bug တွေကတော့ တော်တော်ကို တက်ခဲ့တာဗျ။ အရမ်းအလျင်လိုနေတာလည်း ပါတာပေါ့။ စစချင်း Release လုပ်ခဲ့တာတော့ Version 1.0 ပါ။ ပြီးတော့ တစ်ပတ် နှစ်ပတ်အတွင်းမှာပဲ Version 1.1 ကို ထပ် Release လုပ်နိုင်ခဲ့ပါတယ်ဗျ။ အဲ့ Version မှာဆိုရင် ပထမ 1.0 မှာ မပါသေးတဲ့ Data တွေ Edit လုပ်တာတွေ Easy Popup လေးတွေပါ ပြည့်ပြည့်စုံစုံ ပါဝင်လာပါပြီ။ နောက်ပိုင်းလည်း ထပ် Update ပေးသွားဖို့တွေ ရှိပါတယ်။ နောက် Version တွေမှာ ရက်တစ်ရက်ချင်းစီအလိုက် Tip လေးတွေ မှတ်သားနိုင်တာမျိုးလေးတွေပါ ထည့်သွားပေးဖို့ အစီအစဉ်ရှိပါတယ်။

Voice : နောက်ဆုံးအနေနဲ့ နည်းပညာတီထွင်မှုတွေ လုပ်ကိုင်နေတဲ့ အခြားသူတွေကိုရော ဘာတွေမျှဝေချင်သလဲဗျ။
TS : တခြား ဒီနယ်ပယ်ထဲကို ခုမှဝင်ရောက်ဖို့ ကြိုးစားနေတဲ့သူတွေရော ကျွန်တော်တို့လို ဝင်ရောက်စ Beginner တွေကိုရော ပြောချင်တာက ဘယ်လိုအခက်အခဲတွေရှိရှိ ကြိုးစားတာကို မရပ်တန့်ကြပါနဲ့ အခက်အခဲဆိုတာကတော့ ဘယ်နယ်ပယ်မှာမဆို စစချင်းတော့ ရှိတတ်စမြဲဖြစ်ပါတယ်။ ဇွဲရှိရှိကျော်ဖြတ်နိုင်ဖို့သာ အဓိကအရေးကြီးပါတယ်။ ပြီးတော့ ကိုယ်သိနားလည်ထားသမျှကိုလည်း တတ်နိုင်သမျှ မျှဝေပေးကြပါလို့ တိုက်တွန်းချင်ပါတယ်ဗျ။


မောင်မန်း