News

POST TYPE

IT

Cyber Wings ကုမ္ပဏီ၏ CEO ကိုရန်နိုင်မြင့်နှင့် တွေ့ဆုံခြင်း
27-Feb-2018
“ဒီရက်ထဲ လူပြောများနေတဲ့ ကွန်ပျူတာတွေကိစ္စဆိုရင် ဒီကွန်ပျူတာတွေက တကယ်ပဲလိုအပ်တာလား”

ပြည်တွင်း၌ e-Government စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အားထုတ်လာချိန်တွင် ဆိုက်ဘာလုံခြုံရေးသည် အရေးပါသည့် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိလာခဲ့သည်။ ယင်းအပြင် အစိုးရ၏ e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် ဘတ်ဂျက်အသုံးပြုမှုကို အခွင့်အလမ်းတစ်ခုသဖွယ် ဆုပ်ကိုင်အသုံးချရန် အသင့်ပြင်နေသူများလည်း ရှိနေပေလိမ့်မည်။ ယင်းအခြေအနေများနှင့် ပတ်သက်ပြီး ပြည်တွင်းနည်းပညာလုပ်ငန်းများ လုပ်ကိုင်နေသည့် Cyber Wings ကုမ္ပဏီ၏ CEO ကိုရန်နိုင်မြင့်နှင့် တွေ့ဆုံပြီး ပြည်တွင်းဆိုက်ဘာလုံခြုံရေး အခြေအနေများ၊ ICT ကဏ္ဍအတွက် ဘတ်ဂျက်တောင်းခံမှုများအပေါ် ရှုမြင်ချက်များကို မေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : မင်္ဂလာပါ ကိုရန်နိုင်မြင့်ရေ။ ကျွန်တော်လည်း တစ်ခုခုဆို အမုန်းခံပြောမယ့်သူတွေ စီလိုက်ရင် ခင်ဗျားပဲပြေးမြင်တာပဲ။ အဲ့ဒီတော့ ပထမဆုံးပဲ စမေးပါမယ်။ ပြည်တွင်းမှာ ဝန်ဆောင်မှုပေးနေတဲ့ ဆက်သွယ်ရေး အော်ပရေတာတစ်ခုနဲ့ အစိုးရဝန်ကြီးဌာနဝက်ဘ်ဆိုက်အချို့ရဲ့ လုံခြုံရေးယိုပေါက်တွေကို လူငယ်တွေက Report လုပ်နေပေမယ့် အလေးမထားဘူး၊ ပြင်ဆင်ဆောင်ရွက်တာမရှိဘူးလို့ သိရတယ်ဗျ။ အဲ့ဒီကိစ္စကို နည်းနည်းရှင်းပြပါဦး။
YNM : အဲ့ဒါက တင်ပြတာကို လက်မခံတာမဟုတ်ဘူး။ လက်ခံတယ်။ မပြင်တာ။ အဲ့ဒါကို တင်ပြထားတာဆိုရင် ၂ လ၊ ၃ လ လောက်ရှိပြီ။ အဓိကအားဖြင့် ဆက်သွယ်ရေး အော်ပရေတာတစ်ခုရဲ့ နေရာတစ်နေရာမှာ ပေါက်နေတဲ့ဟာကို တင်ပြထားတာကြာပြီ။ အခုအထိမပြင်သေးဘူးလို့ သိရတယ်။ အလေးမထားတာ ဆိုတာထက်ကို ဆောင်ရွက်တဲ့အပိုင်းမှာ ပြဿနာရှိနေပုံရတယ်။ ဒါကကျတော့ MMCERT တို့ အမျိုးသားဆိုက်ဘာ လုံခြုံရေးဦးစီးဌာနတို့နဲ့ မဆိုင်တော့ပြန်ဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အပိုင်းဖြစ်သွားပြီ။

Voice : ဒီလို လုံခြုံရေးဆိုင်ရာ ယိုပေါက်ရှိနေပါတယ်လို့ ထောက်ပြနေတာ၊ သူတို့ဆီကို အကြံပြုချက် ပေးပို့တာတွေ ရှိနေပါရက်နဲ့ ပြင်ဆင်ဆောင်ရွက်မှု မရှိတာကရောဗျ။ ဘယ်လိုမျိုးဖြစ်နေလဲ။ သူတို့ဘက်မှာရော ဘယ်လိုအခက်အခဲရှိနေလို့လဲ။
YNM : အစိုးရဝန်ကြီးဌာနတွေရဲ့ ဝက်ဘ်ဆိုက်တွေကို ကုမ္ပဏီတစ်ခုခုက ဝန်ဆောင်မှုပေးဖို့ ရသွားတယ်ဆိုပါတော့။ ဘယ်လိုဈေးနဲ့ ရရဗျာ။ မတန်တဆဈေးပဲဖြစ်ဖြစ် ရသွားတဲ့အခါမှာ ဝန်ဆောင်မှုပေးမယ်ဆိုရင် လုံခြုံရေးအပိုင်းကို ဘယ်လိုတာဝန်ယူပေးမှာလဲဆိုတဲ့ အစီအစဉ်မရှိဘူးဆိုရင် ပြဿနာတက်ပြီ။ ဖြစ်လာတဲ့အခါမှာ ကုမ္ပဏီအနေနဲ့လည်း တာဝန်မရှိတော့ဘူး။ ပရောဂျက်အတွက် စပြီးတင်တဲ့အချိန်မှာ ကတည်းက လုံခြုံရေးအတွက် ဘယ်လိုအစီအစဉ်ရှိသလဲဆိုတာ ပါသင့်တယ်။

နောက်တစ်ခုကတော့ အဲ့ဒီလို လုံခြုံရေးအတွက်တော့ပါတယ်။ Deface လုပ်ခံရတဲ့အခါ ကောင်းတဲ့ကော်ပီကို Back Up ပြန်ထည့်တာမျိုး။ အဲ့ဒီလိုရှိတယ်။ နောက်တစ်ခုက ဘယ်နေရာ ဘာပြင်ရမယ်ဆိုတာ မသိတာမျိုး။ သူတို့ဘက်က အခက်အခဲတွေရှိတယ်ဆိုတာ ကျွန်တော်မသိနိုင်ပေမယ့် ဒါတွေက ဖြစ်နိုင်တဲ့အခက်အခဲတွေပါ။

Voice : ဆိုက်ဘာလုံခြုံရေး၊ နည်းပညာလုံခြုံရေး၊ သတင်းအချက်အလက်လုံခြုံရေး ဘယ်လိုဆိုဆို ဒီမှာက အလေးကိုမထားတဲ့ ပုံစံမျိုးဖြစ်နေတာလား။ ကျွန်တော်ဆိုလိုတာက လုပ်တာတော့ ရှိကောင်းရှိမယ်။ ဒါပေမဲ့ အလေးထားဆောင်ရွက်နေတာ ဟုတ်ရဲ့လား။
YNM : အဲဒီလိုပြောလို့တော့ရတယ်။ ဆိုက်ဘာလုံခြုံရေး၊ နည်းပညာလုံခြုံရေး၊ သတင်းအချက်အလက် လုံခြုံရေးတွေကို လုပ်နေတဲ့ အဖွဲ့အစည်းတွေရှိပေမယ့် တကယ့်အစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေမှာ သေချာသတိထား ဆောင်ရွက်မှုမျိုးတွေ ရှိသင့်သလောက် မရှိသေးဘူး။ ပြောရရင် အားနည်းနေပါသေးတယ်။ Cyber War ရယ်လို့ဖြစ်တာနဲ့ အစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေနဲ့တကွ တခြား ပြည်တွင်းဝက်ဘ်ဆိုက်တွေ ထိခိုက်တာတွေ အရမ်းများပါတယ်။

Voice : ဆိုက်ဘာတိုက်ခိုက်ခံရမှုတွေနဲ့ ကြုံရတဲ့အခါ အစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေက ထိပ်ဆုံးက ထိတာပဲ။ တချို့ကတော့ Deface လေးပဲတင်သွားတာပါ ဆိုတာမျိုးပြောကြတယ်။ ကိုယ့်အစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက်စာမျက်နှာမှာ ကိုယ့်တိုင်းပြည်ကို ထိခိုက်စော်ကားတဲ့ စာတွေ၊ မမှန်သတင်းလွှင့်တဲ့ပုံတွေ လာအတင်ခံရတာလေ။ ဒါတွေကို မျက်ကွယ်ပြုနေကြသလို ဖြစ်နေတာပေါ့။ ဒီအပေါ် ဘယ်လိုအမြင်ရှိမလဲဗျ။
YNM : ကိုယ့်နိုင်ငံအစိုးရရဲ့ ဝက်ဘ်ဆိုက်တွေမှာ သူများနိုင်ငံအလံနဲ့ ကိုယ့်တိုင်းပြည်ကို ထိခိုက်စော်ကားတဲ့စာတွေ တင်ခံရတယ်ဆိုတာ အတော်လေးရှက်ဖို့ကောင်းတဲ့ ကိစ္စပါ။ ပြဿနာက “ Deface ခံရရင် သို့မဟုတ် Hack ခံရရင် အဲ့လို အလုပ်မခံရခင်အချိန်က Website ကို ပြန်ပြီး Restore လုပ်ရင် အကောင်းအတိုင်းပြန်ဖြစ်တယ်” ဆိုတဲ့အယူအဆက လွဲနေတဲ့အယူအဆပါပဲ။ နောက်ပြီး Deface လုပ်ခံရတာတောင် “ဘာ Data မှ တင်မထားဘူး” တို့၊ “ဘာ Data မှ တင်မထားလို့ ဘာမှထိခိုက်မသွားဘူး” တို့ ပြောတဲ့သူတွေလည်းရှိပေမယ့် နိုင်ငံပိုင် နိုင်ငံရဲ့အစိုးရရဲ့ Website မှာ သူများနိုင်ငံအလံတွေ တိုင်းပြည်ကို ထိခိုက်စော်ကားတဲ့စာတွေ မမှန်သတင်းတွေ ရေးတင်သွားခြင်းခံရတာဟာ နည်းပညာပိုင်း အထူးသဖြင့် ဆိုက်ဘာလုံခြုံရေးကဏ္ဍမှာ အင်မတန်ကို အားနည်းနေသေးတယ်ဆိုတာကို ထောက်ပြနိုင်တဲ့ အကြောင်းအရာတွေပါပဲ။

Voice : နည်းပညာလောကက ဖြစ်သလို မန္တလေးမြို့တော် ဖွံ့ဖြိုးရေးကော်မတီဝင် ဦးရဲမြတ်သူကတော့ “အစိုးရက e-Government လို့ ပြောလိုက်တိုင်း ဂျိမ်းစ်ဘွန်းလို ပစ္စည်းဆန်းတွေ ဝယ်ဆော့နေတယ်” လို့ ဝေဖန်လိုက်တယ်ဗျ။ ဒီရက်ထဲမှာလည်း လူပြောသူပြော များနေတဲ့ကိစ္စက ပညာရေးဝန်ကြီးဌာနက တောင်းခံတဲ့ ကွန်ပျူတာတွေကိစ္စ။ ဒီအပေါ်မှာ ဘယ်လို သဘောထားအမြင်ရှိမလဲဗျ။
YNM : ကျွန်တော့်အမြင်ပြောရရင် ဦးရဲမြတ်သူ ဝေဖန်လိုက်တာကို အတော်သဘောကျတယ်။ ဘာလို့လဲဆိုတော့ တကယ်လည်း ဟုတ်တာကိုး။ အစိုးရက e-Government လို့ တစ်ခါပြောပြီဆိုရင် e-Government နဲ့ ပတ်သက်တဲ့ အခြေခံအဆောက်အဦပိုင်းဆိုင်ရာ လိုအပ်ချက်တွေ၊ ဆော့ဖ်ဝဲတွေ တခြားတခြားသော ကိစ္စတွေကို အသစ်အဆန်းတွေ ဝယ်တယ်ပေါ့ဗျာ။ အဲ့ဒီဟာကြီးက ကြာပြီ။ အရင်ကတည်းကလည်း ဒီလိုပဲ ဖြစ်နေတာပဲ။ အဲ့ဒီတော့ ဟိုအရင်ကတည်းကိုကလည်း ဒီပုံစံပဲ။

ဒီရက်ထဲ လူပြောများနေတဲ့ ကွန်ပျူတာတွေ ကိစ္စဆိုရင် ဒီကွန်ပျူတာတွေက တကယ်ပဲ လိုအပ်တာလား။ ဒီလောက်တန်ကြေးရှိတဲ့ ကွန်ပျူတာတွေကို ဘယ်နေရာတွေမှာ သုံးမှာလဲ။ ရုံးမှာသုံးမှာလား သို့မဟုတ် ကလေးတွေအတွက်ကို Lab တွေ လုပ်ပေးမှာလား။ ဘယ်လို Lab မျိုးလုပ်မှာလဲ။ ရိုးရိုးတန်းတန်း Pro-gramming အတွက်လောက်ပဲဆိုရင် ဒီလောက်အထိ မလိုဘူး။ ရုံးမှာပဲ သုံးမယ့်စက်တွေအတွက်လည်း ဒီလောက်အထိ မလိုဘူး။ သေချာပေါက်ကတော့ ရုံးမှာပဲသုံးမယ့် စက်တွေအတွက် လွန်ရောကျွံရော ၇ သိန်း ၈ သိန်းလောက်ပဲ လိုမယ်။ အဲ့ဒီလောက်ပဲ သုံးသင့်တယ်။ တကယ်လို့များ အဲ့ဒီကွန်ပျူတာတွေက 3D Processing လုပ်မယ့် ဟာတွေလား။ ဥပမာ Auto CAD ဆွဲမှာလား။ 3D ဒီဇိုင်းတွေ ဆွဲမှာလား။ အဲ့ဒီဟာတွေ အတွက်ဆိုရင် ပိုပြီးတော့ကျသွားနိုင်တယ်။ ဒီလိုသုံးမယ့် အတွက်ဆိုရင်တော့ ဖြစ်သင့်တယ်။ ဒီအတွက် ဘယ်နေရာတွေမှာသုံးမှာလဲ စိစစ်သင့်တယ်။ ဒုတိယတစ်ဆင့်က နောက်ထပ်လာမယ့် တင်ပြချက်တွေကျရင် တင်ပြကတည်းကိုက အသေးစိတ်အချက်အလက်တွေက ဘယ်လို၊ ဘယ်နေရာတွေမှာသုံးမယ် ဆိုတာမျိုး အသေးစိတ်တင်ပြသင့်တယ်။ နိုင်ငံရဲ့ဘတ်ဂျက်နဲ့ ကာမိအောင်ပေါ့။ ဒီလိုမျိုးလုပ်ပေးသင့်တယ်။

ဒီဟာက ပညာရေးက တောင်းတာဆိုတော့ ကျောင်းတွေမှာဆို ကျွန်တော်သိသလောက်က JICA က လှူတာတို့၊ တခြားတခြားသော အဖွဲ့အစည်းတွေက လှူတဲ့ ကွန်ပျူတာတွေရှိတယ်။ ဆော့ဖ်ဝဲလ်လိုင်စင်တွေလည်း ရှိမယ်။ နောက်တစ်ခုက ကုမ္ပဏီအကြီးကြီးတွေက ကျောင်းတွေအတွက်ဆိုရင် ဈေးလျှော့ရောင်းတာရှိမယ်။ ဥပမာ - မိုက်ခရိုဆော့ဖ်ဆိုရင် ကျောင်းအတွက်ဆို ဈေးတစ်မျိုးဆိုတာရှိတယ်။ ဒါပေမဲ့ အထောက်အထားပြရတယ်။ Hardware တွေမှာဆိုလည်း အဲ့လိုမျိုးတွေရှိတယ်။ အဓိကကတော့ လျော့သွားမယ်။ အဲ့ဒီလိုမျိုးတွေလည်း စိစစ်ရမယ့် အထဲမှာပါတယ်။

Voice : ဒီ e-Government လို့ ပြောလိုက်ရင်ကို ဟာ တကယ့် လုပ်ကွက်ကြီးတစ်ခုလို သဘောထားကြတာတွေလည်း ရှိမှာပါ။ ဒီနေရာမှာ ခုနအစိုးရကိုချည်းပဲ ပြောလို့တော့မရဘူးပေါ့။ ဒီအတွက် အကြံပေးတဲ့၊ လိုအပ်တဲ့ပစ္စည်းတွေ သွင်းမယ့်သူတွေအနေနဲ့ရော ဘယ်လိုစောင့်ထိန်းသင့်သလဲဗျ။
YNM : စီးပွားရေးသမားအနေနဲ့ကတော့ သူတို့ရှုထောင့်ကကြည့်ရင် ဝယ်မယ့်သူရှိရင်တော့ ရောင်းမှာပဲ။ တင်သွင်းတဲ့သူနဲ့၊ ပရောဂျက်ကို လုပ်တဲ့သူနဲ့ အစိုးရနဲ့ရှိမှာကိုး။ ဒီနေရာမှာ စောင့်ထိန်းဖို့ဆိုရင် ပရောဂျက်လုပ်တဲ့သူအပေါ်မှာပဲ မူတည်တာပေါ့။ ဒီနိုင်ငံသားဆိုရင်တော့ ဒီနိုင်ငံအတွက်ကို အကျိုးပြုမယ့်ဟာကို လုပ်သင့်တယ်။ တချို့တွေကျတော့လည်း အစိုးရပရောဂျက်မှ မဟုတ်ဘူး။ အပြင်ပရောဂျက်တွေမှာလည်း မလိုအပ်တာတွေကို ထည့်ပြီးရောင်းတာရှိတယ်။ Hardware မှ မဟုတ်ဘူး Software ဆိုရင်လည်း ပိုပြီး ရောင်းလိုက်တာရှိမယ်။ အဲ့ဒီလိုတော့ ဂျင်းမထည့်သင့်ပါဘူး။

Voice : ဆိုက်ဘာလုံခြုံရေးဘက် ပြန်လှည့်ရအောင်ပါ။ ပထမဆုံး အစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေရဲ့ လုံခြုံရေးအားနည်းချက်ဆိုရင် ဘာတွေ ထောက်ပြစရာရှိမလဲဗျ။
YNM : အရင်တုန်းကဆိုရင် SQL Injection တွေ၊ Password Cracking တွေ အဲ့လိုမျိုးတွေရှိခဲ့ဖူးတယ်။ အခုဆိုရင် XSS တို့၊ LFI တို့လို လုံခြုံရေး ယိုပေါက်တွေရှိတယ်။ အဲ့ဒီလို ယိုပေါက်တွေကို တွေ့တဲ့သူတွေက တွေ့နေတယ်။ ဒီလိုအားနည်းချက်တွေ ရှိနေတာကတော့ အများကြီးပဲ။ ကျွန်တော့်ဆီကို အသိပေးတဲ့ ဟာတွေလည်းရှိတယ်။ တခြားဘယ်သူမှ မမြင်တာတွေလည်း ရှိမယ်။

Voice : ဒီလိုအားနည်းချက်တွေကို ပြင်ဆင်ဖို့ ဘာတွေဆောင်ရွက်ရမလဲ။ လုပ်နေတယ်ဆိုတာကို ကြားရ၊ သိရပေမယ့်လို့ ဘယ်အဖွဲ့အစည်းက၊ ဘယ်သူက တာဝန်ယူထားပါတယ်။ လုပ်ကိုင်ဆောင်ရွက်နေပါတယ် ဆိုတာကို ကျွန်တော်တို့ သိဖို့ခက်နေတယ်။ ဆက်သွယ်မေးမြန်းတဲ့ အခါမျိုးမှာလည်း တာဝန်ယူဖြေကြားပေးမယ့်သူ မရှိဘူး။ ဒီလိုမျိုးတွေ ဖြစ်နေတာကိုး။
YNM : အဲ့ဒီဟာတွေနဲ့ ပတ်သက်ပြီး တာဝန်ယူထားတဲ့သူတွေက ရှိတယ်။ အဖွဲ့အစည်းတွေလည်း ရှိတယ်။ MMCERT လိုမျိုး၊ အမျိုးသားဆိုက်ဘာလုံခြုံရေး ဦးစီးဌာနလိုမျိုးတွေက တာဝန်ယူထားတယ်။ ဒါပေမဲ့ သူတို့တာဝန်လားဆိုတော့ အဲ့လိုတော့လည်း မဟုတ်ဘူး။ သူတို့ တာဝန်ယူထားတယ်ဆိုပေမယ့် တကယ်တမ်း အလုပ်လုပ်ကြတဲ့အခါ အစိုးရဝက်ဘ်ဆိုက် တစ်ခုက ပေါက်တယ်ဆိုပါတော့။ အဲ့ဒီဟာကို Report လုပ်တဲ့အခါကျတော့ MMCERT အနေနဲ့ ဒါကို သက်ဆိုင်ရာ ဝန်ကြီးဌာနကိုပြောတယ်။ အဲ့ဒီလိုနေရာမှာ သူတို့က ပြောပေမယ့်လည်း ဝန်ကြီးဌာနကိုယ်တိုင်က မပြင်ဘူးဆိုရင် သူတို့အနေနဲ့လည်း ဘာမှလုပ်လို့မရဘူး ဆိုတာမျိုးရှိတယ်။ အဲ့ဒီတော့ ပြဿနာက သူတို့မှာ အဲ့ဒီလိုကိစ္စတွေအတွက်ကို တွန်းအားပေးနိုင်တဲ့ လုပ်ပိုင်ခွင့်မရှိဘူး။ အဲ့ဒီလိုပြောလို့ရတယ်။

Voice : ဟိုးအစဆုံးမှာ မေးခဲ့တဲ့ လူငယ်ပညာရှင်တွေရဲ့ တင်ပြအစီအရင်ခံချက်တွေကို အလေးမထားတဲ့အခါကျတော့ တကယ်လို့သာ တိုက်ခိုက်ခံရမှုတွေ ဖြစ်လာခဲ့ရင် အကျိုးဆက်တွေက ဘယ်လောက်အထိ ဆိုးရွားသွားနိုင်သလဲဗျ။
YNM : အဲ့ဒီဟာက ဘယ်လိုမျိုးလဲဆိုတော့ အခုအချိန်မှာ ငါတို့ဝက်ဘ်ဆိုက်ကြီးက ဝက်ဘ်ဆိုက်ပဲရှိတာ။ အထဲမှာ ဘာအချက်အလက်မှ မရှိဘူးဆိုတာမျိုး အခုအချိန်မှာ ပြောလို့ရတယ်။ နောင်တစ်ချိန် e-Government ကြီး ဖြစ်လာပြီဆိုရင် ရုံးတွေကနေ လျှို့ဝှက်စာတွေ၊ အတွင်းမှာပို့တဲ့ စာတွေ၊ ရုံးတစ်ရုံးချင်းစီရဲ့ ငွေစာရင်းတွေ၊ ဘဏ်အကောင့်တွေ၊ အထိအခိုက်မခံတဲ့ အချက်အလက်တွေ၊ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ အပေါ်ပိုင်းက အရာရှိတွေရဲ့ အချက်အလက်တွေ ထိခိုက်လာနိုင်တယ်။ အကျိုးဆက် ဘယ်လောက်ဆိုးရွားနိုင်သလဲဆိုရင် ဒါတွေထိခိုက်နိုင်တယ်။ ဒီထက်ပိုပြီး အများကြီး ဂရုစိုက်ဖို့လိုတယ်။ ဒီအချိန်မှာ ဂရုစိုက်ဖို့လိုသလို နောင်တစ်ချိန်အတွက် ပြင်ဆင်ပြီးသားဖြစ်သွားမယ်။

Voice : အချုပ်အားဖြင့်ပေါ့လေ။ အဘက်ဘက်က လိုအပ်နေတဲ့ ဒီနည်းပညာလိုအပ်ချက်တွေကို ဘယ်လိုတွေ ဖြည့်ဆည်းသင့်သလဲ။ ပြီးတော့ ICT ကဏ္ဍလို့ပြောပြီး တင်ပြတောင်းခံတဲ့ ဘတ်ဂျက်တွေမှာ ဈေးနှုန်းကြီးမြင့်တာ၊ မလိုအပ်ဘဲ များစွာတောင်းခံတာတွေအပေါ် ဘာပြောဖို့ရှိမလဲဗျ။
YNM : ကိုယ့်နိုင်ငံအတွက်ကို ကူညီချင်တဲ့လူငယ်တွေ အများကြီးရှိပါတယ်။ တချို့ဆိုရင် ဘယ်သူ့ကို ပြောရမှန်းမသိတော့ ကျွန်တော့်ကို လာပြောတယ်။ သူတို့က သူတို့ထမင်းသူတို့စားပြီး၊ သူတို့ဖုန်းဘေလ်နဲ့ အစိုးရရဲ့ နည်းပညာလုံခြုံရေးအပိုင်းကို ကူညီချင်နေကြတာ။ အဲဒီဟာကို နည်းနည်းတော့ အရေးတယူလုပ် ပေးစေချင်တယ်။ လုပ်ပေးနိုင်မယ်ဆိုရင် ပိုပြီးတော့ကောင်းမယ်။ ဒါဆိုရင် အစိုးရဝက်ဘ်ဆိုက်တွေမှာ လုံခြုံရေးအပိုင်းကို တစ်ဦးတစ်ယောက်တည်းရဲ့အမြင်နဲ့ လုပ်နေတာထက် ပိုပြီးကောင်းမွန်လုံခြုံတဲ့ဟာကို ရပါလိမ့်မယ်။

နောက်တစ်ခုက ဘတ်ဂျက်ကိစ္စတွေက စိစစ်ရမယ်။ အဲ့ဒါတွေက တကယ်လိုအပ်သလားဆိုတာ။ ဒါပေမဲ့ လိုသလားမေးရင် လိုတယ်ပဲပြောမှာပေါ့။ တကယ်လိုသလားဆိုတာ မေးရမှာ မဟုတ်ဘူး။ စိစစ်ရမှာ။ ဒီဟာက 3D Processing တွေ လုပ်မှာဆိုရင် ဒါတော့ဖြစ်သင့်တယ်။ ဒီနေရာမှာတော့ ရုံးသုံးအတွက်ပဲဆိုရင် ဒီပမာဏကတော့ များတယ်။ ဒီလောက်ပဲချပေးမယ် ဆိုတာဖြစ်ရမယ်။ စိစစ်တယ်ဆိုတာ မေးတာမဟုတ်ဘူး။ တင်ပြတောင်းခံတဲ့သူကလည်း အကုန်လုံးခြုံပြီး ဘယ်လောက်ကျနိုင်မလဲမေး။ အမြင့်ဆုံးဆို ဒီပမာဏကျမယ်ဆိုရင် ရှိသမျှကွန်ပျူတာအကုန် အဲ့ဒီနှုန်းနဲ့ရေးကွာဆိုရင် မဖြစ်သေးဘူး။ သုံးမယ့်နေရာအလိုက် ခွဲပြီးတင်ပြမယ်ဆိုရင် စိစစ်မယ့်သူတွေအဖို့လည်း အဆင်ပြေသွားမယ်။ အခုလိုမျိုးလည်း အဝေဖန်ခံရမှာ မဟုတ်တော့ဘူး။

ပရောဂျက်ဖြစ် ပြီးရောဆိုပြီး လုပ်တာမျိုးမဟုတ်ဘဲနဲ့ နိုင်ငံအတွက်ကို ကုန်ကျစရိတ်တွေကို မလိုအပ်တဲ့နေရာမှာ အများကြီးသုံးပြီး အလဟဿဖြစ်သွားတာကို ကာကွယ်လို့ရပါတယ်။ 

မောင်မန်း




  • VIA