News

POST TYPE

IT

Dota 2 စစ်သူကြီးတစ်ဦး (သို့မဟုတ်) ကိုရန်နိုင် (LuN) နှင့် တွေ့ဆုံခြင်း
20-Feb-2018



“နိုင်ငံတကာအသင်းတွေက နောက်ဆံတင်းစရာမလိုဘူး။ ဒီဂိမ်းတစ်ခုတည်းကိုပဲ စိတ်နှစ်ပြီး ဆော့နေလို့ရတယ်”

ပြည်တွင်း၌ အွန်လိုင်းဂိမ်းများကို စိတ်ပါဝင်စားသည့်လူငယ်များ များပြားလာသလို e-Sport Player အဖြစ် ရပ်တည်နိုင်ရန်အတွက် ကြိုးပမ်းနေကြသည့် အသင်းများနှင့် ကစားသမားများလည်း အများအပြားပင် ဖြစ်သည်။ သို့သော်လည်း ရပ်တည်နိုင်ရန်အတွက်မူ အခက်အခဲများစွာရှိနေဆဲဖြစ်သည်။ မိဘထောက်ခံအားပေးမှု မရရှိခြင်း၊ ဝင်ငွေတစ်ခုအဖြစ် မရပ်တည်နိုင်ခြင်းအပြင် အထောက်အပံ့လိုအပ်ချက်များ များစွာရှိနေသည်။ ပြည်တွင်း e-Sport Player များ၏ အခက်အခဲများ၊ ဖြတ်သန်းမှုများအကြောင်းကို Team No Throne အသင်းမှ ကစားသမား ကိုရန်နိုင် (LuN) နှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ပထမဆုံးအနေနဲ့ ကစားသမားဘဝ စလာခဲ့တဲ့ အကြောင်းတွေ အရင်ဆုံးပြန်ပြောပြပေးပါဦး။ 
LuN : ကျွန်တော်က Dota 1 ကတည်းက စဆော့ကြည့်ပြီး သဘောကျတယ်။ ဆော့လာတာတော့ ၈ နှစ်လောက်ရှိပြီ။ Dota 2 ပေါ်လာတာကတော့ ၂၀၁၂၊ ၁၃ လောက်မှာဖြစ်မယ်။ အဲ့ဒီမှာ ဂိမ်းက Graphic လည်းကောင်းတော့ ဆော့ဖြစ်သွားတာ။ ပြိုင်ပွဲစကစားဖြစ်တာက ၂၀၀၉ လောက်က။ အဲ့ဒီတုန်းကတော့ Dota 1 ပေါ့။ Onus ဆိုတဲ့အသင်းနဲ့ပါ။ အဲ့ဒီကနေ ၄ နှစ်လောက်ဆက်တိုက်က Onus မှာပဲ ဆော့ဖြစ်တယ်။ Dota 2 စရောက်တဲ့အချိန်ကျတော့ တခြားအသင်းတစ်ခုကို ပြောင်းသွားတယ်။ အသင်းနာမည်ပဲ ပြောင်းသွားတာ။ လူကတော့ ဒီလူ ၅ ယောက်ပဲ။ GOES ဆိုပြီး စဆော့ခဲ့တယ်။ GOES ဆိုတာက ဂိမ်းဆိုင်နာမည်ပါ။ သူတို့က စပွန်ဆာစပေးတာ။ 

Voice : အဲ့ဒီအသင်းက ကစားသမားတွေကိုပြန်ပြီး မိတ်ဆက်ပေးပါဦး။
LuN : ဂိမ်းကစားတဲ့ နာမည်တွေဆိုရင်တော့ EAN, Lina, EUN, JUN နောက်တစ်ယောက်က ကျွန်တော် LuN တို့ပါ။ 

Voice : ပြိုင်ပွဲတွေကစားခဲ့တဲ့ အောင်မြင်မှုတွေကရော။ အဲ့ဒါလည်း ပြောပေးပါဦး။
LuN : ပြိုင်ပွဲဆိုရင် Vakok ကလုပ်တဲ့ ပြိုင်ပွဲ ၃ ခေါက်မှာ တစ်ခေါက်ပဲ ဆုနဲ့လွဲခဲ့တာ။ ပထမတော့ မရခဲ့ဘူးဗျ။ ဒုတိယနဲ့ပဲ နှစ်ကြိမ်။ တခြားပွဲတော်တော်များများလည်း ဒုတိယပဲ ရတာများတယ်။ မြန်မာနိုင်ငံရဲ့ အစောပိုင်း Tournament တစ်ခုမှာတော့ ပထမရခဲ့တယ်။

Voice : အဲ့ဒီကာလတစ်လျှောက်လုံးမှာ ပြိုင်ပွဲတွေ ဘယ်လောက်လောက် ဝင်ပြိုင်ဖြစ်ခဲ့သလဲ။
LuN : GOES အနေနဲ့ ဆော့ခဲ့တာက ၅ ပွဲလောက်ပဲ ရှိမယ်။ 

Voice : အဲ့ဒီအခါကျတော့ GOES မှာဆော့နေတဲ့အချိန်က ပထမဆုဆိုတာနဲ့ ကျိန်စာသင့်နေတာများလား။ ဘယ်လိုလိုအပ်ချက်တွေကြောင့်လို့ သုံးသပ်မိလဲ။
LuN : ကျွန်တော်တို့ အဲ့ဒီအချိန်တုန်းက ကျောင်းတက်နေတဲ့သူနဲ့ဘာနဲ့ ရှိနေတော့ ကိုယ့်ဟာနဲ့ကိုယ် မအားကြတော့ လေ့ကျင့်မှုနည်းတယ်။ နောက် ဘယ်သူတွေနဲ့ ဘယ်လိုချိန်းရမလဲဆိုတာ မသိဘူး။ ဒီလိုပဲ ဆော့တာဆိုတော့ လက်တွေက ဒီအတိုင်းပဲ။ အဲ့ဒီလိုပုံစံမျိုးဆိုတော့ အသင်းကမတက်နိုင်ဘူး ဖြစ်နေတာပေါ့။ 

Voice : အဲ့ဒီကာလတွေမှာ ခက်ခဲတဲ့ ပြိုင်ဘက်ဆိုရင် ဘယ်အသင်းကို ညွှန်ပြမလဲဗျ။
LuN : Dota 1 မှာရော Dota 2 မှာရော တောက်လျှောက်မှာ G7 တစ်သင်းကို ပြောရမယ်။ သူတို့က ပထမပဲယူတာ။

Voice : လက်ရှိအသင်းကရော။ ကြားထဲမှာရော တခြားအသင်းတွေမှာ ဆော့ခဲ့သေးလား။
LuN : လက်ရှိအသင်းကတော့ Team No Throne ပါ။ တော်တော်များများကတော့ TNT လို့ သိကြတယ်။ တခြားအသင်းတွေလည်း နှစ်သင်းလောက် ပြောင်းခဲ့တယ်။ G7 ကိုလည်း ရောက်တယ်။ ပြီးရင် Buster ကိုရောက်တယ်။ Buster က အရင်ရောက်တာဗျ။

Voice : TNT က ကစားသမားတွေက လူငယ်ပိုင်းတွေလို့ ပြောတဲ့အခါကျတော့ ဘယ်အရွယ်လောက်တွေ ဖြစ်မလဲ။
LuN : အသက်က ၁၈ နှစ် မပြည့်သေးတာက ၃ ယောက်လောက်ပါတယ်။ ပြိုင်ပွဲတွေဘာတွေဆိုလဲ မပြိုင်ဖူးတဲ့သူတွေတောင်ပါတယ်။

Voice : ပြိုင်ပွဲပြိုင်မယ့် ကစားသမားတွေကို မြင်ဖူးတယ်။ ကိုယ့် Keyboard တွေ၊ Mouse တွေ သယ်ပြီးလာကြတာ။ ကျွန်တော်က ဘယ်လိုမြင်လဲဆိုတော့ တိုက်ပွဲဝင်တော့မယ့် စစ်သူကြီးတွေလိုမျိုးပေါ့။ အဲ့ဒီအပေါ်မှာ ခံယူထားတာ ဘယ်လိုမျိုးရှိလဲဗျ။
LuN : ကျွန်တော်ကတော့ Keyboard ရော၊ Mouse နှစ်ခုလုံးက ဒါလေးနဲ့ဆော့ရင် ဆော့နေကျလည်းဖြစ်တယ်၊ ကိုယ့်ပစ္စည်းနဲ့ကိုယ်ဆော့ရတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလေးပိုရှိသလားလို့ပါ။ ဟိုမှာသွားဆော့လို့ သူ့ Mouse က နည်းနည်းလေး စိတ်ထင့်သွားတာတို့ဘာတို့ဆိုရင် တစ်ပွဲလုံးသွားပြီ။ အဲ့ဒီလို သက်ရောက်မှု နည်းနည်းရှိတယ်။

Voice : အခုဆို ကိုရန်နိုင့်အနေနဲ့က ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် သွားနေပြီပေါ့လေ။ တခြားကစားသမားတွေလည်း ရှိမယ်။ ဒီအခြေအနေမှာ ဒီက မိဘတွေ၊ လူတွေရဲ့အမြင်မှာက ဒါကို ဂိမ်းတစ်ခုလိုပဲ သတ်မှတ်နေကြသေးတော့ ဘယ်လိုအခက်အခဲတွေ ရှိမလဲဗျ။
LuN : ကျွန်တော်ဆိုရင် ကျောင်းပါထွက်ပြီး ဆော့တာ။ အိမ်ကတော့ မထောက်ခံဘူး။ ဒါပေမဲ့လည်း သားသမီးက လုပ်ချင်နေတာဆိုတော့ မိဘကလည်း တားလို့တော့ဘယ်ရမလဲ။ ကျွန်တော်လည်း အောင်မြင်အောင်ပဲ လုပ်ရမယ်ဆိုပြီး ဒီဘက်လိုင်းပဲ ရွေးလိုက်တာပေါ့။ မိဘကတော့ တားပါတယ်။ အခုအချိန်အထိပဲ။

Voice : ပြည်တွင်းမှာက Gamer တစ်ယောက်အနေနဲ့ ရပ်တည်နိုင်မယ့် အခြေအနေမျိုးမှာရော ရှိမလား။
LuN : အခုလက်ရှိအထိကတော့ ရပ်တည်နေနိုင်ဖို့ဆိုတာ မရှိသေးပါဘူး။ နောက်ပိုင်းမှာတော့ မပြောတတ်ဘူးပေါ့။

Voice : ပြိုင်ပွဲတွေကစားဖို့အတွက်ကျတော့ အသင်းကို ဘယ်လိုတည်ဆောက်ဖို့လိုမလဲ။
LuN : အဲ့ဒါကကျတော့ စိတ်တူကိုယ်တူဖြစ်ဖို့လိုတယ်။ စိတ်တူကိုယ်တူ ၅ ယောက်ပေါင်းမှ အဆင်ပြေတာကိုး။ ကျွန်တော်ဆိုရင် အသင်းကိုခေါ်ဖို့အတွက် လက်ကို ဦးစားမပေးဘူး။ ညီအစ်ကိုတွေလို ပေါင်းနိုင်ရမယ်။ သဘောထားချင်း တိုက်ဆိုင်ရမယ်။ အချိန်လည်းပေးနိုင်ရမယ်။ အဲ့ဒီလိုလူမျိုးက အဆင်အပြေဆုံးပဲ။ ဂိမ်းဆော့တာက သူလက်မကောင်းဘူးဆိုရင်တောင် ပြုပြင်ပေးလို့ရတယ်။ အဓိကကတော့ Team Work ကို တည်ဆောက်ရမှာ။

Voice : အနီးစပ်ဆုံးဆိုရင် ပြီးခဲ့တဲ့ ၂၀၁၇ ထဲမှာ Dota 2 ပြိုင်ပွဲ ဘယ်နှပွဲလောက် ရှိခဲ့လဲဗျ။ ဆုကြေးတွေကရော ဘယ်လောက်တွေ ပေးခဲ့သလဲဗျ။
LuN : လေးပွဲလောက်တော့ ရှိခဲ့တယ်။ ပွဲနည်းနည်းကြီးတာဆိုရင်ပေါ့။ League ပုံစံလေးတွေကတော့ ရှိပါတယ်။ ဆုကြေးကတော့ ၁၀ သိန်းလောက်တော့ ပေးပါတယ်။

Voice : ဒါဆို လေးပွဲလုံးကို အနိုင်ရခဲ့ရင်တောင် ပြိုင်ပွဲကရတဲ့ဆုကြေးက တစ်နှစ်လုံးမှာ သိန်း ၄၀ လောက် ရှိတာပေါ့။ အဲ့ဒီအနေအထားကျတော့ အသင်းရပ်တည်ဖို့ ဘယ်လိုအခက်အခဲဖြစ်စေလဲဗျ။
LuN : ကျွန်တော်တို့ အဓိကကတော့ စပွန်ဆာပေါ့။ ကျွန်တော်တို့ကိုဆိုရင် YGN e-Sport Center ကနေ အထောက်အပံ့ပေးတယ်။ အထောက်အပံ့ပေးတယ်ဆိုတာ ညီအစ်ကိုတွေလိုပါပဲ။ အဲ့ဒီလိုက အကောင်းဆုံးပါပဲ။ စပွန်ဆာဆိုတဲ့စကားထက်စာရင် ဘာအကျိုးအမြတ်မှ မမျှော်မှန်းဘူး။ အဲ့ဒီလိုလုပ်ပေးထားတာ။ တချို့ကျတော့ ဆုကြေးအပေါ်မှာ အသင်းဝင် ၅ ယောက်နဲ့ စပွန်ဆာ စုစုပေါင်း ၆ ယောက်ပေါ့။ အဲ့ဒီလိုပြန်ခွဲရတယ်။ ဝင်ငွေအနေနဲ့တော့ နည်းနေသေးတာပေါ့။

Voice : အဲ့ဒီလို ရပ်တည်ဖို့ အားနည်းနေသေးတဲ့အခါကျတော့ ဘယ်လိုပုံစံမျိုး သွားနေကြလဲဗျ။
LuN : အလုပ်ကတော့ လုပ်ကြရတာပေါ့။ အပြင်မှာ အလုပ်လုပ်၊ အားတဲ့အချိန် Training လုပ်ရတာပေါ့။ အများအားဖြင့် အလုပ်တွေက ၆ နာရီဆိုရင်တော့ ပြန်ရောက်ကြပါတယ်။ အဲ့ဒီလိုမျိုးဆိုရင် Training ကို ၇ နာရီလောက်စကြမယ်ပေါ့။ ၁၀ နာရီလောက် ပြီးမယ်ပေါ့။

Voice : ပြည်ပက အောင်မြင်နေတဲ့အသင်းတွေကျတော့ရော။ သူတို့ရဲ့ ဖွဲ့စည်းရပ်တည်တဲ့ပုံစံက ဘယ်လိုဖြစ်မလဲ။
LuN : သူတို့လည်း အတူတူပါပဲ။ ဒါပေမဲ့ သူတို့မှာက စပွန်ဆာအထောက်အပံ့တွေ အားသာတယ်။ သူတို့မှာက နောက်ဆံတင်းစရာမလိုဘူး။ ဒီဂိမ်းတစ်ခုတည်းကိုပဲ စိတ်နှစ်ပြီးဆော့နေလို့ရတယ်။ ကျွန်တော်တို့ကျတော့ မရဘူးလေ။ ဒီလိုကြီးသွားလုပ်ဖို့ဆိုတာ။ အဲ့ဒီလို ပံ့ပိုးမှုတွေတော့ကွာတယ်။

Voice : မြန်မာအသင်းတွေက အိမ်နီးချင်းအသင်းတွေနဲ့ နှိုင်းယှဉ်ချိန်ထိုးကြည့်မယ်ဆိုရင် ဘယ်လိုအနေအထားမှာ ရှိမလဲဗျ။
LuN : Tier နဲ့ ခွဲမယ်ဆိုရင်တော့ မြန်မာနိုင်ငံက Tier 1 (ပထမတန်း) အသင်း ၅ သင်းလောက်ရှိမယ်။ အဲ့ဒီ ၅ သင်းလောက်က အရှေ့တောင်အာရှအသင်းတွေမှာ သွားသွင်းမယ်ဆိုရင် Tire 2 (ဒုတိယတန်း) လောက်မှာပဲ ရှိပါတယ်။

Voice : ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအရပေါ့လေ။ အသင်းတစ်သင်းအနေနဲ့ စတင်မယ့် လူငယ်တွေအပေါ် ဘာတွေအကြံပေးဖို့ ရှိမလဲဗျ။
LuN :  အချိန်ပဲပေါ့။ အဓိကက Training ဆော့ဖို့အတွက် အချိန်ပေးရမယ်။ ပြီးရင် အဲ့ဒီ ၅ ယောက်က လက်ဖက်ရည်ဆိုင်ထိုင်တာကအစ တပူးတွဲတွဲနဲ့ စိတ်တူကိုယ်တူရှိဖို့လိုတယ်။ အဲ့ဒါဆို တက်ဖို့ပိုပြီးမြန်တယ်။ ဦးနှောက်ကို အနားမပေးနဲ့။ စက္ကန့်တိုင်းအသုံးချပေါ့။ သူများတွေတွေးတာထက် ပိုပြီးတွေးနိုင်မယ်ဆိုရင် အောင်မြင်ဖို့ ပိုမြန်ပါတယ်။

မောင်မန်း