News

POST TYPE

IT

Myanmar Black Hacking အဖွဲ့နှင့် ဆက်သွယ်မေးမြန်းခြင်း
13-Feb-2018

မြန်မာနိုင်ငံသည် ဆိုက်ဘာတိုက်ခိုက်မှုများနှင့် မစိမ်းလှသော နိုင်ငံတစ်ခုဟု ဆိုနိုင်မည်ဖြစ်သည်။ ယင်းအပြင် ကမ္ဘာကျော် နည်းပညာကုမ္ပဏီဖြစ်သည့် Microsoft ၏ အစီရင်ခံစာအရ Malware များဖြင့် တိုက်ခိုက်ခံရနိုင်ခြေ အများဆုံး နိုင်ငံစာရင်းတွင်လည်း ပါဝင်နေသည်။ ပြည်တွင်း၌ ဆိုက်ဘာလုံခြုံရေးကို အလေးပေး ဆောင်ရွက်မှုများ ရှိနေသော်လည်း အားနည်းနေသည့် အခြေအနေဖြစ်သည်ဟု ၂၀၁၇ ခုနှစ်အကုန်ပိုင်းတွင် တူရကီအခြေစိုက် ဟက်ကာများ၏ တိုက်ခိုက်မှုကြောင့် အစိုးရဝန်ကြီးဌာနများ၏ ဝက်ဘ်ဆိုက်များ ထိခိုက်ခဲ့ခြင်းက သက်သေဖြစ်သည်။ ပြည်တွင်းအခြေစိုက် UG (မြေအောက်) Hacker များနှင့် ဆိုက်ဘာလုံခြုံရေး ပညာရှင်များက မြန်မာဘာသာဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများ၊ ဆိုက်ဘာလုံခြုံရေး ကာကွယ်ခြင်းများအကြောင်းကို မြန်မာဘာသာဖြင့် မဂ္ဂဇင်းထုတ်ဝေခဲ့ပြီး ယင်းစာအုပ်နှင့်ပတ်သက်ပြီး အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းကာ ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ဆိုက်ဘာတိုက်ခိုက်ခြင်းနဲ့ ကာကွယ်ခြင်းတွေအကြောင်းကို မြန်မာဘာသာနဲ့ ရေးသားထုတ်ဝေတဲ့ UG မဂ္ဂဇင်းကို ထုတ်ဝေဖြစ်တဲ့ စိတ်ကူးကို ပထမဆုံး သိပါရစေဗျ။
MBH : UG မဂ္ဂဇင်း ထုတ်ဝေဖြစ်တဲ့ရည်ရွယ်ချက်က Hacking နဲ့ ပတ်သက်တဲ့အတွေ့အကြုံတွေ Share ဖို့နဲ့ အမှတ်တရအနေနဲ့ မဂ္ဂဇင်းတစ်ခုအဖြစ် ထုတ်ဝေဖို့ဆိုတဲ့ စိတ်ကူးနဲ့ ထုတ်ဝေခဲ့ကြတာပါ။

Voice : ဒီလိုမဂ္ဂဇင်းမျိုး ရှေ့မှာလည်း ထွက်ဖူးသေးတယ်နော်။ အဲ့ဒီတုန်းကရော အခုလို ပုံနှိပ်ထုတ်ဝေတာပဲလား။ အွန်လိုင်းမှာပဲ ဖြန့်လိုက်တာလား။
MBH : ဟုတ်ကဲ့ အရင်က Vol 1 ကို PDF အနေနဲ့ပဲ ထုတ်ဝေခဲ့ပြီး အွန်လိုင်းမှာပဲ အခမဲ့ ဖြန့်ချိခဲ့တာပါ။ အခု UG Magazine Vol 2 ကိုတော့ စာအုပ်အဖြစ်နဲ့ ဖြန့်ချိခဲ့ပါတယ်။

Voice : ဒီမဂ္ဂဇင်း ထွက်လာဖို့အတွက် စာမူတွေကိုရော ဘယ်လို စုဆောင်းခဲ့သလဲဗျ။ စာရေးသူတွေကို ဘယ်လိုမျိုး ချိတ်ဆက် စုစည်းခဲ့သလဲ။
MBH : ဒီမဂ္ဂဇင်းဖြစ်လာဖို့အတွက် UG ထဲက မိတ်ဆွေတွေနဲ့ ပြင်ပကပညာရှင်တွေဆီကနေ စာမူတွေ တောင်းခံခဲ့ရပါတယ်။ UG ထဲက မိတ်ဆွေတွေကို Private Channel တစ်ခုကနေ ချိတ်ဆက်ဆက်သွယ်ခဲ့တာပါ။

Voice : ဒီလိုစာအုပ်တွေက ဆိုက်ဘာ တိုက်ခိုက်ခြင်း၊ ကာကွယ်ခြင်းနဲ့ လုံခြုံရေးအတွက် ဘယ်လောက်အထိ အထောက်အကူပြုမလဲဗျ။ လေ့လာသူတွေအတွက်ရော ဘယ်လို အထောက်အကူဖြစ်စေမလဲ။
MBH : အတော်လေး အထောက်အကူ ပြုပါတယ်ခင်ဗျ။ တိုက်ခိုက်ပုံ စဉ်းစားပုံတွေကအစ ကာကွယ်ဖို့အတွက်ပါ အသေအချာ အလေးပေး ရေးသားထားတဲ့စာအုပ်တစ်အုပ်ပါ။ ခုမှလေ့လာခါစ လူငယ်တွေအတွက်ကတော့ အသစ်တွေဖြစ်နေပေမယ့် လမ်းကြောင်းတစ်ခုအဖြစ် အမြင်သစ်တစ်ခု တိုးပွားလာစေမယ့်စာအုပ်ပါ။

Voice : ဒီမဂ္ဂဇင်းမှာ ရေးသားတဲ့ အများစုက UG ကသူတွေချည်းပဲလား။ ပြင်ပက ပညာရှင်တွေရော ပါဝင်မလား။
MBH : ဒီမဂ္ဂဇင်းမှာ ရေးသားပါဝင်ကြတဲ့ ပညာရှင်တွေက UG ထဲက လူတွေလည်းပါသလို ပြင်ပက ပညာရှင်တွေဆီကနေပါ စာမူတွေ တောင်းခံခဲ့တာပါ။

Voice : ဖြန့်ချိတဲ့အပိုင်းကိုရော ဘယ်လိုမျိုး လုပ်ထားသလဲဗျ။ ဒီစာအုပ်ကို ဝယ်ချင်တဲ့သူတွေအနေနဲ့ ဘယ်နေရာတွေမှာ ဆက်သွယ် ဝယ်ယူလို့ရမလဲ။
MBH : စာအုပ်မထွက်ခင်မှာ Preorder အနေနဲ့ အမှာစာတွေ လက်ခံခဲ့တာ ရှိပါတယ်။ Preorder အနေနဲ့ မှာယူသူ အလွန်များပြားတဲ့အတွက် စာအုပ် အတော်များများ ကုန်သွားခဲ့ပါပြီ။ အဲ့ဒီအမှာစာတွေကို MGL Express ကနေ သက်ဆိုင်ရာ မြို့တွေဆီကို တာဝန်ယူပြီး ပေးပို့သွားမှာဖြစ်ပြီး ဒီစာအုပ်ကို ဝယ်ယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ MBH (Myanmar Black Hacking) Page ကနေတစ်ဆင့် မေးမြန်းဝယ်ယူနိုင်ပါတယ်ခင်ဗျ။

Voice : ပြီးခဲ့တဲ့ တူရကီနဲ့ ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ပွဲမှာတော့ ပြည်တွင်းက သာမန် အသုံးပြုသူတွေက ဒီဆိုက်ဘာ လုံခြုံရေးကို နည်းနည်းဖြစ်ဖြစ် သိသွားကြမယ်လို့ ထင်ပါတယ်။ ဒီက အသုံးပြုသူတွေ အနေနဲ့ ဆိုက်ဘာလုံခြုံရေးကို ဘယ်လောက်အထိ ဂရုပြုဖို့ လိုအပ်ဦးမလဲ။
MBH : ပြီးခဲ့တဲ့ တူရကီနဲ့ ဖြစ်ပွားတဲ့ ဆိုက်ဘာတိုက်ပွဲမှာ သာမန် အသုံးပြုသူတချို့က ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတချို့ကို သိရှိခဲ့ကြပါတယ်။ ကိုယ်ရေး ကိုယ်တာ အချက်အလက်နဲ့ ပတ်သက်တဲ့ လုံခြုံရေးအပိုင်းတွေကို သာမန် အသုံးပြုတွေ ပိုမိုဂရုပြုဖို့ လိုအပ်နေပါသေးတယ်။

Voice : အနုပညာရှင်တွေ၊ ကျော်ကြားတဲ့သူတွေရဲ့ လူမှုကွန်ရက် အကောင့်တွေကို တစ်နည်းနည်းနဲ့ ရယူပြီးမှ အတွင်းရေးတွေ ဖွင့်ချတာမျိုး၊ ခြိမ်းခြောက်တာ မျိုးတွေလည်း တွေ့ရတယ်ပေါ့လေ။ ဒီအပေါ်မှာ ဘယ်လို မှတ်ချက်ပေးချင်သလဲဗျ။
MBH : ဒီအတွက် ဖြေပေးရရင်တော့ ဒါလည်း Hacking လုပ်တယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော် တစ်ဦးတစ်ယောက်တည်း အမြင်အရဆိုရင်တော့ ဥပဒေအရ အရေးယူမယ့်သူ မရှိသေးလို့ ဒါမျိုးတွေဖြစ် နေတယ်လို့ မြင်ပါတယ်။ Cyber Crime အတွက် တိတိကျကျသာ ဥပဒေဘောင်အတွင်းကနေ အရေးယူမယ်ဆိုရင် ဒါမျိုးတွေ လျော့နည်းလာမှာပါ။ ပပျောက်သွားဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ မှုခင်းလျော့ကျရေးအတွက် ဥပဒေအရ အရေးယူမယ့် ကွန်ပျူတာနဲ့ပတ်သက်တဲ့ အစိုးရအဖွဲ့အစည်းတစ်ခု အလျင်အမြန် ပေါ်ပေါက်ဖို့ လိုအပ်နေပါပြီ။ အနုပညာရှင်တွေမှ မဟုတ်ဘူး။ တခြား သာမန် အသုံးပြုသူတွေကိုလည်း အလားတူ လုပ်ရပ်မျိုးတွေ လုပ်ခံနေရတာ ရှိနေပါတယ်။ ခံရသူတွေက တရားဥပဒေအရ တိုင်ကြားချင်ရင် ဘယ်ကို သွားတိုင်ရမလဲ၊ ရဲစခန်းမှာ သွားတိုင်ရင်ရော အရေးယူ ဖြေရှင်းပေးနိုင်ပါ့မလားဆိုပြီး မြင်နေကြတာတွေ ရှိပါတယ်။

Voice : တချို့လူငယ်တွေကလည်း ဒီဟာကို ပညာရပ်တစ်ခုလို မစဉ်းစားဘဲ ဒါက တကယ့် ဆူပါဟီးရိုးကြီးတွေလိုမျိုး ထင်မြင်ကြတာမျိုးလည်း ရှိမယ်။ အပေါ်ယံ လေ့လာပြီး နည်းပညာပိုင်း အသိအမြင် အားနည်းသူတွေကို အနိုင်အထက် လုပ်တာမျိုးတွေလည်း ရှိမယ်။ ဒီအပေါ် သဘောထားအမြင်လေး ပြောပေးပါဦး။
MBH : ဒီမေးခွန်းအတွက် ဖြေရမယ်ဆိုရင် နည်းပညာကို စလေ့လာခါစ လူငယ်တွေ အများစုဟာ အဲ့ဒီလို လုပ်ရပ်မျိုးတွေကို ကျူးလွန်လေ့ ရှိပါတယ်။ ပေါ်ပြူလာ ဖြစ်ချင်ကြတယ်၊ လူသိများချင်ကြတယ်။ Black Hacking ဟာ ဥပဒေနဲ့မလွတ်ကင်းတာမို့လို့ တကယ့် Black Hat Hacker အများစုဟာ လူသိခံလေ့မရှိပါဘူး။ ကိုယ့်အတွက် အကျိုးမရှိတဲ့ လုပ်ရပ်မျိုးတွေဆို Black Hat တွေက လုပ်လေ့လုပ်ထ မရှိပါဘူး။

Voice : ခုနပြောခဲ့တဲ့ အခြေအနေတွေလိုမျိုး ရှိနေတဲ့အချိန်မှာ ဒီလိုလုံခြုံရေးနဲ့ ပတ်သက်တဲ့ အသိအမြင်တွေ ရနိုင်ဖို့အတွက် အခု UG မဂ္ဂဇင်းလိုမျိုး စာအုပ်တွေ ဘယ်လောက်အထိ လိုအပ်ဦးမလဲ။ အဓိကကတော့ မြန်မာဘာသာနဲ့ ထုတ်ဝေတာမျိုးပေါ့။
MBH : UG Magazine လိုမျိုး လုံခြုံရေးနဲ့ပတ်သက်တဲ့ ဗဟုသုတ ပေးနိုင်တဲ့စာအုပ်တွေ အများအပြား ပေါ်ပေါက်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့လည်း ဒီလို စာအုပ်မျိုးတွေ ထွက်လာဖို့ကို ကြိုဆိုပါတယ်။ လေ့လာသူတွေအတွက် ဈေးနှုန်းသက်သာပြီး အကျိုးရှိစေမယ့် စာအုပ်မျိုးတွေ ဖြစ်စေချင်ပါတယ်။

Voice : လက်ရှိမြင်တွေ့နေရတဲ့ ပြည်တွင်းဆိုက်ဘာ လုံခြုံရေး ဆောင်ရွက်ထားမှု အခြေအနေကရော ဘယ်လိုရှိမလဲဗျ။
MBH : လက်ရှိ အနေအထားအရကတော့ အရင်ကထက် အားရဖို့ ကောင်းလာပါပြီ။ UG ထဲကလူငယ်တွေ Report လုပ်ပေးတဲ့ Bug တွေကို ပြုပြင်တာမျိုးတွေအထိ ရှိလာနေပါပြီ။ Government အပိုင်းလည်း ပြုပြင်တာမျိုးတွေပါ တွေ့လာနေရပြီမို့လို့ အပြုသဘော ဆောင်လာနေပြီလို့ပဲ ပြောရပါလိမ့်မယ်။

Voice : အချုပ်အနေနဲ့ပေါ့လေ။ တစ်လောက ကျွန်တော်တို့ သတင်းတွေမှာ မြင်တွေ့ခဲ့ရတယ်။ e-Government ကို အကောင်အထည်ဖော်ဖို့ဆိုတာပေါ့။ ဒါကိုသွားနိုင်ဖို့အတွက် ဆိုက်ဘာလုံခြုံရေးကို ဘယ်လောက်အထိ ထည့်သွင်းစဉ်းစား ဆောင်ရွက်ဖို့ လိုအပ်ဦးမလဲဗျ။
MBH : e-Government အတွက် ဆိုက်ဘာလုံခြုံရေးဟာ မဖြစ်မနေ ထည့်သွင်း စဉ်းစားရမယ့်ကိစ္စပါ။ နိုင်ငံတော် လုံခြုံရေးအထိ ပါဝင်နိုင်တာမို့လို့ ဆိုက်ဘာလုံခြုံရေးဟာ အရေးကြီး အခန်းကဏ္ဍတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

မောင်မန်း