News

POST TYPE

IT

မန္တလေးတွင် ဖောက်ထွင်းခိုးယူသူက ပိုင်ရှင်ထံမှ ငွေထပ်ညှစ်
06-Feb-2018

မန္တလေး၊ ဖေဖော်ဝါရီ ၅

ချမ်းအေးသာစံမြို့နယ် ပြည်ကြီး မျက်ရှင်ရပ်ကွက်ရှိ နေအိမ်တစ်ခုမှ iPhone-X နှင့် Apple ကွန်ပျူတာတစ်လုံးကို ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက ဖောက်ထွင်းခိုးယူခဲ့ပြီးနောက် ပိုင်ရှင်ထံမှ ငွေထပ်မံတောင်းခံမှုတစ်ခု ဖြစ်ခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

ဖောက်ထွင်းခိုးယူသူက ဖုန်းနှင့် ကွန်ပျူတာ ပြန်လိုချင်ပါက Wave Money ဖြင့် ကျပ် ၁၀ သိန်း လွှဲပေးရန် ပြောဆိုသောကြောင့် ကျပ်ငါးသိန်း လွှဲပေးခဲ့ကြောင်း၊ ယင်းငွေကို မဟာအောင် မြေမြို့နယ်အတွင်းရှိ Wave Money ဆိုင်တစ်ဆိုင်တွင် ထုတ်ယူခဲ့သည်ကို စစ်ဆေးတွေ့ရှိထားကြောင်း မန္တလေးမြို့ အမှတ် (၃) ရဲစခန်းမှူး ရဲအုပ်ကျော်သူက ပြောကြားသည်။

ခိုးယူသွားသူက လွှဲပေးသည့် ငွေငါးသိန်းကို ထုတ်ယူသွားခဲ့သော်လည်း ပစ္စည်းပြန်ပေးရန် ဖုန်းခေါ်ဆိုရာတွင် ဖုန်းပိတ်သွားခဲ့ပြီး ပစ္စည်းပြန်မပေးသောကြောင့် ပျောက်ဆုံးသူက ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည်။

“ပစ္စည်းပျောက်တဲ့သူက ငွေလွှဲပြီးမှ ကျွန်တော်တို့ဆီရောက်လာပါတယ်။ ခုတော့ Wave Money Call Center ကို ဆက်သွယ်ပြီး မေးမြန်းထားတယ်။ Call Center က ပြန်ကြားချက်ရရင်တော့ တရားခံဖမ်းဆီးရမိရေးအတွက် အဆင်ပြေနိုင်ပါတယ်”ဟု ရဲအုပ်ကျော်သူက ပြောဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ချမ်းအေးသာစံမြို့နယ် အမှတ် (၃) နယ်မြေရဲစခန်းက (ပ) ၅၀/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ချမ်းမြသာစည်မြို့နယ် မြို့သစ် (၂) ရက်ကွက်တွင် နေထိုင်သည့် မန္တလေးတက္ကသိုလ်မှ လက်ထောက်ကထိက တစ်ဦးသည်လည်း ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက iPhone နှစ်လုံးနှင့် Huawei GR5 ဖုန်းတစ်လုံး၊ ရွှေဆွဲကြိုး တစ်ကုံး၊ စိန်နားကပ်တစ်ရန်နှင့် ဘဏ်စာအုပ်တို့ ဖောက်ထွင်းခိုးယူခံခဲရ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်းများအရ သိရသည်။

M-04