News

POST TYPE

IT

အမှုသည်များ နေအိမ်မှ ရုံးချိန်းရက်သိနိုင်မည့် နည်းပညာသုံး သတင်းအချက်အလက်စနစ် ထူထောင်မည်
31-Jan-2018

နေပြည်တော်၊ ဇန်နဝါရီ ၃၀

တရားရုံးများတွင် အမှုရင်ဆိုင်နေရသည့် အမှုသည်များနေထိုင်ရာ အိမ်မှ ရုံးချိန်းရက်များသိနိုင်ရန် နည်းပညာသုံး မှုခင်းသတင်း အချက်အလက်စနစ် တစ်ရပ်ကို ဆောင်ရွက်ရန် စီစဉ်နေသည်ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ပြောကြားသည်။

နေပြည်တော် MICC2 တွင် ဇန်နဝါရီလ ၂၉ ရက်က ကျင်းပသော ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း ၂၀၁၈-၂၀၂၂ ရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားသွားခြင်းဖြစ်သည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဆောင်ရွက်မည့် နည်းပညာသုံး မှုခင်းသတင်း အချက်အလက်စနစ်အရ အမှုသည်များက ရုံးချိန်းရက်ကို တရားရုံးသို့ လာရောက်စုံစမ်းရန်မလိုဘဲ အမှုနံပါတ်သိလျှင် တရားရုံးချုပ်က အွန်လိုင်းတွင် ထုတ်ပြန်ထားသော ရုံးချိန်းရက်များကို နေထိုင်သည့်အိမ်မှ ခေတ်မီနည်းပညာသုံးပြီး သိနိုင်သည့် စနစ်ဖြစ်ပြီး အမှုသည်များ နည်းပညာမသုံးတတ်လျှင် ရှေ့နေများက ၎င်းစနစ်ကို ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ပြောကြားသည်။ 

“အခု တရားလွှတ်တော်ချုပ်က ဒီစနစ်အတွက် စတင်ဆောင်ရွက်နေတယ်။ အခုမှ အစပျိုးဆောင်ရွက်တာကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ ကြာဦးမယ်”ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ဆိုသည်။

တရားရုံးချုပ်က စတင်ကျင့်သုံးမည့် မဟာဗျူဟာစီမံကိန်းအရ တရားရုံးများတွင် ခေတ်မီ အများပြည်သူဆိုင်ရာ သတင်းအချက်အလက် ကောင်တာများ အမှုလက်ခံဌာနများ တည်ထောင်ခြင်းကို ဆောင်ရွက်မည့်အစီစဉ်များ ပါဝင်သည်ဟု တရားလွှတ်တော်ချုပ် တာဝန်ရှိသူများက ပြောကြားသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှ ရုံးချိန်းကို တိုင်းတရားလွှတ်တော်ရုံးရှိ ကြော်ငြာဘုတ်များကို သွားကြည့်ပြီး အမှုသည်များကို ပြောရကြောင်း၊ တရားလွှတ်တော်ချုပ် Website များသည် အမိန့်ချမှတ်သည်ဟု စကားရပ်တစ်ခုသာ ပါသဖြင့် အကျယ်တင်ပေးနိုင်ရန် လိုသည်ဟု မန္တလေးမြို့ခံ တရားလွှတ်တော် ရှေ့နေဦးခင်မောင်သန်း (ဆိုင်းတန်း) က သူ့အမြင်ကို ရှင်းလင်းပြောကြားသည်။ 

J-20

  • VIA