News

POST TYPE

IT

ET သည် ကမ္ဘာ့အခွင့်အရေး


တစ်ကမ္ဘာလုံး ET ခေါ် Educational Technology လမ်းကြောင်းကို လိုက်နေကြသည်။ ကုမ္ပဏီများကလည်း ပညာရေးနည်းပညာအတွက် သီးခြားဆောင်ရွက်နေသည့် Edtech ကုမ္ပဏီတွေ ပေါ်လာသည်။ ၂၀၁၇ ခုနှစ် ပထမ ၁၀ လ အတွင်း Edtech တို့ ရင်းနှီးမြှုပ်နှံသည့် ငွေပမာဏမှာ ဒေါ်လာ ၈ ဒသမ ၁၅ ဘီလီယံဖြစ်လာကြောင်း တွေ့ရသည်။ 

ပညာရေးတွင် ရင်းနှီးမြှုပ်နှံပြီး ယခင်က အသုံးပြုခဲ့သော ပစ္စည်းများမှာ ရိုးစင်းပါသည်။ Blackboard ကို သုံးခဲ့ကြသည်။ ခေတ်မီလာသည့်အခါ Whiteboard တွေ ပြောင်းသုံးကြသည်။ ဤအဆင့်လောက်တွင်ပင် ရပ်တန့်ကျန်ခဲ့သည်။ 

ခေတ်အနေအထားက ကလေးတွေကို လေ့ကျင့်သင်ယူပေးမှုများ လုပ်ပေးရန် ပိုအရေးကြီးလာသည်။ အင်္ဂလိပ်စာကို အပြန်အလှန် လေ့ကျင့်ကြမည်။ မိမိတို့ ပြုစုရေးသားပြီးသော အိမ်စာများကို အွန်လိုင်းကတစ်ဆင့် ဆရာများထံပို့မည်။ ဓာတုဗေဒဆိုင်ရာ သင်ခန်းစာများကို 3D ပုံရိပ်များဖြင့် ဖော်ဆောင်ကြည့်ရှု လေ့လာကြမည်။ ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် ပညာရေးတွင် နည်းပညာသည် အရေးပါလာသည်။ အာရှသည် Edtech တို့အတွက် ဈေးကွက် အခွင့်အလမ်းကြီးတစ်ခု ဖြစ်လာခဲ့သည်။

၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံအတွင်းရှိ Edtech တို့ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံဖြစ်ကြောင်း Goldman Sachs သုတေသနအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ၂၀၁၄ ခုနှစ်ကထက် သုံးဆတက်သွားခြင်းဖြစ်သည်။ နှစ်စဉ် ၂၀ ရာခိုင်နှုန်း Edtech ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုများကို ပုံမှန်ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ Google နှင့် KPMG တို့ကလည်း အိန္ဒိယနိုင်ငံတွင် လာမည့်လေးနှစ်အတွင်း ဒေါ်လာ ၁ ဒသမ ၉၆ ဘီလီယံခန့်ကို အွန်လိုင်းပညာရေးအပိုင်း၌ ဖွံ့ဖြိုးတိုးတက်ရန် စီစဉ်နေသည်။ အာရှ-ပစိဖိတ်ဒေသတွင် ၂၀၂၀ ပြည့်နှစ်တွင် Edtech လုပ်ငန်းများ ၅၄ ရာခိုင်နှုန်းအထိ ဖွံ့ဖြိုးတိုးတက်လာလိမ့်မည်ဟု ခန့်မှန်းထားသည်။

အာရှသည် ပညာရေးတွင် နည်းပညာကို ထည့်သွင်းရန်အတွက် အကောင်းဆုံး ဈေးကွက်ကြီးတစ်ခု ဖြစ်နေသည်။ အာရှ၏ K-12 အတန်းတွင် တက်ရောက်သင်ကြားနေသည့် ကျောင်းသားပေါင်းက သန်း ၆၀၀ ကျော် ရှိသည်။ လူငယ်တွေ အများဆုံးကလည်း အာရှဖြစ်သည်။ အင်ဒိုနီးရှားတွင် အသက် ၁၀ နှစ်မှ ၂၄ နှစ်အတွင်း လူငယ် ၆၇ သန်းရှိသည်။ ကမ္ဘာ့တတိယအများဆုံး လူငယ်ထုတစ်ရပ်ကို ပိုင်ဆိုင်ထားသည်။ အိန္ဒိယတွင် လူငယ် ၃၅၆ သန်း၊ တရုတ်တွင် လူငယ် ၂၆၉ သန်းရှိသည် ဆိုသောကြောင့် လူငယ်တွေကို အခြေပြုထားရမည့် ပညာရေးနှင့်ပညာပေးဆိုင်ရာ နည်းပညာများ တီထွင်နိုင်သည့် Edtech များမှာ အနာဂတ်အတွက်လည်း အခွင့်အလမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားသလို ဖြစ်နေပေလိမ့်မည်။

အာရှတွင် ပညာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမည်ဆိုလျှင် ဘာကိုလုပ်မည်နည်း။ ပညာရေးဆိုင်ရာ ဝန်ဆောင်မှုကို လုပ်ကိုင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ IBIS Capital သည် တရုတ်နိုင်ငံတွင် ကျူရှင်ဖွင့်ထားရာ ဒေါ်လာ ဘီလီယံ ၅၀ ခန့် အကျိုးအမြတ် ဖြစ်ထွန်းသွားသည်။ ၂၀၂၀ ပြည့်နှစ်တွင် ဒေါ်လာ ဘီလီယံ ၉၀ ခန့် ဖြစ်လာမည်ဟုလည်း ခန့်မှန်းထားသည်။ စင်ကာပူနိုင်ငံတွင် မိဘများသည် သူတို့ သားသမီးများ၏ ပညာရေးအတွက် တစ်နှစ်လျှင် ဒေါ်လာ ၇၀,၉၃၉ သုံးပေးနေခြင်းကို လေ့လာကြည့်နိုင်သည်။ 

အာရှသည် ပညာရေးကို အလေးပေးလာသည်နှင့်အမျှ အွန်လိုင်းကတစ်ဆင့် ပညာသင်ယူမှုလုပ်ငန်းကလည်း တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။ MOOC ခေါ် Massive Open Online Courses သင်ကြားသည့် စနစ်များသည် အထူးသဖြင့် တရုတ်နိုင်ငံတွင် ဖွံ့ဖြိုးလာခဲ့သည်။ အင်္ဂလိပ်စာကို အွန်လိုင်းကတစ်ဆင့် သင်ယူနေမှုများ ပိုများလာသည်။ တရုတ်နိုင်ငံတွင် အင်္ဂလိပ်စာ လေ့လာသင်ယူသည့် ကျောင်းသားပေါင်း သန်း ၃၀၀ ခန့်အထိ တိုးတက်လာသည်။ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း တရုတ်ကလေးများ အင်္ဂလိပ်စာလေ့လာမှုက သိသိသာသာဖွံ့ဖြိုးခဲ့သည်။ 

တရုတ်အစိုးရသည် ၁၃ ကြိမ်မြောက် ပဉ္စမငါးနှစ် စီမံကိန်းဖြင့် တရုတ်ပညာရေးစနစ်ကြီးတစ်ခုလုံးကို ပြုပြင်ပြောင်းလဲရန် စီစဉ်နေသည်။ အွန်လိုင်းပညာရေးကို အစိုးရက ခွင့်ပြုထားခြင်းကလည်း ရည်မှန်းချက် ပေါက်မြောက်အောင်မြင်ရန် တစ်ခုဖြစ်သည်။ တရုတ်အစိုးရက Edtech လုပ်ငန်းများအတွက် ဒေါ်လာ ၁ ဘီလီယံကျော်ကျော် ၂၀၁၅ ခုနှစ်က စိုက်ထုတ်မြှုပ်နှံပေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ဒေါ်လာ ဘီလီယံ ၃၀ စိုက်ထုတ်မြှုပ်နှံပေးမည်ဟု ကတိပြုထားသည်။ လာမည့် ၃ နှစ်အတွင်း K-12 ကျောင်းသား ၆ ဦး ကွန်ပျူတာတစ်လုံး ထောက်ပံ့ပေးနိုင်ရေး ဦးစားပေးဆောင်ရွက်ရန် စီစဉ်နေသည်။ 

အိန္ဒိယတွင်လည်း အနာဂတ်ပညာရေးလမ်းကြောင်းသည် ဒစ်ဂျစ်တယ်ဖြစ်သည်။ အိန္ဒိယအစိုးရသည် Digital India and Skill India ကို အကောင်အထည်ဖော်နေပြီး ဒစ်ဂျစ်တယ်ကို နေရာတိုင်း ကျောင်းတိုင်း ရရှိနိုင်စေရန် စီစဉ်နေသည်။ မလေးရှားက ၂၀၁၆ ကတည်းက မူလတန်းကျောင်းများတွင် ကွန်ပျူတာ Code ရေးနည်း အခြေခံများကို သင်ပေးနေသည်။ 

တရုတ်နိုင်ငံမှ လူဦးရေ၏ ၅၃ ဒသမ ၁ ရာခိုင်နှုန်းခန့်သည် အွန်လိုင်းပေါ်ရောက်နေကြသည်။ တရုတ်နိုင်ငံတွင် အင်တာနက်အသုံးပြုသူ ၇၃၁ သန်းကျော်ရှိသည်။ ထို့ကြောင့် တရုတ်ကလည်း ဈေးကွက်ကြီးတစ်ခုလို ဖြစ်နေပြီး အားလုံးက မျက်စိကျနေကြသည်။ Room to Read အဖွဲ့၏ ခန့်မှန်းချက်အရ လာမည့် ၅ နှစ်အတွင်း ဆရာများအားလုံး အွန်လိုင်းရင်းမြစ်များကို အသုံးပြုပြီး စာသင်ကြားမှ ရနိုင်မည့်အနေအထားကို ရောက်လာလိမ့်မည်။ သူတို့ မိုဘိုင်းလ်ဖုန်းများကိုဖွင့်ပြီး သင်ကြားရေးတွင် ရင်းမြစ်များကို မဖြစ်မနေ ထုတ်ယူရပေလိမ့်မည်။ ဆရာအလုပ်ကို ပိုပြီး ခိုင်မြဲစေလိုလျှင် နည်းပညာကို လက်လွှတ်၍မရ။ နည်းပညာကို သုံးစွဲခြင်းဖြင့်သာ လုပ်ငန်းကို အသက်ဆက်ရလိမ့်မည်ဟု ဆိုထားသည်။ 

အနောက်နိုင်ငံများမှ Edtech ကုမ္ပဏီကြီးများသည် အာရှကို မဖြစ်မနေ ဝင်တိုးတော့မည်သာဖြစ်သည်။ Google, Facebook တို့သည် နည်းမျိုးစုံဖြင့် ဝင်ရောက်နိုင်ရန် ကြိုးပမ်းနေသည်။ တရုတ် Edtech ကုမ္ပဏီကြီးများဖြစ်သည့် Xiami နှင့် Baidu တို့ကလည်း ပညာရေးကို နည်းပညာဖြင့် ပြောင်းလဲမှုတွင် အသည်းအသန် လှုပ်ရှားနေသည်။ တရုတ်မှ Edtech ကုမ္ပဏီများကလည်း နည်းပညာနှင့်ပညာရေး ပေါင်းစပ်ပေးမှ ရတော့မည်ကိုသိပြီး နိုင်ငံတကာ ထိုးဖောက်နေမှုများကို ဟန့်တားကာ ဈေးကွက်လက်ဝါးကြီးအုပ်နိုင်ရေး ကြိုးပမ်းနေကြသည်။

ပညာရေးကို နည်းပညာနှင့် ပြုပြင်ပြောင်းလဲရန် ကြိုးစားမှုကို တစ်ကမ္ဘာလုံး စိတ်ဝင်စားစွာဖြင့် ပြုပြင်ပြောင်းလဲရန် ကြိုးစားလျက်ရှိပါသည်။ မပြုပြင် မပြောင်းလဲဘဲ ငြိမ်ငြိမ်လေးနေလည်း ရပါသည်။ သို့သော် ပြုပြင်ပြောင်းလဲပြီးသည့် နိုင်ငံများတွင် ကျွန်ဈေးကွက်တွေ ကောင်းလာနိုင်သည်။ နည်းပညာဖြင့် အအေးခန်းထဲတွင် ကွန်ပျူတာကုတ်ရေးနေသူများ အိမ်၌ ပန်းကန်ဆေး၊ ကြမ်းတိုက်၊ အောက်ခြေသိမ်း အိမ်ဖော်လုပ်ရန် လူတွေ အများကြီး လိုပါလိမ့်မည်။

E01 
(Ref: Education technology is a global opportunity, Emmanuel Nataf)