News

POST TYPE

IT

မွန်ပြည်နယ်လမ်းညွှန် မိုဘိုင်းလ် App ရေးဆွဲသူ မောင်မင်းထူးတင့်နှင့် တွေ့ဆုံခြင်း
23-Jan-2018 tagged as နည်းပညာ



“ကိုယ်တက်နေတဲ့ကျောင်းက ဆရာ၊ ဆရာမတွေရဲ့ နည်းပညာတီထွင်မှုအပေါ် အားပေးမှုတွေက အရမ်းအဓိကကျပါတယ်”

ပြည်တွင်း၌ နည်းပညာတီထွင်မှုများကို ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များမှ ကျောင်းသားလူငယ်များက ကြိုးပမ်းဆောင်ရွက်နေကြသည်။ သထုံကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားလူငယ်များက ဒေသတွင်း ပြည်သူများအတွက် အသုံးဝင်မည့် မိုဘိုင်းလ် App များ၊ Web App များနှင့် Hardware ထုတ်ကုန်များကို ဖန်တီးတီထွင်ခဲ့ကြသည်။ ယင်းတို့အနက်မှ မွန်ပြည်နယ်သို့ အလည်အပတ်လာရောက်ကြသည့် ဧည့်သည်များအတွက် မွန်ပြည်နယ်လမ်းညွှန် မိုဘိုင်းလ် App ရေးဆွဲသည့် မောင်မင်းထူးတင့်နှင့် တွေ့ဆုံပြီး မိုဘိုင်းလ် App ရေးသားသည့် အတွေ့အကြုံများနှင့် နယ်မြို့များရှိ လူငယ်များ၏ အခက်အခဲများအကြောင်း မေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ညီလေးတို့အနေနဲ့ မွန်ပြည်နယ်အတွက် လုပ်ခဲ့တဲ့ လမ်းညွှန်မိုဘိုင်းလ် App လုပ်နေတယ်လို့ သိရတယ်။ ဒါက ဘယ်တော့လောက် အပြီးသတ်လုပ်သွားနိုင်မလဲ။ ပြီးတော့ ဘယ်လိုအချက်အလက်တွေ ပါဝင်မလဲ။
MHT : ဟုတ်ကဲ့၊ ပထမဆုံးတော့ Travel Guide (Mon State) ဆိုတဲ့နာမည်နဲ့ မွန်ပြည်နယ် ခရီးသွားလမ်းညွန် Mobile App တစ်ခု ဖန်တီးမယ်ဆိုပြီး စခဲ့ပါတယ်။ လမ်းညွန်ဆိုတဲ့အတိုင်း ခရီးသွားပြည်သူတွေ၊ ကမ္ဘာလည့်ခရီးသွားတွေအတွက် အထောက်အကူဖြစ်စေမည့် လည်ပတ်စရာ အထင်ကရနေရာ (Famous Places)?အပန်းဖြေအနားယူနိုင်မည့် ဟိုတယ်နှင့်တည်းခိုခန်း (Hotels & Resorts)?စားသောက်ဆိုင်များ (Restaurants)? အရေးပေါ်အခြေအနေတွေ (သို့) ခရီးသွားရင်း နေမကောင်းဖျားနာခြင်းအတွက် (Emergency) စတဲ့ အခြေခံအချက်အလက်တွေက အကြမ်းဖျင်းပါဝင်ပါမယ်။ Famous Places ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထိုမြို့နယ်အတွင်းမှာရှိတဲ့ တန်ခိုးကြီးဘုရားများ၊ အပန်းဖြေလို့ရနိုင်မယ့်နေရာများ၊ အထင်ကရနေရာများ စတဲ့နေရာများကို Google Map နှင့်တကွ လမ်းညွန်ပေးသွားမှာဖြစ်ပါတယ်။ Hotels & Resorts မှာတော့ တည်းခိုစရာနေရာအများအပြားကို ဈေးနှုန်းနှင့်တကွ အချက်အလက်အပြည့်အစုံဖြင့် ဖော်ပြပေးထားတဲ့အတွက် မိမိစိတ်ကြိုက် ရွေးချယ်နိုင်မှာပါ။ Restaurants အများအပြားကိုလည်း ရွေးချယ်နိုင်ပါမယ်။ Emergency ကျတော့ ထိုမြို့နယ်ရှိ ကယ်ဆယ်ရေးဖုန်းနံပါတ်၊ ဆေးရုံတည်နေရာ အချက်အလက်အစုံအလင်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ App ကိုတော့ ၅ လပိုင်းလောက် အပြီးသတ်နိုင်ဖို့တော့ကြိုးစားနေပါတယ်ခင်ဗျ။

Voice : ဒီ App ကို အဓိက ဘယ်လိုလူတွေ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားသလဲ။ ဒီဒေသအတွက် ဘယ်လောက်အထိ အထောက်အကူပေးနိုင်မလဲ။
MHT : ခရီးသွားရတာ ကြိုက်တဲ့သူတွေအတွက် အရမ်းအသုံးဝင်ဖို့တော့ မျှော်လင့်ထားတာပေါ့။ မြန်မာနိုင်ငံသားသာမက Tourist တွေပါ သုံးနိုင်ဖို့ စီစဉ်ထားပါတယ်။ ခရီးသွားဖို့မအားတဲ့သူတွေလည်း ဒီ App ကနေ စေတီပုထိုး သဘာဝအလှတရားကို ကြည့်ရှုခံစားနိုင်မှာပါ။ ဒေသခံတွေအတွက်ကတော့ မိမိပြည်နယ် မိမိဒေသမှာ ဘယ်လိုတန်ခိုးကြီးဘုရားတွေ ခမ်းနားထည်ဝါတယ်၊ အပန်းဖြေစရာတွေ သာယာလှပကြောင်းကို ဝင့်ကြွားနိုင်မှာဖြစ်တယ်။ စီးပွားရေးမှာတော့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကို တိုးတက်စေမှာဖြစ်ပါတယ်။

Voice : ဒီ App အတွက် လိုအပ်တဲ့ အချက်အလက်တွေကိုရော ဘယ်လိုရယူခဲ့သလဲ။ အဲ့ဒီနေရာမှာရော ဘယ်လိုအခက်အခဲတွေ ရှိခဲ့သေးလဲ။
MHT : ကိုယ်တိုင်ပဲ တစ်မြို့ဝင်တစ်မြို့ထွက်ပြီး လိုအပ်တဲ့အချက်အလက်တွေ ဓာတ်ပုံတွေကို လိုက်စုဖြစ်ပါတယ်။ အိမ်ပြန်ရောက်ရင်တော့ သွားထားတဲ့နေရာတွေရဲ့ Review တွေကိုရေးတယ်။ သူငယ်ချင်းတွေရဲ့အကူအညီလည်း ယူဖြစ်တယ်။ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ အဓိကကတော့ Supporter ကောင်းကောင်းမရှိတာပေါ့။ လိုအပ်တဲ့အချက်အလက်တွေကို ကိုယ်တိုင် လိုက်ကောက်ရတော့ ပင်ပန်းတာလောက်ပါပဲ။

Voice : ဒီလို App ကို လုပ်ဖြစ်တဲ့ရည်ရွယ်ချက်ကရော ဘာကြောင့်လဲ။ 
MHT : အဓိကတော့ ခရီးသွားတွေသာမက ခရီးသွားဖို့ အဆင်မပြေသေးတဲ့သူတွေကို မြန်မာနိုင်ငံမှာရှိတဲ့ အလှတရားတွေဆီ အရောက်ပို့ဆောင်ပေးစေလိုတဲ့ရည်ရွယ်ချက်နဲ့ စလုပ်ဖြစ်ခဲ့တာပါ။ အခွင့်အရေးများရှိခဲ့ရင် မြန်မာ့ခရီးသွားလမ်းညွန် App တစ်ခုဖြစ်တဲ့အထိ ကြိုးစားပြီး မြန်မာနိုင်ငံရဲ့ သဘာဝအလှတရားတွေဆီ ခေါ်ဆောင်ပေးချင်ပါတယ်။

Voice : ပြည်တွင်းနည်းပညာနယ်ပယ်မှာ ညီလေးတို့လို ကျောင်းသားလူငယ်တွေအနေနဲ့ နည်းပညာလေ့လာမှုတွေ၊ အခုလို ဖန်တီးမှုတွေ လုပ်တဲ့နေရမှာ ဘယ်လိုအခက်အခဲတွေရှိသလဲ။ ဒါတွေကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲ။
MHT : နည်းပညာဘက် အားမပေးတဲ့လူတချို့ရဲ့ အပြစ်ပြောစကားတွေကလွဲလို့ လေ့လာမှုတွေ၊ ဖန်တီးမှုတွေလုပ်တဲ့နေရာမှာ သိပ်တော့အခက်အခဲမရှိပါဘူး။ သူတို့ရဲ့ပြောစကားတွေကို လျစ်လျူရှုပြီးတော့ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုပဲ ဦးတည်သွားဖြစ်ပါတယ်။

Voice : ဒီ App ကို တစ်ယောက်တည်းပဲ လုပ်ခဲ့လား။ အဖွဲ့နဲ့လုပ်ဖို့ ဘာလို့မစဉ်းစားတာလဲ။ အဖွဲ့နဲ့ လုပ်တာဆိုရင် ပူးပေါင်းပြီးလုပ်တဲ့အတွက် ဘယ်လိုအားသာချက်တွေ ပိုရှိသွားမလဲ။
MHT : ကျွန်တော်တစ်ယောက်တည်းပါပဲ။ ဘာလို့အဖွဲ့နဲ့လုပ်ဖို့ မစဉ်းစားလဲဆိုတော့ ကျွန်တော်နဲ့အတူ တွဲလုပ်မယ့် ခံယူချက်ချင်းတူတဲ့လူ မရှိသေးလို့လည်းပါတယ်၊ တစ်ယောက်တည်းကြိုးစားကြည့်မယ်ဆိုတဲ့ စိတ်ကြောင့်လည်းပါပါတယ်။ ခုက ကျောင်းတက်နေရင်း လေ့လာနေတာဆိုတော့ ကိုယ်လုပ်မှကိုယ်တတ်တာဆိုတော့ တစ်ယောက်တည်းလုပ်ကြည့်တာပါ။ အဖွဲ့နဲ့လုပ်တာက တစ်ယောက်တည်းထက်စာရင်တော့ အများကြီးသာပါတယ်။ ဒါပေမဲ့ တစ်ဖွဲ့လုံးကို ခေါင်းဆောင်နိုင်မည့် ခေါင်းဆောင်ကောင်းမရှိရင် ရေရှည် တည်တံ့နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် ဦးဆောင်နိုင်ဖို့ လေ့လာနေဆဲမို့ အဖွဲ့ကို မစဉ်းစားတာပါခင်ဗျ။

Voice : လူငယ်တွေအနေနဲ့ နည်းပညာတီထွင်မှုတွေ၊ လေ့လာမှုတွေ လုပ်နေနိုင်ဖို့ ဘယ်လိုအထောက်အပံ့တွေ လိုအပ်ဦးမလဲ။
MHT : ပထမကတော့ မိဘတွေရဲ့ အားပေးထောက်ပံ့မှုပါ။ နောက်တစ်ခုက ကိုယ်တက်နေတဲ့ကျောင်းက ဆရာ၊ ဆရာမတွေရဲ့ နည်းပညာတီထွင်မှုအပေါ် အားပေးမှုတွေက အရမ်းအဓိကကျပါတယ်။ ကျောင်းမှာ သင်လိုက်တဲ့စာတွေကို လက်တွေ့အသုံးချတတ်အောင် နည်းပညာနဲ့ပတ်သက်တဲ့ပြိုင်ပွဲတွေ လုပ်ပေးတာ၊ ကျောင်းစာအပြင် တခြားသောစာတွေကို လေ့လာတတ်အောင် လမ်းစပေးတာတို့တွေ လိုအပ်နေပါတယ်။

Voice : ကျောင်းတစ်ဖက်နဲ့ဆိုတော့ အချိန်ခန့်ခွဲတာတွေဘာတွေ ဘယ်လိုလုပ်သလဲ။ ကျောင်းစာကလည်း ရှိသေးတော့လေ။
MHT : အချိန်ကိုတော့ သေချာကြီး မခန့်ခွဲဖြစ်ဘူး။ တက္ကသိုလ်ကျောင်းသားဘဝမှာ ကျောင်းစာကို နေ့တိုင်းပုံမှန်လုပ်ဖြစ်တာဆိုလို့ ပထမနှစ်ကပဲ ရှိခဲ့ဖူးပါတယ်။ ဒုတိယနှစ်ကစပြီး နည်းပညာကို စလေ့လာဖြစ်ကတည်းက ကျောင်းစာကို ပုံမှန်မလုပ်ဖြစ်တော့ဘူး။ အတွေ့အကြုံရအောင် Project တွေရေးတယ်၊ လေ့လာတယ်။ နေ့နဲ့ညမှားပြီး ကျောင်းမတက်နိုင်တဲ့အထိပါ။ ကျောင်းစာဘက်မှာ မလျော့သွားအောင် စာမေးပွဲနီးမှ ပင်ပင်ပန်းပန်းနဲ့ ပြန်ကြိုးစားရတော့ ပင်ပန်းတယ်။ အချိန်ကို သေချာခန့်ခွဲနိုင်ရင်တော့ အကောင်းဆုံးပေါ့။

Voice : နယ်မှာဆိုတော့ နည်းပညာလေ့လာတာတွေမှာ အခက်အခဲတွေဆိုရင် ဘာတွေရှိမလဲ။
MHT : နယ်မှာဆိုတော့ နည်းပညာနဲ့ပတ်သက်ပြီး အတွေ့အကြုံဗဟုသုတတွေပေးတဲ့ နည်းပညာဟောပြောပွဲတွေ၊ လမ်းညွန်ပေးတဲ့သူမရှိသလောက် နည်းပါးတဲ့အတွက် ကိုယ့်ဘာသာလေ့လာရတယ်၊ Internet ကို အားကိုးရတယ်။ မြို့ကြီးပြကြီးတွေလောက် လိုင်းမကောင်းတာ၊ နေရာအခြေအနေ စတဲ့အခက်အခဲတွေကြောင့် လေ့လာသူများ လိုသလောက်၊ စိတ်ပါသလောက် မလေ့လာနိုင် ဖြစ်နေရပါတယ်။ ဒါတွေက နယ်ဘက်မှာ ကြုံတွေ့ရတဲ့ အကြီးမားဆုံးသော အခက်အခဲတွေထဲက တစ်ခုဖြစ်ပါတယ်။

Voice :  နောက်ဆုံးအနေနဲ့ နောက်ထပ် ဘယ်လို App တွေ ဆက်ပြီးလုပ်သွားမယ်လို့ စဉ်းစားထားလဲ။ ကျောင်းပြီးသွားရင်ရော ဘာတွေ ဆက်ပြီးလုပ်မယ်လို့ စိတ်ကူးထားသလဲဆိုတာ ဖြေပေးပါဦး။
MHT : လူတိုင်းအတွက် အသုံးဝင်နိုင်မည့် App တွေကိုတော့ တစ်ခုပြီးတစ်ခု ဖန်တီးဖြစ်နေမှာပါ။ နည်းပညာတစ်ခုနဲ့ပဲ အသက်မွေးပြီး တစ်ထောင့်တစ်နေရာကနေ လူတွေကို အကျိုးပြုချင်ပါတယ်။

မောင်မန်း