News

POST TYPE

IT

အွန်လိုင်းဈေးကွက်ရှာဖွေခြင်းဆိုင်ရာ သင်တန်းများပေးနေသည့် ကိုအောင်မွန်ချမ်းနှင့် တွေ့ဆုံခြင်း
16-Jan-2018



“ဥပဒေနဲ့ မညီညွတ်တဲ့ဆေးတွေဘာတွေ ရောင်းလို့ရလာတာကတော့ ဘေးထွက်ဆိုးကျိုးပေါ့”

မြန်မာနိုင်ငံအတွင်း လူမှုကွန်ရက်အသုံးပြုမှု အဆမတန်မြင့်တက်လာတာနဲ့အမျှ အွန်လိုင်းအခြေပြု ကြော်ငြာလုပ်ငန်းများ၊ အွန်လိုင်းအရောင်းဆိုင်များ အပါအဝင် ဈေးကွက်ရှာဖွေရေးလုပ်ငန်း အမျိုးအစားများစွာ မြင်တွေ့လာရသည်။ ယင်းအခြေအနေတွင် ပြည်တွင်းရှိ လူငယ်များအပါအဝင် စီးပွားရေးလုပ်ငန်းအများစုကလည်း အွန်လိုင်းအရောင်းနှင့် ကြော်ငြာလုပ်ငန်းများအပေါ် စိတ်ဝင်စားမှု မြင့်တက်လာခဲ့သည်။ အွန်လိုင်းအခြေပြု ကြော်ငြာလုပ်ငန်းများနှင့် အရောင်းလုပ်ငန်းများ၊ Content Marketin လုပ်ကိုင်မည့်သူများအနေနှင့် သိရှိရန် လိုအပ်သည့်အချက်များနှင့် စတင်တည်ထောင်ချိန်တွင် ကြုံတွေ့ရမည့် အခက်အခဲများ၊ ဖြေရှင်းရန်နည်းလမ်းများကို အွန်လိုင်းဈေးကွက်ရှာဖွေခြင်း အတွေ့အကြုံများ မျှဝေနေပြီး သင်တန်းပေးနေသည့် ကိုအောင်မွန်ချမ်းနှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ပြည်တွင်းမှာက လူမှုကွန်ရက်အသုံးပြုတာက အချိန်တိုအတွင်းမှာ အဆမတန် မြင့်တက်ခဲ့တယ်လို့ ပြောလို့ရတဲ့ အခြေအနေပေါ့လေ။ ဒီအခြေအနေမျိုးမှာ လူမှုကွန်ရက်ပေါ်ကနေ ကြော်ငြာလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ အများကြီး ဖြစ်လာခဲ့တယ်။ ဒီအပေါ် အမြင်လေး အရင်ဆုံးပြောပေးပါဦး။
AMC : အားလုံးကို ခြုံငုံပြီးပြောရရင်တော့ ကောင်းတယ်လို့ပဲ ပြောရပါမယ်။ အရင်တုန်းက ကျွန်တော်တို့မှာ ကြော်ငြာ Channel တွေဆိုလို့ Billboard, သတင်းစာ ဂျာနယ်၊ ရေဒီယို စသဖြင့် ဒီ channel တွေပဲ ရှိရာကနေ အခု အွန်လိုင်းက လူမှုကွန်ရက်ကတစ်ဆင့် ကြော်ငြာထည့်လို့ရလာတယ်။ လုပ်ငန်းတွေ လုပ်လို့ရလာတယ်ဆိုတာက ပိုပြီးလွယ်ကူလာသလို Data တွေ ပြန်ရလာနိုင်တာတွေ၊ Aegmented Targeting လုပ်နိုင်တာတွေကြောင့် ပိုပြီးထိရောက်လာပါတယ်။ ဒါကြောင့် ခြုံပြောရရင် ကောင်းတယ်လို့ ဆိုလိုတာပါ။ ဥပဒေနဲ့ မညီညွတ်တဲ့ဆေးတွေဘာတွေ ရောင်းလို့ရလာတာကတော့ ဘေးထွက်ဆိုးကျိုးပေါ့လေ။ ဒါပေမဲ့ အားလုံးအတိုင်းအတာနဲ့ဆိုရင် ကောင်းသောတိုးတက်မှုလို့ မြင်ပါတယ်။

Voice : လူမှုကွန်ရက်ပေါ်ကနေ သို့မဟုတ် ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေကနေ ပစ္စည်းတွေရောင်းကြတဲ့သူတွေ ရှိမယ်။ ဒါမှမဟုတ် ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ကြတဲ့သူတွေရှိမယ်။ သူတို့အနေနဲ့ ဘာတွေသိထားသင့်သလဲ။
AMC : အခြေခံအားဖြင့် အင်တာနက်အသုံးပြုပုံတွေ၊ Digital Marketing နည်းပညာပိုင်းတွေဖြစ်တဲ့ Social Media Marketing, Search Engine Optimization and Marketing, Email Marketing စတာတွေ သိထားဖို့သင့်ပါတယ်။ Marketing ကို အခြေခံလောက်ကနေစပြီး သိထားဖို့လိုသလို နည်းပညာတိုးတက်မှုနောက်ကိုလိုက်ပြီး စမ်းသပ်ပြောင်းလဲနိုင်စွမ်းလည်း လိုအပ်ပါမယ်။ ကိုယ်လိုချင်တဲ့အဖြေကို Google ကနေ ရှာတတ်တာမျိုး၊ နည်းပညာအပြောင်းအလဲနောက်ကို မျက်ခြည်မပြတ်အောင် စာဖတ်တာမျိုး အစရှိတာတွေ လိုအပ်ပါမယ်။

Voice : ခုနလိုဝန်ဆောင်မှုကို ရောင်းချတဲ့ပုံစံမဟုတ်ဘဲ ဖျော်ဖြေရေး၊ သတင်း စတာတွေ တင်ပေးတယ်။ ကြော်ငြာရှာတယ်ဆိုတဲ့ ပုံစံမျိုးလည်း နောက်ပိုင်းမှာ ဝက်ဘ်ဆိုက်တွေ အတော်များများတွေ့ရတယ်။ ဒီလိုလုပ်တဲ့ဟာတွေကရော ဘယ်လိုအခက်အခဲတွေရှိလဲ။ သူတို့ဈေးကွက်အခြေအနေကရော ဘယ်လိုရှိလဲဗျ။
AMC : ဟိုအရင် Google ရဲ့ AdSense ကြော်ငြာခေတ်ကနေ အခု Facebook ရဲ့ Instant Article နဲ့ Audience Network ခေတ်အထိ ဒီလို ကြော်ငြာခရတာတွေအပြင်ကို ကြော်ငြာပြန်ရောင်းတာတွေ ရှိခဲ့၊ ရှိနေပါတယ်။ နောက်လည်း ရှိနေဦးမှာပါပဲ။ အခက်အခဲကတော့ Website နဲ့ Blog တွေ၊ Page တွေကို Traffic ရအောင် လူတွေဝင်ကြည့်အောင် လုပ်ရတာ အရင်ကလို မလွယ်တော့တာတွေရှိသလို သတင်းဖြစ်ရင်ပြီးရောဆိုပြီး ကော်ပီတွေ ကူးတင်နေကြရာမှာ တကယ့်သတင်း Site အစစ်တွေကို ယုံကြည်မှုပါ ကျလာတာတွေ ရှိလာပါတယ်။ နောက်ပိုင်းမှာ Facebook  နဲ့ တခြားသက်ဆိုင်ရာ Channel တွေကလည်း ကန့်သတ်မှုတွေ လုပ်လာမယ်ဆိုတော့ ကော်ပီကူးတင်တဲ့သူတွေ တဖြည်းဖြည်းကျသွားပြီး အမှန်အကန် Site တွေပဲ ကျန်ခဲ့မယ်လို့တော့ထင်တယ်။ ဈေးကွက် အခြေအနေကတော့ လူတွေက သတင်းတွေကို အချိန်နဲ့အမျှသိရဖို့ ပိုမျှော်လင့်လာတဲ့အတွက် သတင်း Site တွေကတော့ ဆက်ပြီး ရှိနေဦးမှာပါ။

Voice : ပြောခဲ့တဲ့ အဲ့ဒီကြော်ငြာရှာတဲ့ ဝက်ဘ်ဆိုက်တွေက မမှန်တဲ့သတင်းတွေလည်း ဖြန့်ဝေတာမျိုးတွေ့ရတယ်။ နောက်တစ်ခုက တင်ထားတဲ့အကြောင်းအရာကို နောက်တစ်နေရာက ယူတင်တာမျိုးတွေ တွေ့ရတယ်။ ဒါတွေအပေါ် ဘာပြောဖို့ရှိမလဲဗျ။
AMC : အပေါ်မှာပြောသလိုပဲ ဒါကို Facebook လို Channel တွေက ကိုင်တွယ်ဖို့ရှိတယ်လို့ ကျွန်တော်ထင်တယ်။ ဒီတော့ နောက်ပိုင်းကျရင် ဒီ ကော်ပီ Page တွေက ထင်သလောက် မကောင်းတော့တာတွေ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ Internet user တွေဘက်ကလည်း နည်းနည်းပိုပြီး ရင့်ကျက်လာတာနဲ့အမျှ သတင်းအတုနဲ့အစစ်၊ ကော်ပီသတင်းနဲ့ မူရင်းသတင်းတွေကို ခွဲခြားနိုင်လာမယ်လို့ ထင်ပါတယ်။

Voice : အွန်လိုင်းကြော်ငြာလုပ်ငန်းနဲ့ အွန်လိုင်းအခြေပြုလုပ်ငန်းတွေကို စတင်ထူထောင်တဲ့နေရာမှာ ဘာတွေသိထားဖို့လိုမလဲဗျ။ ကိုအောင်မွန်ချမ်းရဲ့ အတွေ့အကြုံကို မျှဝေပါဦး။
AMC : ကျွန်တော့်အတွေ့အကြုံအရဆိုရင်တော့ ဒီအချိန်ဟာ အွန်လိုင်းလုပ်ငန်းတွေ စလုပ်ဖို့ကောင်းတဲ့အချိန်ဖြစ်သလို အပြင်ကလုပ်ငန်းတွေအတွက်လည်း အွန်လိုင်းပေါ်ကိုတက်လာဖို့ အချိန်ကောင်းဖြစ်ပါတယ်။ တစ်ခုရှိတာက အွန်လိုင်းလုပ်ငန်းတည်ထောင်ရာမှာ ကိုယ်ပေးတဲ့ဝန်ဆောင်မှုနဲ့ ရောင်းချတဲ့ပစ္စည်းအပေါ်မှာ ကိုယ်တိုင် အာမခံနိုင်၊ ယုံကြည်မှုရှိနိုင်မယ်ဆိုရင် ပိုကောင်းမှာပါ။ ဒါဆိုရင် ကိုယ့်ဆီက ဝယ်ယူသူတွေအတွက်လည်း ပစ္စည်းရော ဈေးရော ဝန်ဆောင်မှုရော အာမခံနိုင်တဲ့အတွက် စိတ်ချမ်းသာရသလို Repeated Customer တွေ Retention တွေ ရလာစေမှာဖြစ်ပါတယ်။ ကြော်ငြာလုပ်ငန်းတွေ စလုပ်မယ်ဆိုရင်တော့ SME တွေကို ရည်ရွယ်တဲ့ဝန်ဆောင်မှုတွေနဲ့စပြီး နောက်ပိုင်းမှ လုပ်ငန်းကြီးတွေကို ဝန်ဆောင်မှုပေးတာ ပိုကောင်းမယ်လို့ထင်ပါတယ်။

Voice : လူမှုကွန်ရက် ကျွမ်းကျင်တဲ့သူအနေနဲ့ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်တဲ့အပိုင်းလည်း လိုအပ်မှာပါ။ ဒီလိုတည်ဆောက်တဲ့နေရာမှာ ဘယ်လိုနည်းလမ်းတွေကို အသုံးချလို့ရမလဲ။
AMC : ကျွန်တော့်အနေနဲ့ ခံယူထားတာကတော့ ကိုယ်က ပေးနိုင်သလောက်ပေးပါ၊ ကိုယ့်အတွက်လည်း အချိန်တန်တဲ့အခါ ပြန်ရလာမှာပါလို့ပဲ ခံယူထားပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ Page တွေ Account တွေကနေ Digital Marketing အကြောင်းကို ကျွန်တော်သိသလောက် ပြန်လည်မျှဝေပေးနေပါတယ်။ အဓိကက ကိုယ်ပေးလိုက်တာသည် အများအတွက် အသုံးဝင်စေမယ့် Information တစ်ခုဖြစ်သွားမယ်၊ အဲဒါကို အသုံးချပြီး အကျိုးရှိသွားမယ်ဆိုရင် သူတို့ဟာ ကိုယ့်ကို နေရာတစ်ခုပေးလာဖို့ ဝန်လေးတော့မှာမဟုတ်ပါဘူး။ ဒါကြောင့်ပေးပါ။ ကိုယ်လည်း ပြန်ရလာမှာပါ။

Voice : အွန်လိုင်းကကြော်ငြာတဲ့လုပ်ငန်းတွေ အများကြီးတွေ့ရပါတယ်။ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေဖွင့်ပြီး လုပ်ကိုင်ကြတာပေါ့။ ဒီလိုလုပ်ကိုင်တဲ့နေရာမှာ ကိုယ့်ရဲ့ထုတ်ကုန်၊ ဝန်ဆောင်မှုကို လူတွေပိုသိအောင် ဘယ်လိုလုပ်ဆောင်လို့ရမလဲ။ ငွေသုံးပြီးကြော်ငြာရင်ရော ဘယ်လိုအသုံးပြုတာက ပိုပြီးထိရောက်မလဲဗျ။
AMC : အခုနောက်ပိုင်းမှာ Facebook ကိုယ်တိုင်ကလည်း Business Page တွေရဲ့ ပို့စ်တွေကို လူတွေဆီ သိပ်မပို့တော့ဘူးလို့ ကြေညာထားတာရှိတဲ့အတွက် ငွေသုံးပြီးကြော်ငြာဖို့ကတော့ ပိုပြီးလိုအပ်လာပါတယ်။ တစ်ခု ကျွန်တော်အကြံပေးချင်တာက ငွေသုံးတာလည်း သုံးရမှာဖြစ်သလို Customer Engagement နဲ့ Conversation Creating ကိုလည်း သုံးစေချင်တယ်။ ကိုယ့်ရဲ့ Post တွေအောက်မှာ လူတွေ တစ်ခုခုဆွေးနွေးနေကြတာမျိုး၊ ကိုယ်နဲ့ သူတို့နဲ့ အပြန်အလှန် ဆွေးနွေးနေတာမျိုးတွေကို ပိုပြီး Focus လုပ်မယ်ဆိုရင် ပိုပြီးထိရောက်မှုရှိပါလိမ့်မယ်။ နောက်တစ်ခုကတော့ Facebook မှာ Boost လုပ်တာအပြင် အခြား Promote လုပ်နည်းတွေ အများကြီးရှိပါတယ်။ Boost အပြင် အဲဒီအခြားနည်းလမ်းတွေ ဥပမာ Awareness Ads, Messenger Ads စတာတွေကိုလည်း စမ်းသပ်ပြီးလုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Voice : ကိုအောင်မွန်ချမ်းအနေနဲ့ သင်တန်းတွေဖွင့်တာလည်း တွေ့ရတယ်နော်။ သင်တန်းအကြောင်း နည်းနည်းပြောပေးပါဦး။ နောက်တစ်ခုက ဒီသင်တန်းမျိုးတွေလည်း တွေ့ရတာများတယ်။ လူငယ်တွေ၊ စိတ်ဝင်စားသူတွေအနေနဲ့ တက်ချင်တယ်ဆိုရင် ဘယ်လိုရွေးချယ်သင့်လဲဗျ။
AMC : ဟုတ်ကဲ့၊ ကျွန်တော် Digital Marketing သင်တန်းတွေကို ၂၀၁၆ လောက် စခဲ့ပါတယ်။ ခုတော့ ရန်ကုန်မှာ (၃) နေရာမှာ ခွဲဖွင့်ထားပြီး မန္တလေးမှာတော့ ဒီလကုန်မှာ တန်းခွဲသစ် ဖွင့်လှစ်မှာပါ။ ရန်ကုန်မှာတော့ Today Matters Institute – TMI, MHR, နဲ့ MWS တွေမှာ စုံစမ်းနိုင်ပြီး မန္တလေးမှာ Y.E.C မှာ စုံစမ်းနိုင်ပါတယ်။ သင်တန်းတွေများလာတာလည်း ကောင်းပါတယ်။ အဓိကက နည်းပညာပိုင်းကိုရော သီအိုရီပိုင်းကိုပါမျှပြီး သင်ကြားပေးနိုင်တဲ့ သင်တန်းတွေကို ပိုပြီးရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ Digital Marketing အလုပ်စစချင်းမှာ နည်းပညာပိုင်းနဲ့ လက်တွေ့ပိုင်းတွေ ပိုပြီးလိုအပ်မှာဖြစ်ပေမယ့် တဖြည်းဖြည်း Senior ဖြစ်လာတဲ့အခါမှာ သီအိုရီပိုင်း Management ပိုင်းနဲ့ Strategy & Planning ပိုင်းတွေက ပိုပြီး လိုအပ်လာမှာမို့ပါ။ ဒါကြောင့် ရေရှည်မှာ နှစ်ခုလုံးကို သင်ပေးနိုင်မယ့် အတန်းမျိုးကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

Voice : အမှတ်တံဆိပ်တစ်ခု၊ ထုတ်ကုန်တစ်ခု သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို လူတွေယုံကြည်လာအောင် ဘယ်လိုတည်ဆောက်ယူသင့်လဲဗျ။ ကြော်ငြာတင် မဟုတ်ဘဲပေါ့လေ။
AMC : ကြော်ငြာတာကတော့ First Step ပေါ့လေ။ ကိုယ့်ရဲ့ အမှတ်တံဆိပ်ကို လူတွေသိလာမယ်၊ ကိုယ်ရှိမှန်း သိလာမယ့်အချိန်ပေါ့။ လူတွေသိပြီးသွားရင်တော့ ကိုယ့်ရဲ့ဝန်ဆောင်မှု၊ ပစ္စည်းဈေးနှုန်းမှန်ကန်မှု၊ Customer Care အစရှိတဲ့နည်းလမ်းတွေနဲ့ လူတွေယုံကြည်အောင်၊ ထပ်မံဝယ်ယူလာအောင် လုပ်ဆောင်လို့ရပါတယ်။ Digital မှာ ဒီအဆင့်တွေအကုန်လုံးကို လုပ်လို့ရပါတယ်။ ကြော်ငြာထည့်မယ်၊ လူတွေ မဝယ်ခင်နဲ့ ဝယ်ပြီးတဲ့အခါမှာ မေးမယ့်မေးခွန်းတွေကို ဖြေကြားပေးမယ်၊ ဝန်ဆောင်မှုပေးမယ်၊ Customer Care ကောင်းကောင်းလုပ်မယ်ဆိုရင်တော့ ယုံကြည်လာမှာပါ။

Voice : နောက်ဆုံးအနေနဲ့ပေါ့ဗျာ။ လူမှုကွန်ရက်မှာ Page တစ်ခုထောင်မယ်။ ဝန်ဆောင်မှုတစ်ခုခုကို ပေးမယ်ဆိုတဲ့ စတင်လုပ်ကိုင်မယ့်သူတွေအနေနဲ့ ဘယ်လိုအချက်တွေ ရှောင်ရမလဲ၊ ဘယ်လိုအချက်တွေကို သတိထားလုပ်ကိုင်ရမလဲဆိုတာ အကြံပြုပေးပါဦး။
AMC : အဓိကကတော့ Digital ဟာ Data တွေ ပြန်ရနိုင်တဲ့ ROI ပြန်တွက်နိုင်တဲ့ နေရာဖြစ်တဲ့အတွက် အဲဒီအခွင့်အရေးကို လက်လွတ်မခံပါစေနဲ့၊ Customer ကို ဂရုစိုက်ပါ၊ တတ်နိုင်သလောက် ဝန်ဆောင်မှုပေးပါလို့ ပြောချင်ပါတယ်။ နည်းပညာနဲ့ပတ်သက်ပြီး တရားဝင်မဟုတ်တဲ့ နည်းလမ်းတွေနဲ့ Like တိုးအောင်လုပ်တာမျိုးတွေဟာလည်း ရေရှည်မှာ မကောင်းတဲ့အတွက် ရှောင်သင့်ပါတယ်။ နောက်တစ်ခုက လူတွေဟာ တစ်ခုခုအဆင်မပြေဖြစ်ခဲ့ရင် အွန်လိုင်းမှာ တင်ကြတဲ့ အလေ့အကျင့် ရှိပါတယ်။ ဒါကြောင့် အဆင်မပြေတဲ့အခါ အဆင်ပြေအောင်လုပ်ဆောင်ပေးပါ၊ ကိုယ်မှားခဲ့ရင်လည်း အဆင်ပြေအောင် တောင်းပန်တာမျိုး၊ ကျေနပ်အောင် လုပ်ပေးတာမျိုးတွေ လုပ်ပါလို့။ အွန်လိုင်းဟာ ကိုယ့်ကို အချိန်တိုတွင်း အောင်မြင်အောင် လုပ်ပေးနိုင်သလို အချိန်တိုအတွင်း နာမည်ပျက်အောင်လည်း လုပ်နိုင်တဲ့အတွက် အဲဒါလေးကိုတော့ သတိထားသင့်ပါတယ်။

မောင်မန်း