News

POST TYPE

IT

Music Streaming Web App ရေးဆွဲသူ ကိုအောင်သူရဝင်းနှင့် တွေ့ဆုံခြင်း
09-Jan-2018

ပြည်တွင်း၌ နည်းပညာစွန့်ဦးလုပ်ငန်းများကို လူငယ်များက ကြိုးပမ်း ဆောင်ရွက်လာကြသည်။ တိုးတက်လာသည့် အင်တာနက်ဆက်သွယ်မှုအရ  အွန်လိုင်းမှ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို စိတ်ဝင်စားမှု များပြားလာကြသည်။ အမျိုးမျိုးသော ဖန်တီး တီထွင်မှုများအနက်မှ အွန်လိုင်းမှ သီချင်းများကို နားထောင်နိုင်မည့် Web App ရေးသားသည့် မောင်အောင်သူရဝင်းနှင့် တွေ့ဆုံပြီး ပြည်တွင်း နည်းပညာလုပ်ငန်း နယ်ပယ် အခြေအနေများ၊ စွန့်ဦးလုပ်ငန်း စတင်လုပ်ကိုင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် Music Streaming Web App အကြောင်းတို့ကို မေးမြန်းပြီး ပြန်လည် ဖော်ပြအပ်ပါသည်။

Voice : ညီလေးတို့အနေနဲ့ လုပ်ခဲ့တဲ့ Music Streaming Web App က ဘာတွေ လုပ်ဆောင်နိုင်မလဲဆိုတာ အရင်ဆုံး ပြောပြပေးပါ။
ATYW : ဒီ App မှာ သီချင်းတွေကို Streaming နားထောင်လို့ရတယ်၊ Offline နားထောင်လို့ရတယ်၊ သီချင်းတွေကို ကြိုက်နှစ်သက်ရာ Quality (Bitrate) နဲ့ နားထောင်လို့ နိုင်ပါတယ်။ သီချင်းနားထောင်နေတဲ့အချိန်မှာ သီချင်းစာသားတွေကိုလည်း show/hide လုပ်လို့ရပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာ သီချင်းတွေကို Playlist ထဲထည့်ပြီး နားထောင်လို့ရတယ်။ လူကြိုက်များတဲ့ သီချင်းတွေကို Top Ten အနေနဲ့လည်း ဖော်ပြပေးထားပါတယ်။ Artist တွေ၊ Albums တွေ၊ Songs တွေကိုလည်း Artist အလိုက် Albums အလိုက် Songs အလိုက် ရှာဖွေနားထောင်လို့ ရနိုင်ပါတယ်။

Voice : ဒီ App ကို အဓိက ဘယ်လိုလူတွေ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားသလဲ။ အသုံးပြုသူတွေအတွက် ဘယ်လောက်အထိ အထောက်အကူ ပေးနိုင်မလဲ။
ATYW : ဒီ App ကိုတော့ မည်သူမဆို အသုံးပြုလို့ရအောင် ရည်ရွယ်ထားပါတယ်။ ဘယ်လောက် အထောက်အကူပေးလဲဆိုတော့ ပိုက်ဆံ နည်းနည်းနဲ့ သီချင်းတွေ အများကြီး နားထောင်လို့ရတယ်။

Voice : ဒီလို App ကို လုပ်ဖြစ်တဲ့စိတ်ကူးကိုလည်း ပြောပြပေးပါဦး။
ATYW : ဒီ App လေးကို လုပ်ဖြစ်တဲ့ စိတ်ကူးကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Music Streaming ဆိုပြီး မရှိသေးဘူး။ ပထမဆုံး App အနေနဲ့ ထုတ်ချင်တဲ့သဘောပါပဲ။

Voice : အဲ့ဒီလိုသီချင်းတွေကို အွန်လိုင်းက နားထောင်လို့ရအောင် လုပ်တဲ့အခါကျတော့ မူပိုင်ခွင့်လို ကိစ္စတွေကျတော့ ဘယ်လိုမျိုးရှိသလဲ။
ATYW : မူပိုင်ခွင့်ကျတော့ ကျွန်တော့်အပိုင်း မဟုတ်ဘူးပေါ့နော်။ အဲ့တုန်းကတော့ သီချင်းမူပိုင်ခွင့်အတွက် Bo Bo Music နဲ့ တိုင်ပင်တယ်လို့တော့ ပြောတယ်။ Bo Bo Music ကလည်း မူပိုင်ခွင့်ရှိတဲ့ သီချင်းတချို့ ပေးပါတယ်။

Voice : ငွေပေး ငွေချေတွေ ပါလာတယ်ဆိုတော့ ဘယ်လိုငွေပေးချေမှုပုံစံနဲ့ သွားသလဲ။ ဒီမှာက ငွေပေးချေမှုတွေက အားကောင်းမလာသေးတော့ ဘယ်လို အခက်အခဲတွေရှိသလဲ။
ATYW : ငွေပေးချေတဲ့အပိုင်းကတော့ Subscription ပုံစံပါ။ Operator တွေနဲ့ပဲ လုပ်မှာပေါ့။ MPT, Telenor, Ooredoo စတဲ့ Phone Bill တွေနဲ့ပဲ Charge လုပ်ဖို့ စီစဉ်ထားတာ။ အဓိက,ကတော့ Operator တွေနဲ့ပဲ Charge လုပ်မယ်ဆိုတော့ သိပ်အခက်အခဲတော့ မရှိပါဘူး။ အခက်အခဲ ရှိတာက MPT တစ်မျိုးတည်းပဲရပြီး အခြား Operator တွေ သုံးလို့မရတာပါပဲ။ နောက်တော့ အခြားဘယ်လို Payment တွေနဲ့ သွားမလဲဆိုတာ မသိသေးပါဘူး။

Voice : ဒီမှာ အသုံးပြုမယ့် သီချင်းတွေကိုရော ဘယ်လိုစုဆောင်းထားသလဲ။ ဟိုးအရင်က သီချင်းတွေ ဆိုရင်တော့ ပြန်ရှာရခက်နေတဲ့သူတွေဆိုရင် တော်တော်လေး စိတ်ဝင်စားမယ်ထင်တယ်။ ဘယ်လိုစဉ်းစားထားသလဲ။
ATYW : သီချင်းတွေကိုတော့ မစုဆောင်းဖြစ်သေးဘူး။ သီချင်းတွေကို Name, Artist, Genre, Year တွေနဲ့ Filter လုပ်လို့တော့ ရပါတယ်။ ကျွန်တော်တို့ ဆီမှာရှိတဲ့ သီချင်းအဟောင်းတွေဆိုရင်တော့ ရှာပြီး နားထောင်လို့ရမှာဖြစ်ပါတယ်။

Voice : ဒီနေ့ခေတ်မှာက ပျံ့နှံ့တဲ့လမ်းကြောင်းတွေက အရမ်း များလာတယ်။ ဥပမာ ဖေ့စ်ဘွတ်ခ်လို နေရာမျိုးမှာဆို အခမဲ့ ဒေါင်းလုပ်ယူလို့ ရနေတာတွေလည်း ရှိတာပေါ့။ ဒါတွေနဲ့ ယှဉ်ဖို့ကျတော့ ဘာတွေ ကွာခြားချက်ရှိသွားမလဲ။
ATYW : Facebook လို Free Download ဆွဲလို့ရတာနဲ့ ဘာတွေကွာသွားမလဲ ဆိုတော့ ဒီ App က Music သီးသန့် လုပ်ထားတဲ့အတွက် သီချင်း သီးသန့် နားထောင်ချင်တဲ့အချိန်မှာတော့ ဒီ App လေးက အသုံးဝင်မှာပေါ့။

Voice : အခု ဒီ App ဖန်တီးမှုတွေ လုပ်တဲ့နေရမှာ ဘယ်လို အခက်အခဲတွေ ရှိသလဲ။ ဒါတွေကို ဘယ်လို ကျော်ဖြတ်ခဲ့သလဲ။
ATYW : အခက်အခဲကတော့ ရှိတယ်။ ပထမဆုံး စတဲ့ ပြဿနာကတော့ Publisher တွေက ပေးမယ့်သီချင်းတွေက အများကြီးပဲ။ အဲဒီသီချင်းတွေကို Amazon s3 ပေါ် ဘယ်လိုတင်မလဲပေါ့၊ သီချင်းတွေက အများကြီးပါလာပြီ။ အဲ့ဒီသီချင်းတွေကို တစ်ကြိမ်တည်းနဲ့တင်မယ်။ အဲ့ဒါကတော့ သိပ်ပြဿနာ မရှိသေးပါဘူး။ File တွေ အများကြီးက Upload လုပ်တာ လုပ်နိုင်သွားပြီ။ အဲ့မှာတောင် Server Request Timeout ဖြစ်ဖြစ်သွားလို့ တိုင်ပတ်သေးတယ်။ File တင်ပြီး နောက်ပြဿနာက Artist album song names တွေကို Database ထဲ ထည့်ရတော့မယ်။ အဲဒီမှာ ပြဿနာက စတာပဲ MP3 File ကနေ ဘယ်လိုလုပ် Artist တွေ၊ Album တွေ သိနိုင်မှာလဲ။ Song Name တော့ သိကောင်းသိနိုင်တယ်။ File Name ကို Extension ရှေ့ကဟာကို ယူမယ်၊ သီချင်းတွေကို နောက်မှ Contact သမားတွေက လိုက်ပြင်ပေါ့ အဲ့လိုပဲ စိတ်ကူးမိတယ်။ အဲ့ဒါနဲ့ လိုင်းကားပေါ်မှာ AC DC Album နားထောင်တယ်။ နားထောင်တော့ Song Name, Artist Name,Album Name, Lyric,  music genre တွေ ပေါ်နေတာကို သတိထားမိတယ်။ အဲ့ဒါနဲ့ Google ကို အားကိုးရတယ်။ ရှာရင်း ရှာရင်းနဲ့ MP3 Tag တွေကို Read Write လုပ်တာကို ရှာတွေ့တယ်။ ကျွန်တော်က PHP (Laravel Framework) နဲ့ ရေးတာဆိုတော့ id3tag ဆိုတဲ့ Package လေးကို သုံးကြည့်တော့ အဆင်ပြေတယ်။ MP3 File တစ်ခုကို id3 tag နဲ့ Read လိုက်ရင် Artist, Album, Song Name တွေကို ရပါတယ်။ ဘယ်လောက်ထိတောင်ရလဲဆိုရင် Song Lyric, Song Genre, Publisher, Composer နဲ့ Band တွေ အထိတောင် ရတယ်။ မပါတဲ့ဟာတွေကျတော့လည်း မပါဘူးပေါ့။ မပါတဲ့ဟာတွေကျတော့ Unknown ပေါ့။ Mobile Music Application မှာ Unknown Artist, Unknown Album ဆိုပြီး တွေ့ဖူးတယ်ဆိုတော့လဲ အဲ့အတိုင်းပဲ ထည့်တော့တာပဲ။ အဲ့ဒါနဲ့ Artist Name တွေ Album Name တွေ Song Name တွေကို Database ထဲ ထည့်တဲ့ပြဿနာက ပြီးသွားပါလေရော။ နောက်တက်တဲ့ ပြဿနာက ပုံပြဿနာပဲ။ ပုံတွေကျတော့ မပါဘူးဖြစ်ရော။ အဲ့ဒါနဲ့ ပုံအတွက် စဉ်းစားရပြန်ရော။ ပုံကို ကျွန်တော်တို့က Upload လုပ်ပြီး Path ကို Database ထဲ သိမ်းတာ။ အဲ့နည်းလမ်းနဲ့ အဆင်မပြေဘူး။ Google အားကိုးရပြန်ရော။ နောက်ဆုံး Music Tag ထဲမှာပါတဲ့ပုံကို Server ပေါ် Upload မတင်ဘဲ Database ထဲသိမ်းလိုက်မှ အဆင်ပြေသွားတယ်။ အဲ့မှာတွေ အဆင်ပြေသွားတော့ နောက်ထပ်ဖြစ်တာကတော့ Bitrate ပါပဲ။ Bitrate မှာ တော်တော်လေးကို အခက်အခဲ ဖြစ်တယ်။ သီချင်းကို စိတ်ကြိုက် Quality နဲ့ နားထောင်လို့ရအောင် Youtube လိုပုံစံမျိုး လုပ်ချင်တော့ Quality Bitrate အတွက် ထပ်ရှာရပြန်ရော။ ရှာရင်းနဲ့ Ffmpeg ဆိုတဲ့ Software လေးတစ်ခု ရှာတွေ့တယ်။ သုံးရတာ အဆင်ပြေတယ်။ MP3 Quality ကို တိုးတာ လျှော့တာ လုပ်ပေးတယ်။ တခြား အခက်အခဲတွေလည်း အများကြီး ကြုံခဲ့ရတယ်။

Voice : လူငယ်တွေ ပြည်တွင်းမှာ နည်းပညာ တီထွင်မှုတွေ၊ လေ့လာမှုတွေ လုပ်နေနိုင်ဖို့ ဘယ်လို အထောက်အပံ့တွေ လိုအပ်ဦးမလဲ။
ATYW : လူငယ်တွေ နည်းပညာတီထွင်မှုတွေ၊ လေ့လာမှုတွေ လုပ်ဖို့ကတော့ ကျွန်တော် မပြောတတ်ဘူးဗျ။ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာနေတုန်းပဲလေ။                                    
မောင်မန်း