News

POST TYPE

IT

ကမ္ဘာကျော် သိပ္ပံပညာရှင်များ - ရော်နယ် ဖစ်ရှာ Ronald Fisher (1890-1926)
05-Jan-2018

ကမ္ဘာကျော် သိပ္ပံပညာရှင်များ

ရော်နယ် ဖစ်ရှာ 
Ronald Fisher (1890-1926)

ရော်နယ်ဖစ်ရှာအကြောင်း သိပ္ပံလောကတွင် သိသူနည်းကြသော်လည်း ၂၀ ရာစုတွင် အကြီးကျယ်ဆုံး သိပ္ပံပညာရှင်ကြီးတစ်ဦးအဖြစ် ထင်ရှားသူဖြစ်သည်။ သူ့ကို ပညာရှင်များက အသိအမှတ်ပြုရခြင်းမှာ Population Genetics ဆိုသည့် သဘောတရားကို စတင် တည်ဆောက်ပြနိုင်ခဲ့သောကြောင့် ဖြစ်သည်။

သူရေးခဲ့သည့် Statistical Methods for Research Workers ဆိုသော စာအုပ်သည် quantitative biology ပညာရပ်အတွက် အရေးအပါဆုံး စာအုပ်တစ်အုပ်လည်း ဖြစ်သည်။ သူ့ကို ချားလ်စ်ဒါဝင်ပြီးလျှင် အကြီးမြတ်ဆုံး ဇီဝဗေဒပညာရှင်ကြီး တစ်ဦးဖြစ်ကြောင်း ရစ်ချတ်ဒေါ်ကင်က ချီးကျူးထားသည်။

အစောပိုင်းကာလ

ဖစ်ရှာကို လန်ဒန်ရှိ ချမ်းသာသော မိသားစုက မွေးဖွားခဲ့သည်။ ၁၈၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် အမြွှသားနှစ်ယောက်မွေးသည့်အနက် ဒုတိယမြောက် ဖြစ်သည်။ သူ့ဖခင် ဂျော့ဖစ်ရှာသည် ပန်းချီကားများ ရောင်းချရာတွင် ထင်ရှားသူတစ်ဦးဖြစ်သည်။ ထင်ရှားသည့် ပန်းချီကားများကို လေလံပစ်သည့် ကုမ္ပဏီကြီးတစ်ခုကို ထူထောင်ထားပြီး ချမ်းသာကြွယ်ဝသူဖြစ်သည်။

သားဖြစ်သူ ရော်နယ်ကို ကျောင်းကောင်းကောင်း ထားပေးသည်။ ပုဂ္ဂလိကကျောင်းကို တက်ခဲ့ရသော်လည်း မိခင်ဖြစ်သူက သူ့အသက် ၁၄ နှစ်တွင် ဆုံးပါးသွားချိန်၌ ဘဝအလှည့်အပြောင်း ဖြစ်သွားသည်။ သူ့အသက် ၁၅ နှစ်တွင် ဖခင်အလုပ်ကလည်း ဒေဝါလီခံသွားရပြီး နန်းတော်တမျှ ကြီးမားသည့် အိမ်ကြီးကိုစွန့်ကာ၊ ဆင်းရဲသား ရပ်ကွက်လေးတစ်ခုထဲတွင် သွားနေခဲ့ရသည်။ 

Harrow ကျောင်းတွင် ဆက်တက်ခွင့်ရသော်လည်း သူ့ဖခင်က ထောက်ပံ့ခြင်းကြောင့်မဟုတ်ဘဲ၊ အလွန်တော်သောကြောင့် ပညာသင်ဆုရကာ ဆက်တက်နိုင်ခြင်းဖြစ်သည်။ 

ဆင်းရဲသွားသည့်အပြင် မျက်လုံးကလည်း အမြင်မကောင်း။ အလင်းထဲတွင် စာဖတ်မရ။ အမြင်မကောင်းသောကြောင့် စာတွေ့ထက် လက်တွေ့ဆင်ခြင်သုံးသပ်ပြီး တင်ပြခဲ့ရသည့် ကိစ္စတွေကများသည်။

လုပ်ဆောင်ချက်များ

ဇီဝဗေဒပညာရပ်ကို အထူးစိတ်ဝင်စားခဲ့သူ ဖြစ်သည်။ ဇီဝဗေဒဆိုင်ရာ (Biological structures) များနှင့် လေ့လာရခြင်းကို သူကမနှစ်သက်။ ထို့ကြောင့် သင်္ချာကို ကူးပြောင်းလေ့လာရန် ဆုံးဖြတ်ခဲ့သည်။ သူက သင်္ချာပညာရပ်ကလည်း ဇီဝဗေဒပညာကို များစွာ အထောက်အကူပြုနိုင်လိမ့်မည်ဟု ယူဆထားသူဖြစ်သည်။

၁၉၀၉ ခုနှစ် အသက် ၁၉ နှစ်အရွယ်တွင် ကင်းဘရစ်ခ်ျတက္ကသိုလ်သို့ တက်ရောက်ခွင့်အတွက် ပညာသင်ဆု ထပ်ရပြန်သည်။ သုံးနှစ်အကြာ ပညာသင်ယူပြီးနောက် သင်္ချာပညာကို ပထမတန်းစား ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ရသည်။ 

သူသည် သင်္ချာတော်သော်လည်း သူ့အနာဂတ်က သင်္ချာနှင့် မအောင်မြင်နိုင်ကြောင်း သူ့ဆရာများက သုံးသပ်ခဲ့ကြသည်။ သင်္ချာဆိုသည်မှာ ပုံသေနည်းဖြင့် လုပ်ဆောင်ရသောကြောင့် သူ့စိတ်နှင့် မကိုက်ညီဟု သူတို့က ယူဆနေကြသည်။ 

ကျောင်းပြီးသည့်အခါတွင် ဖစ်ရှာသည် ကင်းဘရစ်ခ်ျတွင် ဘွဲ့လွန်ကို ရူပဗေဒပညာရပ်များ ဆက်လေ့လာကာ တက်ရောက်ပြန်သည်။ 

ဖစ်ရှာသည် ကျောင်းပြန်တက်နေစဉ်အတွင်း Eugenics ဆိုသည့် ဉာဏ်ရည်မဖွံ့ဖြိုးသေး ကလေးသူငယ်များအား မည်သို့လေ့ကျင့်ပေးရမည်ဆိုသော ပညာရပ်များကို အထူးလေ့လာခဲ့သည်။ 

သူသည် လူမှုရေးအရ ဖွံ့ဖြိုးတိုးတက်နေသည့် လူမျိုးစုများအကြောင်းကို လေ့လာသည်။ ထိုသူများသည် Positive Eugenics ရှိကြပြီး သားသမီး အယူများသည်ဟု ဆိုသည်။ လူမှုရေးအားနည်းသည့်သူများတွင် ကလေးမရစေရန် အားထုတ်မှုများကြောင်းလည်း ထုတ်ဖော်ခဲ့သည်။ 

သူ့ဘဝတစ်လျှောက်လုံးတွင် ပညာရပ်ဆိုင်ရာ စာအုပ် ၇ အုပ်နှင့်၊ စာတမ်း ၄၀၀ ခန့် ရေးသားဖော်ထုတ်ခဲ့သည်။ 

နောက်ဆုံးကာလ

ဖစ်ရှာသည် ရုသ်ဂင်းနက်စ်ဆိုသူနှင့် လက်ထပ်ခဲ့သည်။ သူတို့တွင် သမီး ၇ ယောက်၊ သားနှစ်ယောက် ထွန်းကားသည်။ သူသည် စိတ်အလွန်တိုတတ်သူဖြစ်ပြီး သူနှင့် သဘောမတွေ့သူများကို ငြင်းခုံတတ်သည်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၂၉ ရက် အသက် ၇၂ နှစ်အရွယ်တွင် ကွယ်လွန်သည်။