News

POST TYPE

IT

Barcamp Maubin ပွဲဖြစ်မြောက်ရေး စီစဉ်သူများနှင့် တွေ့ဆုံခြင်း
02-Jan-2018 tagged as

အသိပညာနှီးနှောဖလှယ်ပွဲ Barcamp ပွဲများကို ပြည်တွင်း တက္ကသိုလ်များရှိသည့် မြို့ကြီးများတွင် လူငယ်များ ဦးဆောင် ကျင်းပခဲ့ကြပြီး အသိပညာများ မျှဝေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ခြင်း၊ ပညာရပ်ဆိုင်ရာများ ဆွေးနွေးဟောပြောခြင်း၊ တီထွင်ဖန်တီးမှုများကို ပြသနိုင်ခြင်း စသည့် အခွင့်အလမ်းများကို ရရှိနေကြသည်။ ဧရာဝတီ တိုင်းဒေသကြီး မအူပင်မြို့မှ ကျောင်းသား လူငယ်များကလည်း Barcamp Maubin ပွဲကို မအူပင်မြို့အနေနှင့် ပထမဆုံး ကျင်းပနိုင်ရန် ကြိုးပမ်းနေကြသည်။ ကွန်ပျူတာ တက္ကသိုလ်(မအူပင်)၊ နည်းပညာ တက္ကသိုလ်(မအူပင်) နှင့် မအူပင် တက္ကသိုလ်တို့မှ ကျောင်းသားလူငယ်များ ပူးပေါင်းပြီး Barcamp Maubin ကျင်းပနိုင်ရန် ပြင်ဆင်ခြင်းနှင့် Barcamp Maubin ပွဲတွင် ထည့်သွင်း ကျင်းပသွားမည့် အစီအစဉ်များ၊ အခက်အခဲများကို ပွဲဖြစ်မြောက်ရေး ဆောင်ရွက်နေသည့် လူငယ်များနှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည် ဖော်ပြအပ်ပါသည်။

Voice : ပထမဆုံး ညီလေးတို့အနေနဲ့ မအူပင်မြို့ရဲ့ ပထမဆုံး Barcamp ပွဲ ကျင်းပမယ့်ရက်ကို ပြောပြပေးပါဦး။
B M : ၂၀၁၈ ဇန်နဝါရီလ ၂၅ ရက်နဲ့ ၂၆ ရက် နှစ်ရက် ကျင်းပသွားမှာ ဖြစ်ပါတယ်။ နေရာကတော့ မအူပင်တက္ကသိုလ်မှာ ဖြစ်ပါတယ်။

Voice : မအူပင်မြို့က ရန်ကုန်နဲ့လည်း မဝေးဘူး။ ကွန်ပျူတာ တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်နဲ့ တက္ကသိုလ်တွေ၊ စက်မှု အထက်တန်းကျောင်းတွေလည်း ရှိတယ်။ ဒါပေမဲ့ ဒီလို အသိပညာ နှီးနှောဖလှယ်ပွဲတွေကတော့ နည်းနေတဲ့ သဘောများဖြစ်နေလား။
B M : ဟုတ်တယ်ဗျ။ ဒါမျိုးပွဲတွေက တော်တော်လေး နည်းတယ်။

Voice : ခုကျင်းပမယ့် Barcamp ပွဲကို တက္ကသိုလ် ၃ ခုပေါင်းပြီး ကျင်းပတယ်လို့ သိရတယ်။ ဘယ်လို အကြောင်းအရာတွေကို အဓိကထားပြီး ဆွေးနွေး မျှဝေသွားဖို့ စီစဉ်ပေးထားလဲ။ Speaker တွေအနေနဲ့ ဆိုရင်ရော ဘယ်လိုပညာရှင်တွေ ဖိတ်ထားသလဲ။
B M : Barcamp ဆိုတဲ့အတွက် မည်သူမဆို မိမိ ဆွေးနွေးမျှဝေချင်တာရှိရင် လွတ်လပ်စွာမှာ အခန်း နေရာယူပြီး ဆွေးနွေးလို့ရအောင် စီစဉ်ထားပါတယ်ခင်ဗျ။ ကဏ္ဍစုံ အဓိကက လူငယ်တွေ သူတို့ မျှဝေချင် ဆွေးနွေးချင်တာတွေကို လွတ်လွတ်လပ်လပ် တရင်းတနှီး ဆွေးနွေးမျှဝေသွားနိုင်ဖို့ စီစဉ်ပေးထားတယ်။    Speaker တွေအနေနဲ့ကတော့ Literature, Engineering, ICT, Leadership, Management, Environment, Charity, Political ပိုင်းက ပညာရှင်တွေ။ ပြီးတော့ အခြေခံပညာက ဆရာ ဆရာမ တွေအတွက် Blended Learning ဆိုတဲ့ ခေါင်းစဉ်နဲ့ ပညာရှင်မျိုးတွေ ဖိတ်ကြားထားပါတယ်ခင်ဗျ။

Voice : ပွဲအစီအစဉ်ကရော။ တခြားမြို့တွေမှာတော့ နည်းပညာ ထုတ်ကုန်ပြပွဲတွေပါ တွဲပြီးပြသတဲ့ဟာမျိုး ရှိတဲ့အခါကျတော့ ဒီပွဲမှာရော ဒီလို နည်းပညာထုတ်ကုန်ပြပွဲပါ တွဲပြီးလုပ်သွားဖို့ရှိသလား။ တခြားအစီအစဉ်တွေရော ဘာတွေ စီစဉ်ထားသလဲ။
B M : နည်းပညာ ထုတ်ကုန်ပြပွဲတွေ ထည့်သွင်းကျင်းပသွားမှာပါ။ အဲ့ဒီအပြင် မအူပင်မြို့က လူငယ်တွေရဲ့ Handmade Show တွေပါ တွဲလုပ်သွားမှာပါ။ စကားရည်လုပွဲလေးတွေလဲ ထည့်သွင်းပြုလုပ်သွားဖို့ ရှိပါတယ်။

Voice : Barcamp ဆိုတဲ့ စကားလုံးက မအူပင်မြို့အနေနဲ့ဆိုရင် နည်းနည်းတော့ စိမ်းနေတဲ့သဘောမျိုး ဖြစ်နေတာပေါ့။ အဲ့ဒီအခါကျတော့ ပွဲကျင်းပဖို့ စီစဉ်တဲ့အခါမျိုးမှာ ဘယ်လို အခက်အခဲတွေရှိသလဲ။
B M : တော်တော်လေး ရှင်းပြရတယ်ခင်ဗျ။ Campaign ပုံစံမျိုးလေးတွေ လုပ်ပြီးလည်း ရှင်းပြရတယ်။ အခက်အခဲကတော့ ဘားကမ့်နဲ့ စိမ်းကြတော့ ရန်ပုံငွေ ရှာတဲ့ပုံစံမျိုး Network ချိတ်တဲ့အခါမျိုးတွေမှာ အခက်အခဲလေးတွေ ကြုံခဲ့ရတယ်။

ရှေ့အပတ်ထဲမှာလည်း ဘားကမ့် Wave ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ မြို့ထဲမှာ Theme Song တွေ ဆိုကြမယ်။ ဘားကမ့်အကြောင်းလည်း ရှင်းပြကြဖို့ စီစဉ်ထားတယ်ခင်ဗျ။

Voice : ပွဲစီစဉ်ဖို့အတွက် ငွေရေး ကြေးရေးကလည်း လိုအပ်ချက်တစ်ခုပဲလေ။ အဲ့ဒီအတွက် ဘယ်လိုမျိုးတွေ အခက်အခဲ ရှိသလဲ။ မြို့ခံစီးပွားရေး လုပ်ငန်းရှင်တွေဘက်ကလည်း အကူအညီ ပေးတယ်လို့တော့ သိရပါတယ်။ အဲ့ဒီအခက်အခဲလေးတွေ နည်းနည်း ပြောပြပေးပါဦး။
B M : အခက်အခဲကတော့ Official Sponsor မရှိသေးတာပါပဲ။ ပွဲစီစဉ်တဲ့ရက်ကလည်း အရမ်းကပ်သွားတော့ ခုထိတော့ အဆင်မပြေသေးဘူး။ မြို့ခံစီးပွားရေး လုပ်ငန်းရှင်တွေဘက်က အကူအညီတွေ ရပါတယ်။

Voice : မအူပင်မြို့မှာ ပထမဆုံး ကျင်းပရတဲ့ပွဲ ဖြစ်တဲ့အခါကျတော့ ဒီ Barcamp ဆိုတာဘာလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောပြရ၊ စည်းရုံးရတာတွေတော့ ရှိတာပေါ့။ အဲ့ဒါတွေကို ဘယ်လိုလုပ်ခဲ့သလဲ။
B M : Campaign တွေလုပ်ခဲ့တယ်၊ Documentary ရိုက်တာတွေ လုပ်ခဲ့တယ်။ နောက်အပတ်ထဲမှာလည်း Barcamp Wave ဆိုတဲ့ခေါင်းစဉ်နဲ့ မြို့ထဲမှာ သီချင်းတွေဆိုပြီး Pamphlet ဝေတာမျိုး ပွဲအကြောင်း ရှင်းပြတာမျိုး လုပ်သွားမယ်ခင်ဗျ။

Voice : နှစ်စဉ်ကျင်းပသွားဖို့ရော ရည်ရွယ်ထားသလား။ ဒီအတွက် ဘယ်လို စဉ်းစားထားလဲ။
B M : ရည်ရွယ်ထားပါတယ်ခင်ဗျ ။ ဒီနှစ် အောင် အောင်မြင်မြင် ကျင်းပနိုင်ခဲ့ရင် နောက်နှစ်မှာ အခက်အခဲတွေ အဆင်ပြေသွားမယ်လို့လည်း ယုံကြည်ပါတယ်။

Voice : နယ်ကျောင်းတွေက ကျောင်းသားတွေ အနေနဲ့ဆိုရင် ဒီလိုမျိုး အသိပညာ နှီးနှောဖလှယ်ပွဲတွေက တော်တော်လေး ဝေးတဲ့အနေအထားမှာ ရှိမယ်ထင်တယ်။ ဒီလို အသိပညာပေး ဟောပြောပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေ များများဖြစ်လာဖို့ဆိုရင် ဘယ်လိုတွေ လုပ်ဆောင်ဖို့လိုမလဲ။
B M : လူငယ်တွေ ရင်းနှီးစည်းလုံးကြဖို့လိုမယ်။ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့လိုမယ်ခင်ဗျ။

Voice : ဒီပွဲကနေပြီးတော့ မအူပင်မြို့က ကျောင်းသူ ကျောင်းသားတွေ၊ မြို့ခံလူထုတွေအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရသွားမယ်လို့ မျှော်မှန်းထားသလဲ။
B M : ကျောင်းသား ကျောင်းသူတွေ ရင်းနှီးနွေးထွေးလာစေမယ်။ လူငယ်တွေ စည်းလုံးလာကြမယ်။ ပူးပေါင်း ဆောင်ရွက်တတ်လာမယ်။ အသိအမြင်တွေ ပွင့်လင်းလာပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ အနာဂတ် စိန်ခေါ်မှုတွေအတွက် ကြိုတင်ပြင်ဆင်လာနိုင်မယ် ခင်ဗျ။ မအူပင်မြို့က ကွဲပြားနေတဲ့ အရာတွေ ကို တစုတစည်းတည်း ဖြစ်သွားစေဖို့ မျှော်မှန်းထား ပါတယ်ခင်ဗျ။

Voice : ဒီအင်တာဗျူးရဲ့ နောက်ဆုံးအနေနဲ့ပေါ့။ Barcamp ဆိုတာနဲ့ပတ်သက်ပြီး ပွဲဖြစ်မြောက်ရေး စီစဉ်သူတွေအနေနဲ့ ဘာပြောဖို့ရှိမလဲ။
B M : ဒီပွဲလေးကို အားလုံး ပူးပေါင်း ပါဝင်ပံ့ပိုးပေးကြဖို့ ပြောပါရစေ။

မောင်မန်း

  • TAGS